Wednesday, September 28, 2016

တရေးနိုး ... ဖိုးလမင်းနဲ့ ကိုပွ

ညက ... မအိပ်ခင် ကော်ဖီနဲ့ ရေနွေးကြမ်း သောက်တာ များသွားပြီး ၂ ချက်ခွဲလောက်မှာ ဆီးသွားချင်လို့ နိုးလာတယ်။ ...အိမ်သာသွားဖို့ မီးဖိုခန်းထဲ ဝင်တော့ ပြတင်းပေါက်က အလင်းရောင်ကြောင့် မီးဖိုးခန်းထဲမှာ လင်းနေတာပဲ။ ဒါနဲ့ အိမ်သာမဝင်ခင် ပြတင်းပေါက်နား အရင်သွားပြီး ကောင်းကင်ကို မော့ကြည့်တော့ လမင်းကြီးသာနေလိုက်တာ ကောင်းကင်တခွင်လုံး လင်းထိန်လို့။ ဖုန်းကလဲ အိပ်ရာထဲမှာ ကျန်ခဲတော့ ဓာတ်ပုံ ရိုက်ချင်ပေမဲ့ မရိုက်လိုက်ရဘူး။ ကိစ္စဝိစ္စပြီးလို့ အိပ်ရာထဲ ပြန်ရောက်တော့ မျက်လုံးက ကျယ်ပြီး မအိပ်ချင်သေးတာနဲ့ ခေါင်းအုံးဘေးက ဖုန်းကလေးယူ ဖေ့စ်ဘွတ်ထဲ ဟိုကြည့် ဒီကြည့် လုပ်နေမိတယ်။ 
.
ထိန်ထိန်သာနေတဲ့ လမင်းကြီးပုံတွေ ရိုက်ပြီး တင်ထားကြတဲ့ မိတ်ဆွေတချို့ရဲ့ ပို့စ်တွေလည်း မြင်တော့ ဓာတ်ပုံမရိုက်ခဲ့မိလေခြင်းလို့ စိတ်ထဲတွေးရင်း ဟိုဟိုဒီဒီဖတ်နေတုန်း ကိုပွရဲ့ ပို့စ်အသစ်ကို တွေ့လိုက်တော့ ဝမ်းသာအားရ ဖတ်ဖြစ်သွားတယ်။ အများသိကြတဲ့အတိုင်း ကိုပွရဲ့ ပို့စ်က ဟာသတွေချည်းမို့ ဖတ်ရင်း ပြုံးစိပြုံးစိ အသံမထွက်ဘဲ ရယ်နေမိတယ်။
 .
ကိုပွအမေ့ခြေရာယူနေတုန်း ဆန်ခံလာတဲ့ သီလရှင် ရောက်လာတဲ့ အခန်းဖတ်နေတဲ့အချိန် ဘေးနားမှာ အိပ်မောကျနေတဲ့ အကိုက ဟိုဘက်ဒီဘက် လှည့်ရင်း နိုးလာတာမို့ ဖုန်းကို အသာပိတ်ပြီး သူ့ဘက် လှည့်လိုက်တယ်။ သူက ကိုယ့်ကိုကြည့်ပြီး ...

" မေ ... ဘာဖြစ်လို့လဲ" လို့ မေးတော့

"ဘာမှ မဖြစ်ပါဘူး ... ဟိဟိ"

ကိုယ်ကလည်း ရယ်ချင်စိတ်က မဖျောက်နိုင်သေးတော့ ဘာမှမဖြစ်ဘူးသာ ပြောရတာ မျက်နှာက ပြုံးစိစိ ပါးစပ်ကလည်း ဟီဟိ လို့ ထွက်သွားတော့ ... သူက ထပ်မေးပြန်တယ်။

"ဘာတွေ သဘောကျနေတာလဲ မေ"

ဒီအချိန်ကြီး ဖေ့စ်ဘွတ်ထဲက ကိုပွစာကို ဖတ်ပြီး ရယ်နေတာ မပြောချင်လို့ ခုလို ပြောလိုက်တယ်။

"ခုနကလေ ... မေ ရှူရှူးသွားပေါက်တော့ ပြတင်းပေါက်ကနေ လမင်းကြီးသာနေတာ မြင်လို့"

ဘာမှတော့ မဆိုင်ဘူး၊ ပါးစပ်ထဲတွေ့ရာ လျှောက်ပြောလိုက်တာ။

"ဟင် ... ဘယ်လို"

"ဖိုးလမင်းကြီးလေ ... သာနေလိုက်တာ လင်းထိန်နေတာပဲ ကိုရဲ့ အာ့ကြောင့်"

"အမယ် ... လျှောက်ပြောနေတယ် ... အဲဒါ ... ကို အိပ်ရင်း ဖောင်ပြင်နေတာ မြင်လို့ ပြောတာ မဟုတ်လား"

သူပြောမှ ကိုယ်က ပိုရယ်ချင်သွားရော ...

"ဟီးဟီး .... အင်း အင်း ... ဟုတ်တယ်"
ပြီးပြီးရော အင်း ... လိုက်တော့ ထပ်မေးသေးတယ်။

"အဲဒီတော့ မေက ဘာလုပ်လိုက်လဲ"

"မေကလား ... ဓာတ်ပုံရိုက်လိုက်တယ်"

သူ့ကို စ-ချင်တာနဲ့ အဲလို ပြောပြီး တခွိခွိရယ်မိတော့ သူက "ကြည့်စမ်း တော်တော်ဆိုးတဲ့ မေ" လို့ ပြောပြီး
"ဘယ်နှနာရီ ရှိပြီလဲ ... မေ" တဲ့ မေးတယ်။

"၃ နာရီထိုးပြီ"

"ဒါဆို ပြန်အိပ်လိုက်အုံးမယ်။ ၅ နာရီ နှိုးနော်"

ပြောပြီး တခေါခေါ ပြန်အိပ်ပျော်သွားပါရော။ ရယ်ချင်လွန်းလို့ မအိပ်နိုင်တဲ့ ကိုယ့်မှာတော့ ကိုပွကို ပြန်ဖွင့် ဆုံးအောင်ဖတ်၊ အသံမထွက်အောင် ရယ်၊ သူပြောတာတွေကို ပြန်စဉ်းစားပြီရယ် ... မနက်ကျမှ ဒါကို ပို့စ်တင်ရမယ်လို့ တွေး .... ရယ်ရင်း တွေးရင်း ၅ နာရီ ထိုးခါနီးမှ မှေးခနဲ ပြန်အိပ်ပျော်သွားပါတော့တယ်။
***
မေဓာဝီ
၂၈၊ ၀၉၊ ၁၅

(မနှစ်က ဖေ့စ်ဘွတ်မှာ ရေးခဲ့တာလေးပါ။)

No comments: