Thursday, May 16, 2013

ပိတောက်ပွင့်ချိန် ...

ပိတောက်တွေ မွှေးမှတော့ ...
ဒက်ဖိုဒေးလ်နဲ့ ဝေးလဲ
ဆွေးစရာ မဟုတ်ပါလေ ... ။ ... ။



မျှော်လင့်ခဲ့ရတဲ့ ပိတောက်ဝါတွေ

ပိတောက်တွေပွင့်ပြီ ... ။ ဒီနေ့မနက် အိပ်ရာက နိုးနိုးချင်း ပိတောက်တွေပွင့်တယ် သတင်းကြားလို့ သွားဝယ်ခိုင်းပြီး ဘုရားပန်းကပ်ခဲ့တယ်။ တနွေလုံး မျှော်လိုက်ရတဲ့ ပိတောက်တွေ ... ။ ဒီနှစ်နွေက အရင်နှစ်တွေထက် ပိုပူသတဲ့၊ ဧပြီတလလုံးလဲ ပူလိုက်သမှ မနှစ်ကလို သင်္ကြန်လက်ဆေးမိုးလေး ဖက်ဆွတ်မိုးလေးတောင် မရွာနိုင်ဘူး။ ဒီနှစ်နွေ ပူလွန်းလို့ ပွင့်ချင်တဲ့ ပိတောက်ဖူး တချို့တောင် မပွင့်သာဘဲ ကြွေကျခဲ့ရရှာတယ်။
 
ပြီးခဲ့တဲ့ လ (ဧပြီလဆန်းလောက်က) ဦးရီးတော်နဲ့ skype မှာ စကားပြောတော့ "ဒက်ဖိုဒေးလ်တွေ ပွင့်နေပြီ သမီးရေ" လို့ ... ဘိလပ်ကို လွမ်းအောင် သတင်းဆောင်ပါတယ်။ ပြီးတော့ သူ့အိမ်မှာ စိုက်ထားတဲ့ ပန်းတွေကို ၀က်ဘ်ကမ်ကနေ ပြနေပါသေးတယ်။ "ဟုတ်တယ်နော် ... ဒက်ဖိုဒေးလ်တွေ လှလိုက်တာ" လို့ အလိုက်အထိုက် ပြန်ပြောခဲ့ပေမယ့် ဖန်သားပြင်ပေါ်ကတဆင့် မြင်ရတဲ့ ဒက်ဖိုဒေးလ်ပန်းဝါ၀ါတွေဟာ ကျမကို ရင်ခုန်အောင် မဆွဲဆောင်နိုင်ခဲ့ဘူး။
 
ဦးရီးတော် အိမ်ရှေ့က ဒက်ဖိုဒေးလ်လေးများ
 
ဘိလပ်ကို ရောက်ခါစ ပထမဆုံး နွေဦးရာသီ ကြုံစဉ်မှာ ဒက်ဖိုဒေးလ်ပန်းတွေ စမြင်ဖူးတော့ ကျမ စိတ်ကြည်နူး ပျော်ရွှင်ခဲ့ဖူးတယ်။ ကိုးတန်းတုန်းက အင်္ဂလိပ်ဖတ်စာမှာ William Wordsworth ရဲ့ Daffodils ကဗျာကို သင်ခဲ့, နှစ်သက်ခဲ့ပြီး အပြင်မှာ တခါမှမမြင်ဖူးတာမို့ ဒီပန်းကလေးတွေ ကိုယ်တိုင်ကိုယ်ကျ မြင်ရတာဟာ ကျမအတွက် အသစ်အဆန်း ခံစားချက် ဖြစ်နေခဲ့တာပေါ့။
 

Beside the lake, beneath the trees 
Fluttering and dancing in the breeze  

မှတ်မိသလောက် ကဗျာလေးကို ပြန်ရွတ်ဆိုရင်း ပွင့်လန်းနေတဲ့ ပန်းလေးတွေရဲ့အလှကို ခံစားယစ်မူး ခဲ့မိတယ်။ အိမ်မှာ ပွင့်တဲ့ ပန်းလေးတွေကိုခူး, ပန်းအိုးကလေးမှာထိုးပြီး ဘုရားကို ကပ်လှူရင်း ဒက်ဖိုဒေးလ် ကဗျာလေးအကြောင်း ကျမတွေးမိကောင်း တွေးမိခဲ့ပါလိမ့်မယ်။ ဒက်ဖိုဒေးလ်ဆိုတာ ဘာမှန်းမသိတဲ့ ကျမကို ဒက်ဖိုဒေးလ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကဗျာရှင်ရဲ့ ဇာတိမြေကို အလည်အပတ် ရောက်ခဲ့တုန်းကလဲ ကျမ စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရပါတယ်။ ဒါဟာ အသစ်အဆန်းကို ရင်ခုန်ပျော်မွေ့တတ်တဲ့ လူ့သဘာဝ ခံစားချက်ကြောင့် ပေပဲလား … ။ 
ဘိလပ်က ဘုရားမှာ ကပ်ထားတဲ့ ဒက်ဖိုဒေးလ်

ဟုတ်မှာပါ … ။ ဒက်ဖိုဒေးလ်အိပ်မက် ကျမ မမက်ခဲ့ဘူး၊ ဒက်ဖိုဒေးလ်ကဗျာကို အစအဆုံး မရတော့ဘူး၊ ဒက်ဖိုဒေးလ် ပန်းခြောက်တွေကို ကျမ မတွယ်တာမိဘူး၊ ရနံ့ကင်းမဲ့တဲ့ ဒက်ဖိုဒေးလ်လေးတွေဟာ ကျမဘ၀အတွက် အဓိက နေရာမှာ မရှိခဲ့ပါဘူး။ နောက်နှစ် … နောက်နှစ် … ဒက်ဖိုဒေးလ်ပွင့်ချိန်တွေမှာ ကျမခံစားချက်တွေ ပုံသေဖြစ်သွားလေတော့တယ်။ သြော် … ပန်းတွေပွင့်နေပြီ … ဒီလောက်ပါပဲ … ။ 
 
“ဒက်ဖိုဒေးလ်တွေကို ပွင့်ခါစမှာတော့ လူတွေက သဘောကျကြပါတယ်၊ ကြာလာတော့လဲ မြင်ပါများတော့ ရိုးသွားတာပါပဲ …” 

ဦးရီးတော်နဲ့ အတူအပြင်သွားကြပြီဆိုရင် ကားလမ်းဘေးတလျှောက် ပွင့်နေတဲ့ ဒက်ဖိုဒေးလ်ပန်းခင်းကြီးကို ကြည့်ရင်း ဦးရီးတော်က အဲဒီလို အမြဲပြောနေကျ … ။ ဒါဟာလဲ လူ့သဘာဝပါပဲလေ … ။
***
မြန်မာပြည်က ဘုရားမှာ ကပ်ထားတဲ့ ပိတောက်ပန်းများ

ဒက်ဖိုဒေးလ်တို့ပွင့်ရာမြေနဲ့ ဝေးကွာခဲ့တဲ့ကျမ … မြန်မာပြည်ရဲ့ နွေရာသီ အလွန်ပူပြင်းပေမဲ့ ကျမ၀န်းကျင်မှာ စပယ်ရနံ့၊ ခရေရနံ့ ကံ့ကော်ရနံ့တွေ ထုံသင်းခဲ့တယ်။ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်ပါသလဲ … ။ ဒီထက်ပိုပြီး …. ရင်ခုန်လှုပ်ရှားမိတာကတော့ ကျမလွမ်းခဲ့တဲ့ ပိတောက်ပန်းဝါ၀ါတွေကို မြင်ရချိန်မှာပေါ့ … ။ မနှစ်က ဧပြီ ကျမပြန်ရောက်ခါစ လေးနှစ်ကျော်ကျော် ဝေးခဲ့တဲ့ ပိတောက်ပန်းတွေ ကို ပြန်တွေ့တဲ့အခါ ဒက်ဖိုဒေးလ်တွေကို မေ့လျော့လို့သွားခဲ့တယ်။ Wordsworth ရဲ့ ကဗျာကိုလဲ သတိမရမိတော့ဘူး။

ပိတောက်ဖူးလေးတွေ
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ … အစချီ ဦးကြော့ရဲ့ ပိတောက်ပန်း ကဗျာ … ၊

မခူးချင်စမ်းပါနဲ့ …
နှစ်ဆန်းခါတော်မီမို့ … အစချီ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်း ကဗျာ … ၊

ကျမ အသွေးအသားထဲမှာ ကျမနှလုံးသားထဲမှာ စီးမျောလို့ … ။ ကျမ ၀န်းကျင်မှာ ပိတောက်ရနံ့ သင်းပျံ့လို့ … ။ ရင်ခုန်စရာ ဘယ်လောက် ကောင်းလိုက်ပါသလဲ ... ။
***
ဒီရက်ပိုင်း မုန်တိုင်းသတင်းကြောင့် ကျမ စိတ်တွေ ပူပန်နေခဲ့မိတယ်။ မေလ ၁၆ ရက်အတွက် အထူး သတိပေးကြေငြာချက်၊ အ၀ါရောင် ... လိမ္မော်ရောင် ... အနီရောင် ... တဆင့်ပြီး တဆင့် မြင့်လာတာနဲ့အမျှ စိုးရိမ်စိတ်တွေလဲ မြင့်တက်လို့ ... ။ ဒီမနက်ခင်း ကောင်းကင်မှာ တိမ်တစတလေပဲ ရှိတယ်၊ နေကတော့ ခပ်ကျဲကျဲပူလို့ ... ။ မနေ့က ရွာခဲ့တဲ့ မိုးကြောင့် ပွင့်လာတဲ့ ပိတောက်ပန်းတွေကို ဘုရား ကပ်ပြီး သတ္တ၀ါတွေ ဘေးရန်ကင်းဖို့ ဆုတောင်းခဲ့တယ်။ သင်းပျံ့နေတဲ့ ပိတောက်ပန်း ရနံ့က ရင်ကို အတန်အသင့်တော့ ငြိမ်းအေးစေပါတယ်။
 

မနက် ၈ နာရီ ခွဲလောက်မှာ မိုးတွေ ညို့ပြီးတက်လာတယ်၊ မိုးတွေထစ်ချုန်းပြီး ရွာလာတယ်၊ တချို့ကျောင်းသားတွေ ကျောင်းမလာကြဘူး၊ ဆရာမတယောက်က ဖုန်းနဲ့ခွင့်တိုင်တယ်၊ ရေဒီယိုမှာ ရုပ်သံမှာ မုန်တိုင်းသတိပေးချက်တွေ လာနေတယ်၊ တနေ့လုံး နေသာလိုက် မိုးအုံ့လိုက်နဲ့ မီးကလဲ ပျက်သေးတယ်။ ညနေခင်းမှာတော့ မိုးတွေတအား ခြိမ်းလာတာနဲ့ အင်တာနက်ပိတ်၊ ခြံထဲမှာ လွင့်နိုင် ထိနိုင်တဲ့ ပစ္စည်းတွေ သိမ်းဆည်း ရွှေ့ပြောင်း၊ ၀န်ထမ်းတွေ စောစောပြန်လွှတ် ... အားလုံးပြီးသွားတဲ့အချိန် ... မုန်တိုင်းသတင်း ပြန်နားထောင်တော့ ... ၀ှူး ... အလုံးကြီး ကျသွားတယ်။ သက်ပြင်းချနိုင်သွားတယ်။

ပိတောက်ပွင့်တဲ့ရက်ပဲ မုန်တိုင်းက လွင့်ခဲ့တယ်။ မဟာဆန်တဲ့ပိတောက်က မဟာဆန်ကို အဝေးဆောင်ကျဉ်း စေတာလား ... ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ပိတောက်ဝါရေ ... ။
***
ညဘက် ဦးရီးတော်နဲ့ စကားပြောတော့ သူ့ခြံထဲက ပန်းတွေ လှည့်ပတ်ပြနေပါသေးတယ်။ ဘိလပ်ရဲ့ နွေဦးရာသီဆိုတော့ ပန်းတွေပွင့်ပြီး လှနေတာကိုး ... ။ သူ့ခြံထဲမှာ မြက်ခင်းစိမ်းစိမ်းနဲ့ ပန်းလေးတွေနဲ့ လှပါတယ်၊  ဒါပေမဲ့ ကျမ မလွမ်းမိပါဘူး ... ။ ဒီမှာလဲ ပိတောက်တွေ ပွင့်နေပြီ ... လို့ ကျမ ခပ်တိုးတိုး ပြောမိတယ်။ ဦးရီးတော် ကြားမကြား မသေချာပေမဲ့ ... ကျမ ထပ်ပြောမိတယ်။
 
ပိတောက်တွေ မွှေးမှတော့
ဒက်ဖိုဒေးလ်နဲ့ဝေးလဲ
ဆွေးစရာ မဟုတ်ပါလေ ... လို့ ... ။
***
၁၆၊ မေ၊ ၂၀၁၃
၁၈း၄၄ နာရီ (ဘိလပ်စံတော်ချိန်)

Read More...