Saturday, December 24, 2016

မောင်ကြီးသို့ ပေးစာ (၃)

ဈေးသွားတဲ့နေ့ ...
***
မောင်ကြီးရေ …

ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက် ခရစ်စမတ် အကြိုနေ့မို့ ရှင်မတို့ကျောင်းက စနေ တနင်္ဂနွေ သင်တန်းတွေ ပိတ်တာနဲ့ ခါတိုင်းလို အိပ်ရာ စောစောမထဘဲ ခြောက်နာရီ ခွဲလောက်မှ ထဖြစ်တယ်။ မျက်နှာသစ် အဝတ်လဲပြီး တပတ်စာ ဈေးဝယ်ဖို့ အိမ်နားက ဈေးကလေးဆီ လမ်းလျှောက်ထွက်ခဲ့လေရဲ့။ မနက်ခင်း ကောင်းကင်က တိမ်တဆုပ် တအုပ်နဲ့မို့ နေမပူဘူး၊ အေးလည်း မအေးဘူး။ သာသာယာယာနဲ့ နေလို့ကောင်းရုံကလေး… ။
.
အိမ်ရှေ့ကနေ တဘက်လမ်းကို ကူးမယ်ဆိုတော့ လူကူးမျဉ်းကြားမှာ ရှင်မနဲ့ အတူဈေးလိုက်တဲ့ တူမလေးရယ်၊ ဦးလေးကြီး တယောက်ရယ် ကားအရှင်းကို စောင့်နေကြတာပေါ့။ အိမ်ရှေ့က လမ်းမကြီးကလည်း မနက်စောစောတောင် ကားအသွားအလာ မပြတ်ဘူး မောင်ကြီးရဲ့။
.
ရှင်မတို့လည်း လမ်းကူးဖို့ စောင့်နေရင်းနဲ့ ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် မောင်းလာရာက တစီးက လူကူးမျဉ်းကြား တည့်တည့်မှာ ကျွိခနဲ ရပ်လိုက်တယ်။ ဘာလို့ပါလိမ့်လို့ လှမ်းကြည့်တော့ ခုနက ဦးလေးကြီးက လမ်းကူးသွားတာ လမ်းလယ် ပလက်ဖောင်းတုံးဆီ ရောက်နေပြီ။ အဲဒီကားပေါ်ကလူက လမ်းဖြတ်ကူးတဲ့ ဦးလေးကြီးကို တခုခုလှမ်းပြောတာ။ သူ့ကားလာနေတာကို လမ်းဖြတ်ကူးရသလား ... ပေါ့။ သြော် ... ဖြစ်မှ ဖြစ်ရလေ ... လူကူးမျဉ်းကြားမှာ ကားက အရှိန်လျှော့ရ ရပ်ပေးရမှာကို သူကပဲ လှမ်းပြောရတယ်လို့။ ရှင်မလည်း အမြင်ကပ်လို့ လှမ်းပြောလိုက်သေးတယ်၊ ကြားကြား မကြားကြားပေါ့။ “ဒါ လူကူးမျဉ်းကြားလေ” ... လို့။
.
ဟုတ်တယ်လေ မောင်ကြီးရယ် ... ။ ရှင်မတို့ မြန်မာပြည်သားတွေရဲ့ ဘဝက လူကူးမျဉ်းကြားမှာတောင် သေပြေးရှင်ပြေးကူးလို ကူးရ၊ ကားအရှင်းကို တမေ့တမော ရပ်စောင့်လို စောင့်ရနဲ့ ... ။ ကားပေါ်က လူတွေဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို နားမလည်တာလား တမင်လုပ်နေကြတာလား ... လို့ စိတ်ပျက်လက်ပျက် တွေးမိတယ်။
.
ဦးလေးကြီးကတော့ သူမှန်တာမို့ ဘာမှခွန်းတုံ့မပြန်ဘဲ ပုံမှန်ပဲ လမ်းကူးသွားတယ်၊ ရှင်မလည်း ကမန်းကတန်း တဘက်လမ်းကူးပြီး ဈေးကို ဆက်သွားတာပေါ့။ ဟင် ... ရှင်မ ပလက်ဖောင်းပေါ်က လျှောက်ရဲ့လား ... ဟုတ်လား ... မောင်ကြီးကတော့ လုပ်ပြီ၊ လူသွား ပလက်ဖောင်းဆိုတာ လူတွေလျှောက်ဖို့ လုပ်ပေးထားတာမှ မဟုတ်ဘဲ မောင်ကြီးရဲ့။ လမ်းကူးလိုက်တာနဲ့ ပလက်ဖောင်းပေါ်မှာ ဘတ်စ်ကားမှတ်တိုင်၊ နံစော်ေ်နတဲ့ စည်ပင်အမှိုက်ပုံး၊ ဂျာနယ်သည်၊ အသုပ်သည်၊ အဲဒါတွေလွန်သွားရင်လည်း မညီမညာတဲ့ ပလက်ဖောင်းတွေက အိမ်တွေနဲ့ ကပ်နေတာကြောင့် ဈေးသွားတိုင်း ကားလမ်းပေါ်ကပဲ ဆင်းလျှောက်ရတာလေ။
.
ရန်ကုန်မြို့က ပလက်ဖောင်းတွေ အကြောင်း မောင်ကြီးလည်း အသိသားနဲ့။ လမ်းလျှောက်လို့မရတဲ့ ပလက်ဖောင်းတွေရဲ့ ဘေးမှာလည်း ညအိပ်ညနေ ရပ်ထားတဲ့ ကားတွေကရှိတော့ ကားလမ်းမပေါ်ကပဲ ဆင်းလျှောက်ရတာ ထုံးစံဖြစ်နေပါပြီ။ မျက်နှာချင်းဆိုင်က ကားကြီးတွေ ဝီးခနဲ ဖြတ်သွားမှ ကမန်းကတန်း ဘေးကိုယို့ပြီး ရှောင်ရတယ်။ လမ်းပေါ်မှာ ဆင်းလျှောက် သွားပြန်တော့ ကွမ်းတံတွေးကစပြီး ခွေးတွေရဲ့ အညစ်အကြေး အဆုံး မနက်ခင်းရဲ့ ရှုချင့်စဖွယ် မြင်ကွင်းအဖြစ် မြင်ရတာပါပဲ မောင်ကြီးရယ်။ ဘေးဘီဝဲယာ မကြည့်အားဘူး၊ ရှေ့ကြည့် အောက်ကြည့်နဲ့ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်နေရတာပ။
.
ဒီလိုနဲ့ ဈေးရောက်ရော ... ။ ဒီနေ့ ဈေးထဲမှာ ဈေးသည်တွေ အတော်ပါးနေတာ။ ဝယ်နေကျ ငါးသည်မထွက်လို့ တခြားဆိုင်မှာ ဝယ်ရတယ်။ တခြားဆိုင် ဆိုပေမဲ့ အဲဒီဆိုင်က အမေတို့ အဖေတို့ ဝယ်နေကျဆိုင်ပါပဲ။ ရှင်မလည်း ငါးတွေ ပုစွန်တွေဝယ်ပြီး ပိုက်ဆံပေးတော့ ဆိုင်ခုံပေါ်က ငါးသည် အဒေါ်ကြီးက မယူဘူး သိလား၊ ငါးခုတ်ပေးတဲ့ ဦးလေးကြီးကိုပဲ ပေးခိုင်းတယ်။ တခုခုဆို ဦးလေးကြီးကို မေးငေါ့ငေါ့ ပြနေတော့ ဘယ်လိုပါလိမ့်ပေါ့။
.
“အိမ်မှာနေရတာ ပျင်းလို့ ဈေးထဲလိုက်လာတာ၊ အစ်မက အလုပ်မလုပ်တော့ဘူးလေ ...”
လက်ဘက်ရည်ခွက်ထဲကို မုန့်တွေဗျစ်ခနဲ နှစ်ရင်း သူက ပြောတယ် သိလား။ လက်ကို ပြန်အပင့်မှာ ရွှေလက်ကောက်ကြီးတွေက ချွင်ခနဲ။ ရှင်မလည်း အလိုက်အထိုက် “သြော် .. ဟုတ်ကဲ့” ပေါ့။
“စင်္ကာပူက သားက ဖုန်းဆက်ရင် မေးတာ၊ အမေ ဘယ်မှာလဲ၊ ဘာလုပ်နေလဲ ... ဆိုပြီးလေ၊ ကိုယ့်မှာ ညာရတယ်၊ အမေ အိမ်မှာပါ သားရယ် ...လို့ ... ဟင်းဟင်း”
ရှင်မလည်း သူ့လိုပဲ ဟင်းဟင်း လို့လိုက်ရယ်ရင်း ဆွဲခြင်းလေးမပြီး အမြန်လစ်ရတယ် မောင်ကြီးရေ ... ။
.
နောက် ဝယ်နေကျ အပျိုကြီးညီအစ်မ ရောင်းတဲ့ ဟင်းရွက်ဆိုင်ကလည်း ပိတ်ထားတာနဲ့ စနေသား အဘရဲ့ ဟင်းရွက်ဆိုင်မှာ သွားဝယ်ရတယ်။ အဲဒီအဘကတော့ အာဝဇ္ဇန်းကောင်းကောင်းနဲ့ ဖော်ဖော်ရွေရွေပါပဲ။ သူ့ဆိုင်က ပစ္စည်းလည်းစုံတယ်။
“လာနော် စနေနေ့မှာ စနေသားလေးရောင်းတဲ့ ဆိုင်က လာဝယ်ကြ၊ လတ်တယ် စုံတယ် ... အသက် ဆယ်နှစ်သားကတည်းက ဒီမှာ ရောင်းလာတာ”
“ဟင် ... အဘက ဆယ်နှစ်သားကတည်းက ဒီဈေးမှာ ရောင်းတာလား”
“ဟုတ်ပါ့ တူမကြီးရေ ... ဈေးရောင်းသက် အနှစ် ၅၀ ကျော်သွားပြီ၊ အခု အဘအသက် ၆၈ နှစ်၊ 74 မှာ ဘွဲ့ရတယ်”
.
ရှင်မ တအံ့တသြ သူ့ကိုကြည့်မိတယ်။ ရှင်မ ငယ်ငယ်ကတည်းက ဒီဈေးကို အမေနဲ့လိုက်ပြီး ဝယ်နေကျ။ အဲဒီအဘကိုလည်း မှတ်မိပါတယ်။ သူ ဘွဲ့ရပြီးသားဆိုတာကတော့ အခုမှ သိတော့တယ်။ သူက ဆက်ပြောသေးတယ်။
“အဘငယ်ငယ်က ဈေးရောင်းလိုက် ကျောင်းပြေးတက်လိုက် လုပ်ရတာလေ။ တက္ကသိုလ်တက်တော့လည်း ဈေးရောင်းရင်း တက်ခဲ့တာပဲ။ ဘွဲ့ရတော့ ဝန်ထမ်းဝင်လုပ်လိုက်သေးတယ်၊ ပိုက်ဆံမရလို့ အလုပ်ကထွက်ပြီး ဈေးပြန်ရောင်းတာ”
.
“အဘက တော်လိုက်တာ”
ရှင်မ ဘာပြောရမှန်းမသိတော့ဘူး မောင်ကြီးရေ ... ။ အသားညိုညို ဂင်တိုတိုနဲ့ စွပ်ကျယ်လက်ပြတ်၊ ချည်ပုဆိုးခပ်တိုတို ဝတ်ပြီး ဈေးခေါ်ကောင်းတဲ့ အဘဟာ ရှင်မအသက် ၃ နှစ်သမီး အရွယ်ကတည်းက ဘွဲ့ရပြီးသား ... တဲ့လေ။
.
ဘွဲ့ရ ကွမ်းယာသည်၊ ဘွဲ့ရ ဆိုက်ကားဆရာ၊ ဘွဲ့ရ အကြော်သည်၊ ဘွဲ့ရ အသုတ်သည် ... စသဖြင့် ရှိတာ ရှင်မလည်း သိပါတယ်။ ဒါက ဒီဘက်ခေတ်မှလို့ ထင်ခဲ့တာ။ ခု ဒီအဘကတော့ အရင်ခေတ်ကတည်းက ဘွဲ့ရပညာတတ် တယောက် ... ဒါပေမဲ့ ကုန်စိမ်းသည်ဘဝနဲ့ ရပ်တည်နေဆဲ။
.
ဈေးကအပြန်လမ်းမှာတော့ ရှင်မအတွေးတွေနဲ့ ရှုပ်ထွေးလို့ပေါ့ မောင်ကြီးရယ်။ လူကူးမျဉ်းကြားမှာ မရပ်တဲ့ကား၊ ပလက်ဖောင်းပေါ်က ဆိုင်ကလေးတွေ၊ လမ်းမပေါ်က ကွမ်းတံတွေးနဲ့ ခွေးချေး၊ ငါးဆိုင်ပေါ်က ငါးမရောင်းတဲ့ ငါးသည်၊ ဘွဲ့ရ ပညာတတ် ကုန်စိမ်းသည် ... စတဲ့ စတဲ့ အကြောင်းအရာတွေ ပြန်တွေးရင်း အိမ်ပြန်လာခဲ့ပါတော့တယ်။
.
သြော် ... ဒါနဲ့ ... နောက်တခါ မောင်ကြီး ရန်ကုန်ရောက်လို့ ဈေးသွားရင် အဲဒီဇာတ်ကောင်လေးတွေ ကြည့်ခဲ့ဖို့ မမေ့နဲ့အုံး ... နော် ... ။
မောင်ကြီးရဲ့
ရှင်မ
မေဓာဝီ
***
၂၄၊ ဒီဇင်ဘာ၊ ၂၀၁၆
၁၇း၁၄ နာရီ

No comments: