Tuesday, September 05, 2017

လပေါင်း သုံးဆယ်၊ ရက်ပေါင်း ကိုးရာ၊ မေတ္တာက အနန္တ ...


***
လစဉ် ၅ ရက်နေ့ကလေးသို့ ရောက်တိုင်း အမှတ်တရ ရက်ကလေးရောက်ပြန်ပြီဟု ပီတိဖြစ်ရသည်။ တရက်ပြီး တရက်၊ တလပြီးတလ၊ တနှစ်ပြီး တနှစ် တိုးလာတိုင်း တစတစ မြဲမြံခိုင်မာစွာ ချည်နှောင်နေမိသည့် သံယောဇဉ်တွေအတွက် ကျေနပ်ရပြန်သည်။ နားလည်မှု၊ ယုံကြည်မှုတို့ဖြင့်သာ တည်ဆောက်ခဲ့ကြသည့် ဘဝနှစ်ခုအတွက် တခြားဘာတွေကမှ အရေးမကြီးတော့။
.
ဒီကနေ့က တော်သလင်းလပြည့်နေ့ ... ။ ...
လပြည့်နေ့လေးတွေသည် သူတို့နှစ်ဦးအတွက် အရေးပါသည့် နေ့လေးတွေ ဖြစ်ခဲ့သည်။ နှစ်ယောက်အတူ ပေါင်းစည်းခွင့် မရခင်ကပင် လပြည့်နေ့လေးတွေ၏ လရောင်အောက်မှာ ကိုယ်စီ မေတ္တာတရားတွေကို ဖွင့်ဟခဲ့ကြသည်၊ လမင်းကြီးကို တိုင်တည်၍ သစ္စာတည်ခဲ့ကြသည်။ တယောက်တနေရာ အဝေးမှာပင် ကောင်းကင်ယံထက်က လမင်းကို မျှော်ကြည့်ရင်း အကြည့်ချင်း လမင်းဆီမှာ ဆုံစည်းခဲ့ကြသည်။
မင်္ဂလာဆွမ်းကျွေးသည့် နေ့ကလည်း တပေါင်းလပြည့်နေ့ ... ။
.
လပြည့်နေ့လေးတွေကို တန်ဖိုးထားကြသူမို့ ဒီကနေ့ ၅ ရက်နေ့က လပြည့်နေ့နှင့် တိုက်ဆိုင်သည်ကို ကြည်နူးမိသည်။ တော်သလင်း လပြည့်သည် ဂရုဓမ္မနေ့၊ နောက်လာမည့် အောက်တိုဘာ ၅ ရက်နေ့ကလည်း သီတင်းကျွတ်လပြည့်နေ့။ တိုက်ဆိုင်ခဲလှစွာ တိုက်ဆိုင်ခဲ့သည်ပင်။
.

သူတို့ အတူ ပေါင်းစည်းကြရသည့် အချိန်ကာလက ရှည်ကြာခြင်း မရှိသေးသော်လည်း ယုံကြည်မှု၊ နားလည်မှု၊ မေတ္တာတရား တို့ဖြင့် ခိုင်မာစွာ တည်ဆောက်ကြခဲ့သည်မို့ ဘယ်တော့မှ ဘာအကြောင်းကြောင့်နှင့်မှ ယိုင်လဲမသွားစေရ ဟု နှစ်ဦးသား သဘောတူစွာ ခံယူထားခဲ့ကြသည်။ တဦးလိုအပ်ချက် တဦးက ဖြည့်တင်းရင်း၊ တဦးအားနည်းချက် တဦးက ဖေးမရင်း၊ ခြေလှမ်းလေးတွေ တလှမ်းပြီးတလှမ်း လျှောက်လှမ်းနေကြရသည်။ လှမ်းခဲ့ပြီးသော ခြေလှမ်းလေးတွေကို လည်ပြန် လှည့်ကြည့်ပြီး ကြည်နူးကြရသလို လာလတ္တံ့သော ခြေလှမ်းပေါင်း များစွာ အတွက်လည်း ကြိုတင် စိတ်ကူးယဉ်မိကြသေးသည်။
.
လျှောက်ခဲ့ပြီးသော ခြေလှမ်းများစွာထဲမှာ တခါတရံ ကြုံတွေ့ရတတ်သည့် ခလုတ်ကသင်းလေးတွေကိုတော့ သူတို့ မေ့ထားလိုက်ကြရုံသာ ... ။
***
မေဓာဝီ
၂ နှစ် ၆ လ ပြည့် မင်္ဂလာ အမှတ်တရ ...
၅၊ စက်တင်ဘာ၊ ၂၀၁၇
၁၈း၂၀ နာရီ

No comments: