Friday, December 21, 2012

မတူညီသော ရလဒ်များ …

***
ကျောင်း ၁၀ - ရက် ပိတ်ပြီ။

ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်က စပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ကျောင်း ၁၀ - ရက် ပိတ်လိုက်ပါပြီ။ အစတုန်းကတော့ ဒီဇင်ဘာ ကျောင်းပိတ်ရက် ၁၀ ရက်အတွင်း သင်တန်းတခုခု ဖွင့်ဦးမလို့ပဲ။ မနှစ်က Christmas course ဆိုပြီး ဖွင့်ခဲ့တယ်တဲ့၊ ဒီနှစ်တော့ ပြီးခဲ့တဲ့ သီတင်းကျွတ် ပိတ်ရက်တုန်းကလိုပဲ English for Buddhism ၉ ရက်သင်တန်း ဖွင့်ကြမလားလို့ စဉ်းစားဖြစ်သေးတယ်။ သီတင်းကျွတ် မတိုင်ခင် ကျမ ပြန်ရောက်ခဲ့ပြီး ရောက်ရောက်ချင်းပဲ ၉ ရက် ဆက်တိုက် မနားတမ်း ဖွင့်ရတဲ့ သင်တန်းမို့ တကယ်ကို ပင်လဲ ပင်ပန်း၊ ပျော်စရာလဲ ကောင်းပါတယ်။ အခု ဒီဇင်ဘာ ပိတ်ရက်မှာ ဘာသင်တန်းဖွင့်ကြမလဲ စဉ်းစားရင်း နောက်ဆုံးတော့ ဒီ ၁၀ ရက်ကို ဘာသင်တန်းမှ မဖွင့်ဘဲ နားလိုက်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျမ ပြန်ရောက်တဲ့ နေ့ကစပြီး ဒီနေ့ထိ တရက်မှ မနားရသေးဘူးလေ။

ကျောင်းမပိတ်ခင် နောက်ဆုံးနေ့တွေရဲ့ ထုံးစံအတိုင်း ကျောင်းမှာ second term အတွက် စာမေးပွဲ စစ်ပါတယ်။ မယူမနေရ ယူရတဲ့ ဘာသာရပ်တွေ အပြင် option အဖြစ် သင်ရတဲ့ ဂီတနဲ့ ပန်းချီကိုပါ စာမေးပွဲထဲ ထည့်စစ်ပေးခဲ့တယ်။ အံ့သြစရာ ကောင်းတာတခုက ခုခေတ် ကလေးတွေဟာ ကျမတို့ ငယ်ငယ်ကလို မဟုတ်ဘူး၊ စာမေးပွဲဆိုတာ ကြောက်စရာလို့ မခံယူထားကြဘူး။ စာမေးပွဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြတဲ့ ကျောင်းသားလေးတွေကို ကြည့်ပြီး ကျမ ချီးကျူးမိတယ်။ ကျမဖြင့် ခုထက်ထိကို စာမေးပွဲ ဆိုရင် ကြောက်နေတုန်းပဲ။

Grade 7 က ကျောင်းသားလေးတယောက်က …
“သားက စာမေးပွဲကို ကြောက်တော့ မကြောက်ဘူး၊ ဒါပေမဲ့ မကြိုက်ဘူး တီချယ်” … လို့ ကျမကို ပြောတယ်။

ကျမလဲ စာမေးပွဲတွေကို မုန်းခဲ့ပါတယ်။ ကိုယ်ဘယ်လိုပဲ ဖြစ်ခဲ့ပေမယ့် ကိုယ့်ကျောင်းသားတွေ စာမေးပွဲကို မုန်းမှာကိုတော့ မလိုလား ပါဘူး။

“စာမေးပွဲကို ဂိမ်းကစားတယ်လို့ သဘောထားလိုက်၊ သားတို့ ဂိမ်းကစားရင် ကိုယ် အနိုင်ရအောင်, အမှတ်များများ ရအောင် ကြိုးစားရတယ် မဟုတ်လား၊ ဂိမ်းအိုဗာ မဖြစ်ဘဲ တဆင့်ပြီးတဆင့် တက်ပြီး နောက်ဆုံး ပန်းတိုင် ရောက်တဲ့ထိအောင် အစွမ်းကုန် ကစားကြရတာလေ၊ စာမေးပွဲဆိုတာလဲ စိန်ခေါ်ခြင်း တမျိုးပဲ … သားတို့ရဲ့ မှတ်မိနိုင်စွမ်းနဲ့ ပြန်အသုံးချနိုင်စွမ်းကို စိန်ခေါ်တာပဲ … ကိုယ့်ကို challenge လုပ်လာတဲ့သူကို ကြိုက်ကြိုက် မကြိုက်ကြိုက် နိုင်အောင် ဖိုက်ရမှာ …”

ဂိမ်းကစားနည်းနဲ့ ယှဉ်ပြောတော့ သူတို့ သဘောကျတယ်။ မျက်လုံးလေးတွေ အရောင်တောက်လို့ နားထောင်ကြလေရဲ့။

မြန်မာကျောင်းသင်ရိုးထဲက မြန်မာစာကိုပါ ထည့်သင်တော့ တချို့ကလေးတွေက မြန်မာစာ မသင်ချင်ကြဘူး၊ ကျောင်းဖွင့်ပြီး တလကျော်ရှိမှ တခြားကျောင်းက ပြောင်းလာတဲ့ ကျောင်းသားတယောက်ဆိုရင် အရင်ကျောင်းမှာ မြန်မာစာ မသင်ရလို့ ဆိုပြီး မြန်မာစာ လုံးဝ မတတ်ပါဘူး။ အသက် ၁၂ နှစ်ကျော် ၁၃ နှစ် ရှိနေပြီ ဖြစ်တဲ့ သူ့ကို ပထမတန်း မြန်မာစာ ပြန်သင်ပေးရတယ်။ အင်္ဂလိပ်စာနဲ့ သင်္ချာမှာ အခက်အခဲ မရှိပေမဲ့ မြန်မာစာက သူတို့အတွက် ခက်ခဲလွန်းနေတယ်၊ ခက်နေတော့ မသင်ချင်ပြန်ဘူး။ အဲဒီလို ကလေးတွေကိုတော့ မြန်မာစာ သင်ချင်လာအောင် ဆွဲဆောင်ရပြန်တယ်။

“မင်းတို့ နိုင်ငံရပ်ခြား သွားတဲ့အခါ အဲဒီက လူတွေက မြန်မာစာ ဖတ်ပြခိုင်း ရေးပြခိုင်းရင်၊ မြန်မာစာ သင်ပေးပါလို့ ဆိုရင် … ကိုယ်က မတတ်တော့ ရှက်စရာ မကောင်းဘူးလား၊ မြန်မာတယောက်အနေနဲ့ မြန်မာစာကို ရေးတတ် ဖတ်တတ်ရမယ်”

ရုပ်ပုံတွေမပါ၊ စာရွက်သား ညံ့ညံ့၊ ရိုက်ထားတာ မထင်မရှားနဲ့ မြန်မာကျောင်းက ဖတ်စာအုပ်ကို သူတို့ ငြီးငွေ့ကြသေးတယ်။

“စာရွက်သားတွေ၊ စာအုပ်ဒီဇိုင်းတွေက အဓိက မဟုတ်ဘူး၊ အတွင်းမှာပါတဲ့ စာရဲ့ တန်ဖိုးက အဓိကပဲလေ … အကြော်ထုတ်တဲ့ စက္ကူပေါ်က ဆီစွန်းနေတဲ့ စာတပုဒ်ပဲဖြစ်ဖြစ်၊ ခြစားလို့ တပိုင်းတစ ဖြစ်နေတဲ့ စာတအုပ်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် အသုံးတည့်ရင် တန်ဖိုးရှိတာပဲ”

တကယ်တော့ ကျောင်းသုံးစာအုပ်လေးတွေကို ကလေးတွေအတွက် ဆွဲဆောင်မှုရှိတဲ့ စာအုပ်မျိုးလေးတွေ ဖြစ်စေချင်ခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ မဖြစ်သေးတဲ့ အချိန်မှာ သူတို့ကို ဖြေသိမ့်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေပြီး ပြောပြခဲ့ရတယ်။ ကလေးဆိုတာ ကိုယ်က အဆိုးမြင်ပြရင် သူတို့လဲ အဆိုးမြင်ကြမှာပဲလေ။
***
ကျမနဲ့ ဆုံရတဲ့ ဒီကျောင်းသားလေးတွေဟာ မိဘတွေ ပြည့်စုံတဲ့အတွက် သူတို့တက်ချင်တဲ့ ကျောင်းကို ရွေးချယ်တက်နိုင်ကြတဲ့ သူမျိုးတွေပါ။ အများစု ကျောင်းသားတွေကတော့ ရွေးချယ်ခွင့်မရှိကြပါဘူး။ ဒီကျောင်းနေ၊ ဒီစာကျက်၊ ဒီလိုမေး၊ ဒီလိုဖြေနဲ့ ဒီလိုပဲ အောင်လာကြတဲ့ ကျောင်းသားတွေက အများကြီးပါပဲ။ အဲဒီထက် ဆိုးတာက … ဒီလို အောင်ဖို့ … ဒီလို ဖြေဖို့ … ဒီစာကျက်ဖို့ … ဒီကျောင်းနေဖို့တောင် မတတ်နိုင်ကြတဲ့ သူတွေရဲ့ ဘ၀ပါ … ။

လမ်းဆုံတွေ မီးပွိုင့်တွေမှာ ဂျာနယ်တို့ စပယ်ပန်းတို့ ရောင်းနေရတဲ့ ကလေးတွေ၊ လက်ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ တောက်တိုမယ်ရ လုပ်နေရတဲ့ ကလေးတွေ … စာသင်ရမယ့်အရွယ်၊ စာသင်ခန်းထဲ ရောက်နေရမယ့် အချိန်တွေမှာ ၀မ်းစာအတွက် ရုန်းကန်နေကြရတဲ့ ဘ၀လေးတွေ အတွက် ရင်ထဲမှာ မချိတင်ကဲ နာကျင်မိတာ အခါခါ … ။

မှော်ဘီမြို့နားက ပန်းတပွင့်တောင် ဘုန်းတော်ကြီးသင် စာသင်ကျောင်း စဖွင့်ခါစကတည်းက ကျမတို့ တတ်နိုင်သလောက် ကုသိုလ်ပါဝင်ခဲ့တော့ ဆရာတော်က ခုလို ပြောပြခဲ့ဖူးပါတယ်။

“လမ်းပေါ်က ကလေးတွေကို စာသင်ခန်းထဲ ရောက်အောင် ဆွဲခေါ်ဖို့ရာ မလွယ်ဘူး၊ စာကို အလကား သင်ပေးပါမယ် ဆိုတာတောင် သူတို့ စာသင်ခန်းထဲမှာ နေရတာ ပိုက်ဆံမရဘူး၊ အဲဒီအချိန် ဈေးသွားရောင်းရင် ပိုက်ဆံရတယ်လို့ တွက်ကြတာ …”

ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စာအုပ်ဖိုး၊ ကျောင်းဝတ်စုံ ဘာမှမကုန်ရင်တောင် သူတို့အတွက် လတ်တလော ငွေရနိုင်တဲ့ အချိန်လေးကို ပညာနဲ့ မလဲနိုင်ခဲ့ဘူး။ အဲဒီလို ကလေးတွေ ကျမတို့ ပတ်ဝန်းကျင်မှာ အများကြီးမှ အများကြီး … ။

ကျမက ယှဉ်ပြီးတွေးမိတယ်၊ နိုင်ငံတကာ သင်ရိုးနဲ့ သင်နေတဲ့ ကျောင်းတွေ, ပုဂ္ဂလိက ကျောင်းတွေမှာ တက်တဲ့ ကလေးတွေရယ်၊ အစိုးရကျောင်းမှာတက်ပြီး ဂိုက်တွေယူ, ၀ိုင်းတွေတက်နိုင်တဲ့ ကလေးတွေရယ်၊ အစိုးရကျောင်းမှာ တက်ပေမဲ့ ကျူရှင်တောင် မယူနိုင်တဲ့ ကလေးတွေရယ်၊ အစိုးရကျောင်းတောင် မတက်နိုင်လို့ ဘုန်းတော်ကြီးသင်ကျောင်းမှာ တက်နေရတဲ့ ကလေးတွေရယ်၊ ဘာကျောင်းမှ မတက်နိုင်တဲ့ လမ်းပေါ်က ကလေးတွေရယ် … … အကျိုးပေးခြင်းမတူလို့ အခြေအနေတွေ ခြားနားခဲ့ကြတယ်။

အခြေအနေတွေ ခြားနားကြလို့ ရလဒ်တွေလဲ ခြားနားကြပါတယ်။ ရလဒ် သက်သက်ကိုသာ ကြည့်ပြီး အခြေအနေကို နားမလည်ရင် မဖြစ်နိုင်သလို အခြေအနေကိုပဲ ကြည့်ပြီး ရလဒ်ကို မသိလို့လဲ မဖြစ်ပါဘူး။ လူချင်းတူပေမဲ့ ကံအကျိုးပေးခြင်းကွဲကြတဲ့အခါ နောက်ဆုံးရလာမယ့် မတူညီတဲ့ ရလဒ်တွေကို ကျမတို့ ညီမျှခြင်း ချကြည့်လို့ မရဘူး မဟုတ်လား … ။ … ။
***
မေဓာဝီ
၂၁၊ ၁၂၊ ၂၀၁၂
မြန်မာစံတော်ချိန် ၂၃း၃၀ နာရီ

Read More...

Wednesday, December 12, 2012

အချိုနဲ့ အခါး ...

***
ကျိန်းစပ်နေသော မျက်စိကို ဖြည်းဖြည်းချင်း ဖွင့်လိုက်စဉ် နေရောင် ပြောက်တိပြောက်ကျားက မျက်နှာ လာသစ်ပေးနေသလို မျက်နှာပေါ်တိုက်ရိုက် ကျနေသည်ကို သတိထားလိုက်မိ၏။ နေရောင်မလုံသော ထန်းလက် တဲခေါင်မိုးက မြင်ကွင်းထဲမှာ။ ကျောအောက်မှာက မာတာတာ ၀ါးကြမ်းခင်း။ ဘေးနားကို ကြည့်လိုက်တော့ ညစ်ထပ်ထပ် သစ်သားစားပွဲဝိုင်းလေးပေါ်မှာ အကြမ်းပန်းကန်လုံး ၂ လုံး၊ နှုတ်ခမ်းပဲ့နေသော ဖန်ခွက် ၁ ခွက်၊ ဒန်ပန်းကန်ပြားလေးထဲမှာ ထန်းလျက်ခဲ လေးငါးခဲနှင့် ပဲလှော် အနည်းငယ်။

“ငါ … ဘယ်ရောက်နေပါလိမ့်”

ရုတ်တရက် လူးလဲ ထလိုက်မိသည်။ ခေါင်းထဲက ရီဝေေ၀။ တဲထောင့် ရေအိုးစင်ထဲမှ ရေတခွက် ခပ်သောက်ပြီး ရေအနည်းငယ်ဖြင့် ဇက်ပိုးကို တချက်နှစ်ချက် ပုတ်လိုက်သည်။ တဲ အပြင်ဘက် ထွက်ကာ ဟိုသည်ကြည့်တော့ မည်သူမှ ရှိမနေ။ သူ၏ စီးတော်ဘီးကလေးက ထန်းပင်တပင်အောက်မှာ အသေအချာ ဒေါက်ချ ရပ်လျက်။ ကြည့်နေစဉ် မလှမ်းမကမ်း ထန်းပင်ပေါ်မှာ တလှုပ်လှုပ် လူတယောက်ကို တွေ့တာနှင့် …

“ဗျို့ တဲရှင်တို့ … တဲရှင်တို့”
ခပ်အုပ်အုပ် ခေါ်လိုက်သည်။
ထန်းပင်ပေါ်မှ အနှီလူသားက …
“သြ … မောင်ရင်လေး နိုးပလား”
ကွမ်းငုံထားသည့် အာလုတ်သံကြီးဖြင့် ခပ်လေးလေးပြောရင်း တရွေ့ရွေ့ ဆင်းလာသည်။ ထန်းပင်အောက်တွင် ခွေအိပ်နေသော ခွေးပိန်ကလေးက ခေါင်းထောင်ကြည့်ပြီး တချက် နှစ်ချက် ကုတ်ကာ ပြန်အိပ်သွားလေ၏။ သူရောက်နေတာ ထန်းတောထဲမှာပဲ။

တကယ်တမ်း သူနှင့် ထန်းတောက အပ်စပ်သည့် အရာမှ မဟုတ်တာ။ ဘယ့်နှယ်လုပ် ဒီကိုရောက်လာပါလိမ့်။ ပြီးတော့ သူ့ကိုယ်က ချဉ်စုတ်စုတ်အနံ့နှင့် ရီဝေေ၀ခံစားမှု။ စဉ်းစားရခက်နေဆဲ ထန်းပင်ပေါ်မှ ဆင်းလာသူက မြောင်အောင် ကျိုက်ထားသော ပုဆိုးကို ဖြေချရင်း လှည့်လာပြီး …
“ဘယ်နှယ့်လဲ မောင်ရင်လေး … အိပ်လို့ကောင်းရဲ့လား”
“အဘ … ကျွန်တော် ညက ဒီမှာ … …”
“အေးလကွာ … မနေ့ညနေ နေ၀င်ရီတရော ကတည်းက ရောက်လာပြီး သောက်လိုက်တာမှ … ငါ့ မနည်းတားယူရတယ် … တခါမှ မသောက်ဖူးပေလို့ပဲ … ဟားဟားဟား … နောက်ဆုံး မပြန်နိုင်လို့ ဒီမှာတင် အိပ်သွားပါရောလား”
ကွမ်းသွေးနီရဲသော သွားကျဲကျဲဖြင့် တဟားဟားရယ်ရင်း ပြောတော့ မနေ့က ကို သူပြန်အမှတ်ရလာသည်။

အင်း … မနေ့က … မနေ့က …
***
“ဒီကိစ္စကို ကျွန်တော် သဘောမတူပါဘူး ဆရာကြီး ခင်ဗျား … ဒီရွာက ကျောင်းသားတွေ အနေနဲ့ ပိုက်ဆံက ငါးကျပ် ဆိုလည်း ငါးကျပ် သူတို့အတွက် မလွယ်လှပါဘူး၊ ဒါကြောင့် မိဘဆရာအသင်းကြေး တိုးမြှင့်ကောက်ခံမယ့် ကိစ္စကို ကျွန်တော် ကန့်ကွက်ပါတယ်”

သူ့စကားကြောင့် ကျောင်းအုပ်ကြီး ဦးဘသောင်း မျက်နှာ မည်းခနဲဖြစ်သွားသည်။ ကျန်ဆရာ ဆရာမတွေအားလုံးက ဘာပြောပြော ထောက်ခံနေသည့် အချိန်မှာ သူက ထကန့်ကွက်တော့ ဦးဘသောင်း ကျေနပ်ပုံမရ။

“ခင်ဗျားလည်း အသိသားပဲ ဆရာနိုင်၊ ကျွန်တော်တို့က တိုးကောက်ချင်လို့ ကောက်ရမှာ မဟုတ်ဘူး။ ကျောင်းတိုးတက်ဖို့ စည်ပင်ဝပြောဖို့ ရည်ရွယ်ချက်နဲ့ ကောက်မှာ၊ ဒီငွေလေးတွေ စုဆောင်းရသမျှတွေရော စေတနာရှင်တွေ လှူတဲ့ အလှူတွေပါ ပေါင်းပြီး ကျောင်းဆောင်သစ် တိုးချဲ့ဖို့ စီစဉ်ထားတာ … ကျောင်းဆောင်သစ် တိုးချဲ့မှ ကျောင်းသားများများ ပိုလက်ခံနိုင်မယ် … ကျောင်းသားတွေအတွက်ရော ဆရာ ဆရာမတွေ အတွက်ပါ သက်သက်သာသာ စာသင်နိုင်မယ် မဟုတ်လား”

“ဒါပေမဲ့ ဆရာကြီး … တချို့ကလေးတွေက တော်တော်ကို နွမ်းပါးကြပါတယ်၊ ကျောင်းစာအုပ်ဖိုး ခဲတံဖိုးအပြင် မိဘဆရာအသင်းကြေး တဆယ်ကိုတောင် သူတို့ခမျာ အနိုင်နိုင်ပေးရတာ။ မိဘဆရာ အသင်းကြေး မပေးနိုင်လို့ ကျောင်းမလာတော့တဲ့ သူတွေလည်း ရှိပါတယ်၊ အဲဒီလို ကလေးတွေ အတွက်ကျတော့ ကျောင်းဆောင်သစ် ဘယ်လောက်တိုးချဲ့ချဲ့ … ပိုက်ဆံမရှိရင် လာမတက်နိုင်ကြပါဘူး ဆရာကြီး … ဒါကြောင့် ကျွန်တော်က သဘောမတူဘူး ပြောရတာပါ”

ဆရာကိုလှဦးက မသိမသာ ခေါင်းညိတ်သည်။ ဆရာမ ဒေါ်ဝင်းဝင်းအေးကတော့ မျက်လုံးအ၀ိုင်းသား။ ကျန် ဆရာ ဆရာမ အချို့ကတော့ ခေါင်းညိတ်ရမလား ခေါင်းခါရမလား သူတို့ကိုယ်တိုင် ရေရေရာရာ မရှိလှသည့်နှယ်။ အတွင်းရေးမှူး ဒေါ်သန်းသန်းက လက်က နာရီကို မသိမသာ ခိုးကြည့်ရင်း စကားစ၀င်ဖြတ်သည်။

“ကဲ ကဲ … ငါးကျပ်တိုးမှာ များရင်လည်း နှစ်ကျပ်တိုးလိုက်မယ်လေ၊ ဆယ့်နှစ်ကျပ်ပေါ့ ဟုတ်ပြီလား၊ နှစ်ကျပ်လောက်ဆိုရင်တော့ ကျောင်းသားမိဘတွေလည်း သိပ်မထောင်းသာလှဘူး မဟုတ်လား”

အင်း … ကောင်းသားပဲ …တို့ … မဆိုးပါဘူး … fair ဖြစ်ပါတယ် … တို့ … အသံလေးတွေ ကျွက်စီ ကျွက်စီ ဟိုမှ ဒီမှ ထွက်လာသည်။ အားလုံးက အစည်းအဝေးကို မြန်မြန် အဆုံးသတ် စေချင်လှပြီ။
“ဆရာမတို့ သဘောပါပဲဗျာ၊ ကျွန်တော်တော့ ဘာမှ မပြောလိုတော့ပါဘူး”
တိုးကို တိုးချင်နေမှတော့ ဘယ်လိုပြောပြောလည်း ရမှာမဟုတ်သည့်အတူတူ နောက်ဆုံး သူပဲ လက်လျှော့ လိုက်ရသည်။ ဒါပေမဲ့ ကိစ္စက ပြီးမသွားသေး။ ဦးဘသောင်းက ဆက်လာပြန်၏။

“အင်း … နောက်တခု သတိရတာ ပြောရဦးမယ်၊ ဆရာနိုင့်အတန်းက ကျောင်းသားတွေ ကိစ္စ”
သူ .. မတ်ခနဲ ဖြစ်သွားသည်။ ဒီစကားစပြီဆိုကတည်းက ဘာပြောတော့မယ်ဆိုတာ သူသိပြီးသား။

“ကျောင်းသားတိုင်း ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်ရင် စာမေးပွဲ ၀င်ခွင့်မပေးဘူးဆိုတာရယ်၊ ကျောင်းကို နာရီဝက်နောက်ကျပြီးမှ ရောက်ရင် ပျက်ကွက် သတ်မှတ်ဖို့ရယ် … အဲဒီစည်းကမ်းတွေက ကျွန်တော် ဒီကို ပြောင်းမလာခင်ကတည်းက ထုတ်ထားပြီးသား စည်းကမ်းတွေဆိုတာ အားလုံး သိပါတယ်နော် …”

အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။
“အင်း … ဆရာနိုင် … ခင်ဗျားအတန်းမှာ စည်းကမ်းဖောက်ဖျက်တဲ့ ကျောင်းသားတွေ ရှိနေတယ်လို့ ကျွန်တော် သိရတယ်၊ ဒါကို ခင်ဗျား ထိထိရောက်ရောက် အရေးယူရမယ်”

သူ အံကိုတင်းခနဲ ကြိတ်လိုက်မိသည်။ ဦးဘသောင်း သူတို့ တွဲဘက် အထက်တန်း ကျောင်းကလေးကို ပြောင်းလာကတည်းက ဒီစည်းကမ်း ဆိုသည့်စကားတွေ မိုးမွှန်အောင် ကြားခဲ့ရသည်။ စည်းကမ်းရှိတာ ကောင်းပါသည်။ သို့သော် နေရာတကာ ဒီပေတံကြီးနှင့် တိုင်း၍ ဖြစ်နိုင်ပါ့မလား။ ဦးဘသောင်း ဘာတွေဆက်ပြောနေသည်ကို သူမကြားတော့။ သူ့မျက်စိထဲမှာ ကျောင်းဝတ်စုံ အနွမ်းလေးကို ကပိုကရို ၀တ်ထားပြီး အမြဲကျောင်း နောက်ကျလေ့ရှိသည့် မောင်မြင့်လွင်ကို မြင်ယောင်လာမိသည်။

“ဆရာ … ဒီမနက် ရထားအ၀င် နောက်ကျလို့ ကောက်ညှင်းထုတ်တွေ တော်တော်နဲ့ မကုန်တာနဲ့ ကျောင်းနောက်ကျ သွားတာပါ”

“အမေ ဖျားနေလို့ ဈေးလိုက်နေရတာနဲ့ နောက်ကျသွားတယ် ဆရာ”

“မနေ့က မြို့တက်ပြီး ပစ္စည်းသွားဝယ်နေရလို့ … ကျောင်းမတက်နိုင်တာ”

စစချင်းတုန်းကတော့ ဒီကျောင်းသား အကြောင်းပြချက်တွေ များလှချည်ရဲ့ လို့ ထင်ခဲ့မိသည်။ ဒါပေမဲ့ သူ့အိမ်လိုက်ပြီး အခြေအနေ ကြည့်တော့မှ အကြောင်းစုံသိရလို့ စိတ်လည်း မကောင်းသလို ခွင့်လည်း လွှတ်နိုင်သွားခဲ့၏။ မောင်မြင့်လွင်လေးက ပညာလိုလားသူ ကြိုးစားသူတယောက်ပင်။ မုဆိုးမ မိခင် မမာသည်ကြီးကို ပြုစုရင်း၊ အလုပ်မျိုးစုံ လုပ်ရင်း ၀မ်းစာအတွက်ရော ကျောင်းစာအတွက်ပါ အရွယ်နှင့်မမျှအောင် ဆောင်ရွက်နေရသည့် ဘ၀ကလေးကို သူစာနာမိသည်။ ဒါကြောင့်လည်း တင်းကျပ်သည့် စည်းကမ်းဆိုတာကြီးကို ဒီကလေးအတွက် အနည်းငယ် ဖြေလျော့ ပေးခဲ့မိ၏။ ဒီအချက်ကိုပင် ဦးဘသောင်းနှင့် တချို့ဆရာမတွေက ထောက်ပြလို့မဆုံး။ ကျောင်းသားတွေကို စည်းကမ်း မရှိအောင် သူကပဲ သွေးထိုးလှုံ့ဆော် နေသယောင်ယောင်။

“မောင်မြင့်လွင်ရဲ့ အခြေအနေကို ကျွန်တော် ဆရာကြီးကို တင်ပြပြီးသားပါ။ သူက တကယ်ကို ပညာလိုလားပြီး စာကြိုးစားတဲ့ ကလေးတယောက်မို့ သူ့အတွက် ငဲ့ညှာ စဉ်းစားပေးစေချင်ပါတယ် ဆရာကြီး။ သူ့ဘ၀ ခုလို ဆင်းရဲနိမ့်ကျတဲ့ ဒုက္ခက လွတ်မြောက်ဖို့ သူ့အတွက်က ဒီပညာရေး တလမ်းပဲ ရှိပါတယ်။ ကျောင်းကသတ်မှတ်တဲ့ စည်းကမ်းနဲ့ မညီလို့ သူ့ကိုစာမေးပွဲ ပေးမဖြေရင် … ကျောင်းထုတ်လိုက်ရင် … သူ့အတွက် လမ်းဆုံးသွားပါလိမ့်မယ် ဆရာကြီး … စည်းကမ်းဆိုတာဟာလည်း တခါတလေတော့ ပုံသေ သတ်မှတ်လို့ မဖြစ်ပါဘူး။ အခြေအနေပေါ် မူတည်ပြီး လိုက်လျောညီထွေ ပြုပြင်သင့်ပါတယ် … ဒီရွာက ကလေးတွေ အားလုံးဟာ အဆင်ပြေလို့ ကျောင်းတက်နေကြသူတွေ ချည်း မဟုတ်ပါဘူး။ အဆင်မပြေတဲ့ကြားက အရွယ်ရောက်ရင် ပညာသင်ရမယ် … စာတတ်မှ ဖြစ်မယ် ဆိုတဲ့ အသိစိတ်ကလေးတွေနဲ့ စာလာသင်နေကြတဲ့ သူတွေပါ။ ဒီလို ကလေးတွေကို တင်းကျပ်တဲ့ စည်းကမ်းနဲ့ တားဆီးလိုက်ရင် သူတို့လေးတွေ စာသင်ခန်း မရောက်ဘဲ လမ်းပေါ် ရောက်ကုန်ကြပါလိမ့်မယ် ဆရာကြီး …”

“ဘာပဲဖြစ်ဖြစ် ဒါ နောက်ဆုံး သတိပေးခြင်းပဲ ဆရာနိုင်၊ ခင်ဗျားအတန်းက ကလေးတွေ ခုလို စည်းကမ်းပျက်နေတာ ခင်ဗျားမှာ တာဝန် အရှိဆုံး၊ ခင်ဗျားပေါ့လျော့လို့ ဖြစ်ရတာ၊ ကျွန်တော်တို့က ကျောင်းကို တိုးတက်ဖို့ အဖက်ဖက်က လုပ်နေချိန်မှာ ခင်ဗျား အတန်းသားတွေကြောင့် တိုးတက်မှု နှောင့်နှေးရတာမျိုး မလိုချင်ဘူး … ဒီတော့ နောက်တခါ ခင်ဗျားတပည့်တွေ စည်းကမ်းဖောက်ရင် ကျောင်းအထုတ်ပဲ … ကဲ အစည်းအဝေး ဒီမှာတင်ရပ်တယ်”

ဦးဘသောင်းက ပြောပြောဆိုဆို စာအုပ်ကြီး ၀ုန်းခနဲ ပိတ်ကာ မတ်တပ်ထရပ်သည်။ ဆရာ ဆရာမတွေက ဆက်ထိုင်ရမလို ရပ်ရမလို အူတိအူကြောင်တွေ ဖြစ်ကုန်ကြသည်။ အဲဒီစကားကြားတော့ ရုတ်တရက် ဒေါသထောင်းခနဲ ထွက်မိသွားပြီး ဦးဘသောင်းရှေ့မှာ သွားရပ်လိုက်ကာ …

“ကျွန်တော့်တပည့်တွေ စည်းကမ်းပျက်လို့ ကျောင်းထုတ်ရင် ကျွန်တော်ပါ ထွက်တယ်ဗျာ”

ပြောပြီးသည်နှင့် ချာခနဲ လှည့်ထွက်လာခဲ့သည်။ အာမေဋိတ်သံတချို့ ခပ်သဲ့သဲ့ကြားလိုက်ရ၏။

“ဗမာတွေ စည်းကမ်းကို မရှိဘူး … ဒါကြောင့် မတိုးတက်တာ” ဆိုသည့် ဦးဘသောင်း အသံကိုလည်း ကြားဖြစ်အောင် ကြားလိုက်ရသေးသည်။
***
ဒီ့နောက်မှာတော့ ပူထူနေသော ဒေါသတွေဖြင့် စက်ဘီးကလေးကို ခပ်ကြမ်းကြမ်း နင်းလာခဲ့သည်။ နေ့စဉ်လိုလို ဖြတ်နင်းနေကျ ဒီထန်းတော ဘေးမှ အဖြတ် … ထန်းရည်တွေ မူးအောင် သောက်လိုက်ချင်စိတ် ပေါ်လာသည်နှင့် မြေနီလမ်းကလေးအတိုင်း သွယ်ဆင်းက ထန်းတောသို့ ရောက်လာခဲ့သည်။ ဘယ်လောက်ထိ မူးအောင် သောက်လိုက်သလဲ သူကိုယ်တိုင်လည်း မမှတ်မိတော့။ ညက အိမ်ကိုပင် မပြန်နိုင်ခဲ့။

“အဘ … ကျွန်တော် မနေ့က ကျောင်းမှာ ဆရာကြီးနဲ့ စကားများခဲ့တာဗျာ … အဲဒါကြောင့် …. ”
“သိပြီးပြီလကွာ … မနေ့က မောင်ရင်လေး မူးမူးနဲ့ ကျုပ်ကို အားလုံး ပြောပြခဲ့သာပဲ”
“ကျွန်တော် ကျောင်းက ထွက်ခဲ့တယ် အဘ”
ပြောရင်း ရင်ထဲမှာ လှိုက်ခနဲ ၀မ်းနည်းသွားမိသည်။
ဒီကျောင်းလေးကို သူ ဘယ်လောက် ချစ်ခဲ့ သံယောဇဉ်ရှိခဲ့တယ်ဆိုတာ သူကိုယ်တိုင် အသိဆုံး။ တနှစ်ပြီးသွားတိုင်း အောင်မြင်သွားသည့် တပည့်လေးတွေကို ကြည့်ပြီး ဖြစ်ခဲ့ရသည့် ပီတိတွေက သူ့ကို ဆရာသက် ရှည်အောင် ဖန်တီးပေးခဲ့သည် မဟုတ်လား … ခုတော့ … ။

“အင်း … မောင်ရင်လေးက ကျောင်းထွက်မယ်ဆိုတော့ ကလေးတွေ ဘယ်သူ စာပြမတုန်း”
“တခြားဆရာတွေ လွှဲယူကြပါလိမ့်မယ်ဗျာ … ကျွန်တော်တော့ ဒီဆရာကြီးရှိနေရင် ဒီကျောင်းမှာ ဆက်မသင်ချင်တော့ဘူး”
“သြော် … ဒီမှာ … ဒါလေးသောက်ကြည့်ဦး … ဒါ ထန်းဦးရေ … မနက်စောစောချလာတာမို့ လတ်လတ်ဆတ်ဆတ်ပဲ”

အဘက စကားလွှဲတာလား ဘာလားတော့မသိ၊ နှုတ်ခမ်းပဲ့ ဖန်ခွက်ကလေးကို မြူအိုးထဲ နှစ်ပြီး ထန်းရည်တခွက် ခပ်ကာ သူ့ရှေ့ကို တိုးပေးသည်။ စိတ်ထဲမှာ သောက်ချင်စိတ် မရှိတော့ပေမဲ့ အဘကို အားနာတာကြောင့် တငုံ ငုံလိုက်မိတော့ ချိုရှနေသော အရသာက လည်ချောင်းထဲ စီးဆင်းသွား၏။

“ဘယ့်နှယ့်လဲ”
“ကောင်းတယ် အဘ … ချိုမြနေတာပဲနော်”
“အင်း … အဲဒါ ခဏပဲ မောင်ရင်လေးရဲ့၊ ထန်းရည်ဆိုတာ နေမြင့်လေ ခါးလေ … သောက်ရင် မူးလေပဲ … လူတွေလည်း ဒီတိုင်းပေါ့ကွာ … ဟားဟားဟား … ဒီလိုလူတွေကို စိတ်ထဲ ဗွေယူမနေနဲ့ … လောကမှာ ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ … ကိုယ့်တာဝန် ကိုယ်ကျေဖို့က အဓိကမဟုတ်လား … ကိုင်း … မောင်ရင်လေး ဘာလုပ်မယ် စိတ်ကူးတုန်း”
“ကျွန်တော် …”

သူ နှုတ်တွေဆွံ့အ သလိုဖြစ်သွားမိသည်။ ဘာပြောရမလဲ မသိတော့။ အဘက အကြမ်းပန်းကန် နှစ်လုံးထဲကို မြူအိုး တအိုးစီမှ ထန်းရည်တွေ ထည့်သည်။ ပြီးတော့ …

“ဒီခွက် နှစ်ခွက်မှာ တခွက်က အချို … တခွက်က အခါး၊ ဒီတိုင်းကြည့်ရင် ဘယ်ဟာက ချိုသလဲ ဘယ်ဟာက ခါးသလဲ မသိနိုင်ဘူး … အင်း … သောက်ကြည့်မှ သိနိုင်တယ် … မဟုတ်လား … ဒီလိုပဲ … လူတွေနဲ့ ဆက်ဆံတဲ့အခါ ထဲထဲဝင်ဝင် ဆက်ဆံမှ ဒီလူတယောက် ကောင်းမကောင်းဆိုတာ သိရတာ … သိရတော့ နောက်တခါ ဆက်ဆံမယ်ဆိုရင် သတိထား ဆက်ဆံရုံပဲပေါ့။ ဒီလူ မကောင်းဘူးဆိုပြီး တသက်လုံး မပတ်သက်ဘဲ နေစရာမလိုဘူး။ အဲဒီလိုဆို ကိုယ့်အတွက် ဘောင်က ကျဉ်းသွားရော။ မကောင်းတဲ့သူပေမဲ့ သူတို့ မရှိလို့လည်း မဖြစ်ပြန်ဘူး ဆိုတော့ရင် ကိုယ်က သူတို့ကို ကောင်းတဲ့နေရာမှာ အသုံးချတတ်ဖို့တော့ လိုတယ် … ဟောဒီမှာ ထရေနဲ့ ချက်တဲ့ ထန်းလျက်ခဲလေးတွေ ဘယ်လောက်ချိုလဲ … စားကြည့်”

ယောင်တောင်တောင်နှင့် ထန်းလျက် တခဲယူမြုံ့မိတော့ အဘက ကွမ်းချိုးတက်နေသည့် သွားများဖြင့် တဟဲဟဲရယ်ရင်း ...
“ကဲကဲ … မောင့်တပည့်တွေ မျှော်နေကြရော့မယ်၊ အချိန်ရတုန်း အိမ်ပြန် အ၀တ်အစားလဲပြီး ကျောင်းကို ပြန်သွားပါ … လူတယောက်နဲ့ အများကိစ္စမှာ အများအတွက် ပိုကြည့်ရမယ် မဟုတ်လား …”
“ဟုတ်ပါတယ် အဘရယ် … အဘကို ကျေးဇူးတင်တယ်… ကျွန်တော် ကျောင်း ပြန်သွားပါမယ် …”

ပြောပြောဆိုဆို ထပြီး စက်ဘီးလေး ရှိရာကို သွားတော့ အဘက ပြုံးပြုံးကြီး ကြည့်ကာ ကျန်ခဲ့သည်။ အဘကို လက်ပြပြီး စက်ဘီးကို အားစိုက်နင်းလိုက်၏။ မြေနီလမ်းတလျှောက် နင်းလိုက်သော သူ့စက်ဘီးနောက်တွင် တလိပ်လိပ်ထနေသည့် ဖုန်ငွေ့တွေက အချိုနှင့်အခါး အရသာပေးစွမ်းနိုင်သော ထန်းပင်ကြီးတွေအကြား ၀ိုးတ၀ါး ကျန်ခဲ့မည်ဆိုတာကို သူနောက်ပြန်လှည့်မကြည့်ဘဲ သိနေပါတော့၏။
***
မေဓာဝီ
၈၊ နိုဝင်ဘာ၊ ၂၀၀၈
***
(မှတ်ချက်။ … ။ လွန်ခဲ့သော နှစ်ပေါင်း အစိတ်ခန့်က အဖြစ်အပျက်တခုကို အခြေခံပြီး လွန်ခဲ့သော လေးနှစ်ကျော်ခန့်က ရေးထားတဲ့ ၀တ္ထုလေးပါ၊ ဒီဘလော့မှာတော့ မတင်ရသေးပါဘူး။ စာအသစ် မရေးနိုင်သေးလို့ ဒီဝတ္ထုလေးပဲ တင်လိုက်ပါတယ်။ )
 

Read More...

Tuesday, November 20, 2012

ရင်ငွေ့ခြုံလွှမ်း အနမ်းတရှိုက် …

အနမ်းတွေဟာ စိတ်ဖိစီးမှုကို ပြေလျော့စေသလို ပွေ့ဖက်ခြင်းဟာ သောကတွေကို ဖြေသိမ့်စေသတဲ့ … ။ ဟုတ်ပါ့မလား … ကျမမှာ သံသယတပိုင်းတစနဲ့ … ။
***
အနမ်းပွင့်လေးတွေဟာ ကျမတို့မိသားစုအတွက်တော့ မထူးဆန်းခဲ့ပါဘူး။ ကျမတို့ ငယ်ငယ်ကတည်းက အဖေက အမေအပါအ၀င် သားသမီးတွေကို ချစ်မြတ်နိုးစွာ တယုတယ အမြဲတမ်း မွှေးမွှေးပေးနေကျ၊ ကျမတို့ကလည်း အဖေနဲ့ အမေ့ရဲ့ ပါးပြင်တွေကို တရွှတ်ရွှတ် နမ်းနေကျ။ ချစ်ခြင်းမေတ္တာတွေ ထုံလွှမ်းတဲ့ မိသားစု အနမ်းတွေနဲ့ ယဉ်ပါးခဲ့တဲ့ ကျမဟာ အနောက်တိုင်းက ပွေ့ဖက် နမ်းရှုံ့ခြင်းတွေကိုတော့ ရုတ်တရက် စိမ်းသက်နေခဲ့တယ်။ မိသားစုဝင် မဟုတ်တဲ့ ကျား-မ မရွေး ရင်ချင်းအပ်ပွေ့ဖက်ပြီး ပါးချင်းကပ် နမ်းရှုံ့တဲ့ အလေ့အထမှာ နေသားမကျခဲ့ဘူး။ ကျမတို့ရဲ့ မြန်မာမှု မြန်မာဓလေ့နဲ့ မနီးစပ်လှတဲ့ ဓလေ့ထုံးစံ မဟုတ်လား။

ကျမ ဘိလပ်ကို စရောက်တော့ မန်ချက်စတာ လေဆိပ်မှာ လာကြိုတဲ့ အမလတ် အမျိုးသား ဥရောပသားကြီးက တွေ့တွေ့ချင်း ၀မ်းသာအယ်လဲ ပွေ့ဖက်နှုတ်ဆက်ဖို့ လက်ကြီးကားလာပေမဲ့ ဒီယဉ်ကျေးမှုကို နားမလည်တဲ့ကျမ နောက်တွန့်ရင်း အသာရှောင်လွှဲခဲ့မိတယ်။ အားနာရကောင်းမှန်းလဲ မသိခဲ့ပါဘူး။ ခင်မင်မှုအရပဲဖြစ်ဖြစ် ထုံးတမ်းစဉ်လာအရပဲဖြစ်ဖြစ် နှုတ်ဆက်တဲ့အနမ်းနဲ့ ပွေ့ဖက်ခြင်းတွေဟာ အမှန်တကယ်လိုအပ်လို့လား … လို့ တွေးနေမိခဲ့သေးတယ်။

ဘိလပ်မှာ ပထမဆုံး တက်ရတဲ့ ကျောင်းက ကျောင်းအိပ်ကျောင်းစား နေရတာမို့ကမ္ဘာအနှံ့အပြားက လူတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရပြီး သူ့ဓလေ့ ကိုယ့်ဓလေ့ ရှင်းပြ ပြောပြ ဖလှယ်ကြရင်း တဖြည်းဖြည်း ဒီအလေ့အထတွေနဲ့ ရင်းနှီးခဲ့ရတယ်။ ဒါပေမဲ့လဲ ဒီပွေ့ဖက်နမ်းရှုံ့မှုဟာ ကျမအတွက် တော်တော်နဲ့ အထာမကျခဲ့သလို ဒါဟာ လိုအပ်ချက်တခုလို့လဲ မထင်ခဲ့မိဘူး။
***
ကျမအမလတ်က အလုပ်ထဲမှာ စိတ်ရှုပ်စရာတခုခုနဲ့ ကြုံလာတဲ့ တရက်မှာတော့ … “နင် ငါ့ကို ခဏလောက် ဖက်ထားပေးနိုင်မလား” … လို့ ကျမဆီ တောင်းဆိုလာပါတယ်။ ကျမစိတ်ထဲမှာ…
“သြော် … သူက ဥရောသားနဲ့ အိမ်ထောင်ကျတော့ အနောက်တိုင်း အလေ့အထတွေ နှစ်သက်နေပြီထင်ရဲ့” လို့ တွေးမိပေမဲ့ သူစိတ်ကျေနပ်အောင် ပွေ့ဖက်ပေးခဲ့တယ်။ ကျမပွေ့ဖက်အပြီးမှာတော့ သူက စိတ်ပြေသွားသလို ပြုံးပြီး ကျေးဇူးပဲလို့ ပြောခဲ့တယ်။ တကယ်ပဲ သူစိတ်သက်သာရာ ရသွားသလား … ကျမအတွေးထဲ ဇဝေဇ၀ါနဲ့ပါပဲ။

တခါတော့ ဦးရီးတော်က သူ့မိတ်ဆွေ လူဖြူအဘိုးကြီး တယောက်နဲ့ ကျမကို မိတ်ဆက်ပေးပါတယ်။ အဲဒီအဘိုးကြီးက ကျမကို ဖက်ပြီး ပြွတ်ခနဲ ပါးကိုနမ်းလိုက်တော့ ကျမမှာ မျှော်လင့်မထားတာမို့ အံ့သြသွားမိတယ်။ ကျမကြုံလေ့ရှိတာက ကျောကိုသိုင်းဖက်ပြီး ဘယ်ပြန်ညာပြန် ပါးချင်းအပ် နှုတ်ဆက်တာလောက်ပဲလေ၊ ဒါပေမဲ့ အဲဒီအဘိုးကြီးက ပါးကို ပြွတ်ခနဲနေအောင် နမ်းထည့်လိုက်ချိန်မှာ ကျမ ရုတ်တရက် လန့်သွားမိတာ အမှန်ပါပဲ။ လူချင်းခွါလိုက်တော့ သူက ကိုယ့်သမီးတယောက်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ ကြင်ကြင်နာနာ ပြုံးပြီး ကျမကို ကြည့်တယ်။ ကြင်နာတဲ့သူ့မျက်ဝန်းနဲ့ ချိုသာတဲ့ အပြုံးကြောင့် ကျမရဲ့ အံ့သြခြင်းတွေ လွင့်စင်သွားပြီး သူ့ကိုလှိုက်လှိုက်လှဲလှဲ ပြန်လည်ပြုံးပြဖြစ်ခဲ့ပါတယ်။
***
ဒီလိုနဲ့ တဖြည်းဖြည်း ကျောင်းမှာ အဆောင်မှာ တစိမ်းတရံစာတွေနဲ့ ပွေ့ဖက်နှုတ်ဆက်ရတဲ့ အလေ့အထကို အသားမကျတကျအချိန် … ။

မိသားစုရဲ့ အဝေးက University of Huddersfield ဆိုတဲ့ တက္ကသိုလ်နယ်မြေမှာ ကျမ ကျောင်းစတက်ရပြီး ကိုယ်အကျွမ်းမ၀င်တဲ့ ဘာသာရပ်တွေ သင်ယူရချိန်မှာ စိတ်တွေ အမြဲ ရှုပ်ထွေး နေခဲ့တာမို့ ကျောင်းမပျော်တဲ့ ကျောင်းသားတယောက် ဖြစ်ခဲ့ရတယ်။ စာတွေက အမြဲခက်နေတယ်၊ တက္ကသိုလ်စတိုင် စာသင်တာမို့ ဘာမှလဲ နားမလည်ဘူး၊ သူငယ်ချင်းလဲ များများစားစားမရှိတဲ့ ကျမက အတန်းထဲမှာ အူကြောင်ကြောင်နဲ့ပေါ့။ မနှစ်သက်တဲ့ ဘာသာရပ်တွေကို သင်နေရပေမဲ့ ကျမချစ်တဲ့ ဆရာမ ခရစ်စတင်းရဲ့ Taxation ဘာသာရပ်ကိုတော့ ကျမက တော်တော်လေး သဘောကျတယ်။ တခြားဘာသာတွေမှာ အမှတ်နည်းပေမဲ့ Tax ကိုတော့ ကျမက စာမှန်မှန်လုပ်ခဲ့တာမို့ မကြောက်ခဲ့ဘူး။ တရက်တော့ အတန်းထဲမှာ စစ်တဲ့ progress test တခု ဖြေရတယ်။ တကယ့် exam situation အတိုင်း ဖြေရတာမို့ သေချာလဲ စာဖတ်ထားခဲ့တယ်၊ ဖြေပြီးတော့လဲ ကိုယ့်ကိုယ်ကိုယ် ဖြေနိုင်တယ်လို့ထင်ခဲ့တယ်။ တကယ်တမ်း အမှတ်လဲ ထွက်လာရော အောင်မှတ်ရဖို့ ၄ မှတ်လောက် လိုနေတယ်။

ကိုယ့်အဖြေလွှာ ကိုယ်ကြည့်ပြီး ကျမစိတ်ထဲ ၀မ်းနည်းသွားလိုက်တာ … အားငယ်သွားလိုက်တာ … သေချာဖတ်ထားပါရက်နဲ့ … ဆိုပြီး စိတ်မကောင်းလဲ ဖြစ်လိုက်တာ။ တကယ့်စာမေးပွဲကြီး မဟုတ်ပေမဲ့ တော်တော်လေး စိတ်ထိခိုက်ရတယ်။ ရင်ထဲ တနုံ့နုံ့ ခံစားရင်း စာကြည့်တိုက်ကို သွားတော့ ကျမသူငယ်ချင်း အာဖရိကန်သူ ဂျူလီနဲ့ တွေ့တယ်။ သူနဲ့ကျမက အတူစာကြည့်နေကျ။ သူ့ကိုမြင်တော့ … ဖြစ်ကြောင်းကုန်စင် ပြောပြရင်း ၀မ်းနည်းလာပြီး နှုတ်ဖျားက အလိုလိုထွက်သွားမိတဲ့ စကားက …
“ကျေးဇူးပြုပြီး ငါ့ကို ဖက်ထားပေးပါ ဂျူလီရယ်”

ကျမစကား အဆုံးမှာ ဂျူလီက ခြေတလှမ်းရှေ့တိုးပြီး ကျမတကိုယ်လုံးကို ကျစ်ကျစ်ပါအောင် သိုင်းဖက်ရင်း ပါးချင်းအပ်လို့ အနမ်းလေးတွေ ပေးတယ်။ သူ့ခန္ဓာကိုယ်က ထွားထွားကျိုင်းကျိုင်း ၀၀ဖြိုးဖြိုးမို့ ထွေးဖက်ထားတဲ့ သူ့ရင်ခွင်ထဲမှာ ကျမက အိဝင်နစ်မြုပ်နေသလိုပဲ၊ ဖက်ထားရင်းနဲ့ ဂျူလီက ကျမကျောကို ညင်ညင်သာသာလေး တယုတယ ပုတ်ပြီး နှစ်သိမ့်ပေးတော့ ကျမစိတ်ထဲ နွေးထွေး လုံခြုံမှုရှိသွားသလို အားရှိသွားသလို ခံစားလိုက်ရတယ်။ ကျေးဇူးပါ ဂျူလီ … ။
***
အဲဒီအချိန်ကစပြီး ပွေ့ဖက်နမ်းရှုံ့ခြင်းမှာ စိတ်မသိုးမသန့် မဖြစ်မိတော့ဘူး၊ ဒါဟာ တခါတရံမှာ လိုအပ်တယ်လို့လဲ နားလည်လာခဲ့တယ်။ အမြင်ကျဉ်းမြောင်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ရှက်ရွံ့မိလို့ပေါ့။ အနမ်းတွေကို မယဉ်ပါးစဉ်က ကျောင်းမှာ Yoga သင်ပေးတဲ့ ဘရာဇီးသူ မမအစ်ဇဘယ်လ် ရှင်းပြဖူးတာ ပြန်အမှတ်ရမိတယ်။

“အနမ်းက အမျိုးမျိုးရှိတယ်လေ … မေရဲ့ … မိသားစုအနမ်း၊ သူငယ်ချင်းအနမ်း၊ သမီးရည်းစား လင်မယားအနမ်း၊ ထုံးတမ်းစဉ်လာအနမ်း၊ သံခင်း တမန်ခင်း အနမ်းတွေရှိသလို ငြိမ်းချမ်းရေးအနမ်း၊ လေးစားခြင်းအနမ်း၊ ဂုဏ်ပြုအနမ်း၊ နှစ်သိမ့်အနမ်းနဲ့ ချွေးသိပ်အနမ်းတွေလဲ ရှိသေးတယ် …

“သွေးသားမတော်စပ်တဲ့ အနမ်းဆိုတိုင်း ညစ်ညမ်းတာ မဟုတ်ဘူး မေ … အနမ်းတွေဟာ စိတ်ဖိစီးမှုကို ပြေလျော့စေသလို ပွေ့ဖက်ခြင်းဟာ သောကတွေကို ဖြေသိမ့်စေတယ် …”
***

မနေ့က ရုပ်သံကနေ ဖျတ်ခနဲ မြင်လိုက်ရတဲ့ အနမ်းကတော့ မေတ္တာတရားရယ် လေးစားမှုရယ် ဂုဏ်ပြုခြင်းတွေ ရောယှက် ပေါင်းစပ်ထားတဲ့ ဂန္ထ၀င်အနမ်း သမိုင်းဝင်အနမ်းလို့ ဆိုရလေမလားဘဲ၊ မလိုသူ တချို့က အမနာပ ပြောကြပေမဲ့ ဒီအနမ်းပွင့်လေးတွေအတွက် ကျမကတော့ ဂုဏ်ယူစွာ ကျေနပ်စွာ ပီတိတွေ ဖြစ်နေမိပါတော့တယ်။
***
မေဓာဝီ
၂၀၊ ၁၁၊ ၁၂
မြန်မာစံတော်ချိန် ၂၂း၅၄ နာရီ

Read More...

Tuesday, November 06, 2012

English for Buddhism သင်တန်း ...

ဒီနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်း ကျောင်းသား လူငယ်တွေအတွက် English for Buddhism သင်တန်းလေးကို MAY International School မှာ အောက်တိုဘာ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့ထိ ၉ ရက်တိတိ ဖွင့်ဖြစ်ခဲ့ပါတယ်။ ကလေးတွေ ယဉ်ကျေးလိမ္မာစေချင်တဲ့ အပြင် သူတို့ရဲ့ ရင်ထဲမှာ ဘာသာရေးအသိ ကိန်းအောင်းပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အင်္ဂလိပ်လို အခြေခံ သိနားလည်အောင်၊ နိုင်ငံခြားသားများ ကိုယ့်ကို မေးမြန်းလာရင်လဲ ပိုင်ပိုင်နိုင်နိုင် ပြန်လည် ရှင်းပြနိုင်အောင် ရည်ရွယ်ပြီး ဖွင့်ခဲ့ရခြင်း ဖြစ်ပါတယ်။ ခုလို English for Buddhism လို့ နာမည်တပ်ပြီး မဖွင့်ခင် ကတည်းက နွေရာသီသင်တန်းတွေမှာ Moral ဆိုတဲ့ ဘာသာရပ် တခု ထည့်ပြီး သင်ပေးခဲ့ပါတယ်။ သင်ရိုးညွှန်းတန်း စာအုပ်တွေကတော့ ဘာမင်ဂန် ဆရာတော် ဒေါက်တာဥတ္တရဉာဏ ချီးမြှင့်တဲ့ Buddhism key stage 1 & 2 စာအုပ်များပါပဲ။ အဲဒီစာအုပ်လေးတွေဟာ ဘာသာရေးစကားလုံး အမြင့်ကြီးတွေ သုံးမထားဘဲ ရိုးရှင်းတဲ့ အင်္ဂလိပ်စကားနဲ့ ရေးထားတာ ဖြစ်တဲ့အတွက် ကလေးတွေအနေနဲ့ နားလည် သဘောပေါက်လွယ်ပါတယ်။ နွေရာသီသင်တန်းမှာ Moral ဘာသာရပ်ကို ထည့်သင်ပေးတဲ့အခါ မိဘတွေကလည်း သဘောကျ၊ ကျောင်းသားတွေကလဲ နှစ်သက်ကြတယ်။ ဒါကြောင့် အခု ဒီနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်မှာတော့ ကျမ အမကြီးက English for Buddhism အမည်တပ်ပြီး ဘာသာရေး သင်တန်းစစ်စစ် ဖွင့်ဖြစ်အောင် ဖွင့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။


သင်တန်းဖွင့်မယ် ဆုံးဖြတ်လိုက်ကတည်းက ကျမအမကြီး ဦးဆောင်ပြီး နေရာအသီးသီးက မောင်နှမအားလုံး တတ်နိုင်သလောက် ၀ိုင်းဝန်း လှုပ်ရှားရပါတယ်။ အဝေးရောက် အဖေနဲ့ အမေရဲ့ အကြံဉာဏ်တွေကလဲ အင်အားတရပ်ပါပဲ။ ဒီလိုနဲ့ သင်မယ့် ဆရာတွေရှာ၊ course outline ဆွဲ၊ သင်ရိုးညွှန်းတမ်း စာအုပ်ပြင်ဆင်၊ လက်ကမ်းကြော်ငြာ လုပ်၊ တီရှပ်နဲ့ ယောဂီတဘက် တံဆိပ်ရိုက် ... စသဖြင့်ပေါ့။ အဓိက လှုပ်ရှားသူကတော့ ကျမ အမကြီးပါပဲ။ သူဟာ စိတ်အားထက်သန်လွန်းတော့ ကျန်းမာရေး သိပ်မကောင်းတဲ့ကြားက ရှိသမျှ အလုပ်တွေ အားလုံးလိုလို သူပဲ ဒိုင်ခံပြီး လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၈ နာရီတိတိမှာ English for Buddhism သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။


သင်တန်းကို level ၃ ခု ခွဲထားပါတယ်။ level 1 မှာ အသက် ၅ နှစ်က ၈ နှစ်ထိ၊ level 2 မှာ ၉ နှစ်က ၁၂ နှစ်၊ အသက် ၁၃ နှစ် အထက်က level 3 လို့ သတ်မှတ်ထားပါတယ်။ လာတက်ကြတဲ့ သူတွေထဲမှာ အငယ်ဆုံး ၅ နှစ် ကနေ ၁၇ နှစ်ထိ ပါပြီး ကျောင်းသားပေါင်း ၅၀ နီးပါး လာတက်ကြတယ်။



ကျောင်းသားတွေ တူညီဝတ်စုံဖြစ်အောင် MAY တံဆိပ် တီရှပ်နဲ့ ယောဂီတဘက်လေးတွေ တယောက်တထည်စီ ပေးပါတယ်။ ယောဂီတဘက်လေးတွေ ဆင်တူနဲ့ ကလေးတွေကို ကြည့်ရတာ အင်မတန် ကျက်သရေ ရှိလှတယ်။


အောက်တိုဘာ ၃၀ ရက် သီတင်းကျွတ် လပြည့်နေ့ မှာတော့ မေတ္တာနဲ့ လာရောက် ကူညီ သင်ကြားပေးတဲ့ ဘုန်းဘုန်း ၂ ပါးနဲ့ ဆရာ ၂ ဦးကို ဂါရ၀ပြုတဲ့ ဆရာ ကန်တော့ပွဲလေး ကျင်းပပြုလုပ်ခဲ့ပါတယ်။ သင်ပေးတဲ့ ဘုန်းဘုန်း ၂ ပါးကတော့ ဒေါက်တာဦးဝိသုတနဲ့ ဦးသီလာစာရ တို့ ဖြစ်ပြီး ဆရာ ၂ ဦးကတော့ ဆရာကြီး ဦးလှမင်း နဲ့ ဆရာဦးသန့်ဇင် (ဘလော့ဂါ ကိုမင်းထက် MA Religion-UK) တို့ပါပဲ။ ဆရာတွေကို ကန်တော့ဖို့ ကျမရေးထားတဲ့ ကန်တော့ချိုးလေးကို ရှေ့က တိုင်ပေးပြီး ကလေးတွေက လိုက်ဆိုကြတယ်။ ကလေးတွေကို စေတနာ သဒ္ဓါသလို ကန်တော့လို့ရတယ်၊ ပစ္စည်းနဲ့မှ မဟုတ်ဘူး၊ လက်အုပ်ချီပြီး ကန်တော့လဲ ရတယ် လို့ ပြောထားပေမဲ့ သူတို့လေးတွေ ဆရာကန်တော့ဖို့ ယူလာတဲ့ ပစ္စည်းတွေဟာ မနည်းမနောပါပဲ။



အပေါ်ထပ် ဘုရားခန်းထဲမှာ အားလုံးစုပေါင်း ဘုရားဝတ်ပြု၊ သီလယူပြီး တရားနာကြတယ်။ သီတင်းကျွတ်နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေကို ဆရာတော် ဦးဝိသုတက ဟောကြားခဲ့ပါတယ်။



မနက် ၈ နာရီ သင်တန်းစချိန်တိုင်း နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတကာ ဗုဒ္ဓတေး၊ ဓမ္မတေးတွေကို သင်ပေးပါတယ်။ အဲဒီအချိန်မှာ တာဝန်ယူရတာကတော့ ကျမပါပဲ။ သံပြိုင်သီဆိုကြတဲ့ တေးသံတွေဟာ ကြားရသူ စိတ်နှလုံး ညွတ်နူးစေတဲ့အပြင် ကြက်သီးများတောင် ထရတယ်လို့ နားထောင်သူတွေက ပြောပြကြတယ်။


နေ့စဉ်လိုလို ကျောင်းသားတွေထဲက အလှူရှင်တွေ ရှိပါတယ်။ အချိုရည်၊ မုန့်၊ သစ်သီး စသဖြင့် လှူကြတယ်။ အလှူရှင် မရှိတဲ့နေ့အတွက်တော့ ကျမတို့ ကျောင်းက တာဝန်ယူ လှူဒါန်းပါတယ်။


သင်တန်းမပြီးခင် တရက်မှာ MRTV4 က ကိုထွဋ်ခေါင်နဲ့အဖွဲ့ ရောက်လာပြီး ဒီသင်တန်းကို ရုပ်သံ လာရိုက်ပါတယ်။


ရုပ်/သံ ရိုက်တာမို့ အဖန်ဖန် အထပ်ထပ် ရိုက်ရပေမဲ့ ကလေးတွေက ပျော်နေတာပါပဲ။


သီချင်းတွေ အခေါက်ခေါက် ဆိုပေးရလဲ မမောမပန်းတမ်း ဆိုကြတယ်။


ကလေးတွေကို အလွှမ်းမိုးနိုင်ဆုံးကတော့ ဆရာဦးသန့်ဇင်ပါပဲ။ သူ့ကလေးတွေကို ရုပ်/သံရိုက်ရင် ဘယ်လိုနေရမယ် ပြောရမယ်ဆိုတာ ညွှန်ကြားပေးနေတာပါ။

ရုပ်/သံ ရိုက်ဖို့ ညီညီညာညာ ဘုရားရှိခိုး

ဘုန်းဘုန်း ၂ - ပါး နဲ့ အင်တာဗျူး

ဆရာဦးသန့်ဇင်နဲ့ အင်တာဗျူး

level 3 ကျောင်းသူလေးနဲ့ အင်တာဗျူး


အားလပ်ချိန် lunch break မှာ ဘောလုံးကစားနေကြတဲ့ ကလေးတွေကို ကြည့်ပြီး ကျမက အမေရိကန်ရှောင်လင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သွားသတိရမိတယ်။


ယောဂီတဘက်တွေပတ် ပုဆိုးလေးတွေမ-ပြီး ပြေးလွှားကစားနေကြတဲ့ ကလေးတွေကို ကြည့်ရတာ ရယ်လဲ ရယ်ရ အင်မတန်လဲ ချစ်ဖို့ကောင်းပါတယ်။

ထိပ်ဆုံးမှာ မမြသွေးနီသားလေး အံ့မော်ကွန်း (သားပြည့်)

ကစားချိန်မှာ ကစားသလို mock test လုပ်တော့လဲ တလေးတစား ဖြေဆိုကြတယ်။


Life of Buddha ထဲက unit 1 Buddha အကြောင်း ဖြေနေကြတဲ့ level 2 ကလေးတွေပါ။ ကျမ အချစ်ဆုံး ချာတိတ်လေး တွေပေါ့။ သူတို့အတန်းက လူအညီဆုံးနဲ့ ပျော်ဖို့အကောင်းဆုံးပါပဲ။


level 2 မှာ စုစုပေါင်း ကျောင်းသား ၁၈ ယောက်ရှိပြီး ၁၅ ယောက်က ယောက်ျားလေးတွေ ဖြစ်နေတယ်။ ၃ ယောက်ပဲ မိန်းကလေးပါတာကို အံ့သြစရာ တွေ့ရတယ်။


သင်တန်းဆင်းပွဲမှာ ပေးဖို့ certificate မှာ လက်မှတ်ထိုးနေကြတဲ့ ဆရာတွေပါ။ ဆရာတွေလဲ ဒီလို သင်တန်းမျိုးမှာ သင်ပေးရတာ ကျေနပ် ပီတိ ဖြစ်နေကြပါတယ်။

သင်တန်းဆင်းပွဲနေ့ level 2  (group 1) ကလေးတွေရဲ့ သီဆိုမှု

သင်တန်းဆင်းပွဲနေ့ level 2 (group 2) ကလေးတွေရဲ့ သီဆိုမှု

level 3 ကျောင်းသား ကျောင်းသူများရဲ့ သီဆို ဖျော်ဖြေမှု
level 1 ကလေးများရဲ့ သရုပ်ပြ သီဆို ဖျော်ဖြေမှု

ဆရာများ နားနားနေနေ

သူတို့လဲ စိတ်ဝင်တစား လာကြည့်တယ်။

သင်တန်းနောက်ဆုံးနေ့က ကျောင်းသား ကျောင်းသူများ

သင်တန်းနောက်ဆုံးနေ့မှာ quiz လေးတွေ အမေးအဖြေ မေးပြီး ပြိုင်ပွဲလေးကျင်းပပေးပါတယ်။ level အလိုက် ပ၊ ဒု၊ တ ဆုကြေးတွေ သတ်မှတ်ပေးထားတာမို့ ကလေးတွေလဲ စိတ်လှုပ်ရှားစွာ ယှဉ်ပြိုင်ကြတယ်။ အချိန်အခက်အခဲကြောင့် သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲနဲ့ ဆုချီးမြှင့်ပွဲကို အဲဒီနေ့က မလုပ်ခဲ့လိုက်ရဘူး။ ကျမအမကြီးကတော့ ဟိုတယ် တခုခုမှာ လုပ်ပေးမယ်လို့ ကြေငြာခဲ့ပါတယ်။


ဒါက သီတင်းကျွတ် သင်တန်းရဲ့ leaflet ပါ။ ဆက်သွယ်ဖို့ လိပ်စာ ဖုံးနံပါတ် ပါပါတယ်။
၉ ရက်တာ သင်တန်းလေးပေမဲ့ ပြင်ဆင်ရတာက အတော်များပါတယ်။ ၉ ရက်ဆက်တိုက် မနားတမ်းမို့ အားလုံးလဲ ပင်ပန်းကြတယ်။ ဒါပေမဲ့ မငြီးမငြူဘဲ ကျရာတာဝန်ကို ပျော်ပျော်ပါးပါး ဆောင်ရွက်ကြပါတယ်။ ကျမတို့ ညီအမ နှစ်ယောက်လဲ တနေ့တနေ့ ပီတိတွေနဲ့ မောရမှန်း မသိပါဘူး။ တနေ့တာ ပြီးဆုံးတိုင်း အဝေးက မိဘနှစ်ပါးနဲ့ ကျန် မောင်နှမ နှစ်ယောက်ကို ပြန်ပြောရင်း ကုသိုလ်တွေ ပွါးများစေပါတယ်။ ဒီသင်တန်းလေး ပြီးသွားတော့ ထပ်တက်ချင်ကြတဲ့ ကလေးတွေ၊ နောက်ကျမှ သိရလို့ မတက်လိုက်ရတဲ့သူတွေ ... အားလုံးအတွက် ကျမအမကြီးက ဒီဇင်ဘာ ပိတ်ရက်မှာ ၉ ရက်သင်တန်းလေး ထပ်လုပ်အုံးမယ်လို့ စိတ်ကူးထားပါတယ်။ တက်ချင်တဲ့သူတွေရှိရင်လဲ ကျမတို့ MAY International School ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

***
မေဓာဝီ
၆၊ ၁၁၊ ၁၂
မြန်မာစံတော်ချိန် ၈း၁၅ နာရီ

(မှတ်ချက်။ ။ အင်တာနက်နှေးလွန်းလို့ ပုံတွေကို မနည်းတင်ရတယ်၊ ပုံတွေများလွန်းလို့ ကြည့်ရတာ မျက်စိနောက်ရင် သည်းခံကြပါရှင်။ ၉ ရက်စာ ရိုက်ထားတာ မနည်းမနောမို့ ဘရိတ်အုပ်ပြီး ဒီလောက်ပဲ တင်လိုက်ပါတယ်။)

Read More...

Friday, October 19, 2012

မှိုတက်သွားသော ပန်းသီးချဉ်များအကြောင်း


(၁)
အချစ်ပျောက်ရှာပုံတော်

တနေ့သ၌ မေဓာဝီတယောက် ဦးရီးတော်၏ စီးတော်ယာဉ်သိုလှောင်ရာ ရုံထဲတွင် တစုံတရာကို အားကြိုးမာန်တက် ရှာဖွေနေသတတ်။ နံရံကပ်စင်မြင့်မှအစ၊ ဘီရိုပုလေးများ အလယ်၊ တိုလီမုတ်စ ထည့်သည့် ပလပ်စတစ်ဇကာလေးများ အဆုံး တကုံးကုံး ရှာဖွေရင်း နှုတ်မှ အချစ် အချစ် … အချစ်ဘယ်ရောက်သွားပါလိမ့်ဟု မြည်တွန်တောက်တီးကာ မော့တန်မော့ ငုံ့တန်ငုံ့ ခြေဖျားထောက်လိုက် ခါးကိုင်းလိုက်နှင့် ချောင်ကြိုချောင်ကြား မကျန် ပြူးပြဲရှာဖွေသော်လည်း အချည်းနှီးပင်။ ဘိလပ်၏ အေးချမ်းသော ဆောင်းဦးရာသီတွင်ပင် နဖူးကချွေး နသယ်စပ် ရောက်မတတ် အိုက်စပ် ပင်ပန်းကြီးစွာ အချစ်ကို ရှာဖွေရင်း နောက်ဆုံးတော့ လက်လျှော့လိုက်ရချေပြီ။
သြော် … အချစ် … အချစ် … မည်သို့ပင် ရှာရှာ … သင့်အား ရှာဖွေ၍ မတွေ့လေတော့ပြီတကား။
သင် … ဘယ်မှာလဲ … အချစ် … ။
***
(၂)
ရေများရာ မိုးရွာ

ဤ အချစ်ပျောက်ရှာပုံတော်သည် ဦးရီးတော်၏ ဂေဟာ ရေလွှမ်းမိုးခြင်းမှ အစပြုလေသည်။ ကျမ မြန်မာပြည်မှာရှိနေစဉ် တခုသော ကြာသပတေးနေ့၏ ညနေခင်း၌ ဘိလပ်၏ အနောက်အလယ်ပိုင်း ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းလေသည်။ ထိုရောအခါ ဦးရီးတော် ဂေဟာတည်ရှိရာ ရွာငယ်ကလေးရှိ လမ်းမကြီးပေါ်မှ ရေများသည် စနစ်တကျ ဖောက်လုပ်ထားသော ရေမြောင်းတွင်းသို့ အလျင်မီအောင် မစီးဆင်းနိုင်တော့ဘဲ မြေအနိမ့်ပိုင်းရှိရာ ဦးရီးတော် ဂေဟာသို့ ၀င်လာမစဲ တသဲသဲ ရှိလေတော့သည်။ ထိုနေ့က ကြာသပတေးနေ့တို့ ထုံးစံအတိုင်း ဦးရီးတော်က တနေကုန် အလုပ်ဆင်းရသဖြင့် အိမ်၌ မရှိ။ အိမ်မှာ အိမ်ရှင်မရှိသော်လည်း ကိုရွှေဧည့်သည် မိုးရေများသည် အိမ်ရှင်ပြန်လာသည်ကိုပင် မစောင့်နိုင်အားဘဲ ဂိုဒေါင်ထဲမှ မီးဖိုချောင်၊ မီးဖိုမှတဆင့် ဧည့်ခန်း၊ ထိုမှ အိမ်သာ ဖိနပ်ချွတ် စသဖြင့် တဆင့်ပြီးဆင့် ချဉ်းနင်း ၀င်ရောက်ရင်း အိမ်အောက်ထပ် တထပ်လုံး ဖြန့်ကျက် ပြန့်နှံ့၍ နေလေတော့၏။ ဦးရီးတော် အလုပ်ပြီး၍ အိမ်ပြန်ရောက်သော် အိမ်အောက်ထပ် တထပ်လုံးရှိ ကော်ဇောများမှာ ကျူးကျော်သူ မိုးရေများကြောင့် နင်းရက်စရာပင် မရှိတော့ချေ။ သို့ဖြင့် …. … … ။

အာမခံဌာနက ဦးရီးတော်အား ဟိုတယ်မှာ သွားနေဟု ဆိုသော်လည်း မနေ၊ အိမ်ခန်းငှားပေးမည်ဆိုလည်း လက်မခံ၊ မိုးရေလွတ်ရာ အိမ်ပေါ်ထပ်ရှိ အိပ်ခန်းတွင်း၌ပင် နေထိုင်ရင်း အောက်ထပ်မှ ပစ္စည်းများကို ရေလွတ်ရာရွှေ့၊ ပျက်စီးသည်များကို လွှင့်ပစ်ပြီး နေလာလိုက်ရာ ပစ္စည်းတွေ ဟိုရောက် ဒီရောက် ဗြောင်းဆန် ကုန်လေတော့သည်။ ထိုအခါ ကားဂိုဒေါင်ဟု သတ်မှတ်ချက်အတိုင်း ခေါ်ဆိုရသော်လည်း ကားမှလွဲ၍ အကုန်ထည့်ထားသည့် နေရာရှိ ပစ္စည်းများသည်လည်း ကျမ ပြန်လာသောအခါ ဘယ်ဆီရောက်၍ ဘယ်ဆီပေါက်ကုန်မှန်း မသိတော့ပါချေ။ ကျမ မြန်မာပြည် မသွားခင် ထားထားသည့် ခြေရာလက်ရာ ဖိနပ်ရာများသည် မိုးရေတိုက်စားခြင်းကြောင့် ပျက်ယွင်းကုန်ပါပကော။ ဂိုဒေါင်ထဲရှိ သံချောင်းတွင် ချိတ်ထားသော ကျမအချစ်သည်လည်း လွှင့်ပစ်ပစ္စည်းထဲ ပါသွားလေသလား၊ မမြင်နိုင်သည့် ချောင်ကြိုချောင်ကြားထဲပဲ ညပ်နေလေမလား … ။ စဉ်းစားရခက်ပါဘိတော့ … ။

သြော် အချစ်ကို ဂိုဒေါင်ထဲ ချိတ်သည်ဟူ၍ တမျိုးမထင်ကြပါနှင့်။ အမှန်တကယ်ကား တပေါင်ဖိုး ၃ လုံးဖြင့် ၀ယ်လာသော မုန်လာဥဖြူတွေကို ခြစ်၍ သုတ်မည်ကြံကာ ခြစ်သည့် စိန်ခလုတ် လိုက်ရှာနေခြင်းပင်။ (ဒီတခါလဲ ယပင့် (-ျ) နဲ့ ရရစ် (ြ- ) ပြောင်းဖတ်ပေးကြပါအုံးဗျို့။)
***
(၃)
အစားထိုးလိုက်ရသော အချစ်များ

အခြစ် (ခုတော့ စာလုံးပေါင်း မှန်သွားပြီ) ရှာမတွေ့သည့် နောက်ဆုံး လက်လျှော့လိုက်ရသော်လည်း ကိစ္စမရှိ၊ ကျမက အခြစ်ကို အစားထိုးတတ်ပါသည်။ ငကန်းသေ ငစွေပေါ်လိမ့်မယ် ဟူသော စကားပုံအရ … အခြစ်မရှိသည့်နောက် မုန်လာဥများကို မခြစ်ဘဲ ဓားလေးနှင့် စွေစွေကလေးလှီးကာ ဦးရီးတော်ကို သုပ်ကျွေးလိုက်သည်။ ထိုအခါ ဦးရီးတော်က တခါတုန်းက ပန်းသီးများကို ခြစ်ပြီးသုပ်ကျွေးဖူးတာ အမှတ်ရသည်ထင့် … စားရင်းသောက်ရင်း ပန်းသီးအကြောင်း စကားစ လေတော့သည်။ (ခုမှ ပန်းသီးဇာတ်လမ်းက စမှာ)
***
(၄)
မေ့လျော့ခံ ပန်းသီးများ

“သမီး ပန်းသီးအချဉ်တည်ထားတာတွေ ဂိုဒေါင်ထဲမှာ ရှိသေးတယ်နော် … မှိုလေးတွေတောင် တက်နေပြီ”

ဦးရီးတော်က ထိုသို့ပင်၊ မှိုတက်တာတောင် နူးညံ့ညင်သာစွာ မှိုလေးတွေ တက်နေပြီဟု ချစ်စဖွယ် သုံးနှုန်းပေသည်။ ဦးရီးတော်ပြောမှ ကျမလည်း ထိုပန်းသီးချဉ် ပုလင်းကြီးကို သတိရမိ၏။ စာဖတ်သူများ မှတ်မိကြလေမလားတော့ မသိ။ တချိန်က ခြစ်၍မကုန်သော ပန်းသီးများကို ပုလင်းကြီးတလုံးနှင့် ဆားရည်စိမ်ပြီး အချဉ်တည်ထားသည်မှာ တနှစ်ပင် ကျော်လုပြီ။ ကျမလည်း ထိုပန်းသီးများ ရခါစ၌သာ ခြစ်၍ သုတ်ခြင်း၊ ချက်ခြင်းများ စွမ်းစွမ်းတမံ ပြုလုပ်သော်လည်း ကြာလာသောအခါ ဆားရည်စိမ် ပန်းသီးပုလင်းကြီးအား ဂိုဒေါင်ထဲ သိမ်းထားရင်း မေ့လျော့၍ သွားလေသည်။ ဦးရီးတော်၏ ဂိုဒေါင်၌ ကုန်ပစ္စည်းအ၀င်က များ၍ အထွက်ကား နည်းလှ၏။ စားသုံးသူဟူ၍ ကျမနှင့် ဦးရီးတော်သာ ရှိသည်မို့ ပထမ ၀ယ်ထားသည့် ပစ္စည်းများ မကုန်ခင် နောက်ထပ် ရောက်ရောက်လာပြန်ရာ အလျင်မီအောင် မနည်းစားနေရသည်။ demand နည်းပြီး supply များနေသည်ဟု ဆိုရလေမလား။

ကျမက စာရင်းအင်း ပညာသည်ပီပီ ကုန်ပစ္စည်း စီမံခန့်ခွဲမှု (inventory management) အရာ၌ အလွန်ကျွမ်းကျင် လိမ္မာသည်မို့ စာထဲမှာ သင်ရသည့်အတိုင်း FIFO (First In First Out) စနစ်လဲ မသုံး LIFO (Last in First Out) စနစ်လဲ မသုံးဘဲ LTY-STK (လက်သင့်ရာ စားတော်ခေါ်) သည့်စနစ်သာ ကိုယ့်ဘာသာ တီထွင် ကျင့်သုံးနေရကား အနှီ ပန်းသီးပုလင်းကြီးသည် လက်မသင့်သည့် စာရင်းထဲ တစတစ ရောက်သွားရှာလေရာ စားတော်ခေါ်သည့် အဆင့်သို့ ရောက်မလာတော့ပေ။ ကျမ မြန်မာပြည်၌ ခြောက်လကြာနေထိုင်ပြီး ဘိလပ်သို့ ပြန်ရောက်လေသော် မေ့လျောခံ ပန်းသီးချဉ်ပုလင်းသည် မှိုများ ခ-လို့နေလေပြီတည့်။

“ဟင် … ဟုတ်လား … မှိုတက်ကုန်ပြီလား”

မအံ့သြသော်လည်း အံ့သြလေဟန် ကျမက မေးရသည်။

“အေး … မှိုတွေနဲ့ လွှင့်ပစ်လိုက်တော့”

ဂိုဒေါင်ထဲရှိ တချို့ပစ္စည်းများ ကျမ မရောက်ခင် လွှင့်ပစ်သည့် စာရင်းထဲ ပါသွားသော်လည်း ပန်းသီးချဉ် ပုလင်းကြီးကိုတော့ဖြင့် မည်သူမျှ လွှင့်မပစ်ကြဘဲ ဦးရီးတော်က ကျမကိုသာ ပစ်မိန့်ပေးလိုက်ပေ၏။ ကျမလည်း ဂိုဒေါင်ထဲ ၀င်ခလုတ် ထွက်ခလုတ် သွားနေပြီး ပန်းသီးပုလင်းကြီးကို မျက်စိဖြင့် ခဏခဏ မြင်နေရပေမယ့် တော်တော်နဲ့ လွှင့်မပစ်ဖြစ်။
***
(၅)
မှိုတက်သွားသော ပန်းသီးချဉ်များ

အချဉ်ဆိုသည်မှာ နှစ်ပေါက်အောင် တည်ရသည်ဟု ကျမက တိတ်တခိုး ဆင်ခြေပေးမိသေးသည်။ ၂၀၀၈ ခုနှစ်က ကြီးတော်ကြီး မြန်မာပြည်မှ ဘိလပ်သို့ အလည်လာခိုက် သံပုရာသီးများ အချဉ်တည်ပေးထားရာ ၁ နှစ်ခွဲ ၂ နှစ်လောက် ကြာမှ ဖွင့်စားသော် အိစက် ပျော့ပြောင်း၍ အနံ့အရသာနှင့် အလွန်တရာ ပြည့်ဝလေသည်။ သို့သော်လည်း မုန်လာချဉ် ပဲတီချဉ်များကတော့ နှစ်ပေါက်အောင် ထား၍မရ။ နေပူလျှင် တပတ်ဆို ချဉ်ပြီ။ ပိုထားလျှင် အချဉ်လည်သွားပြီး စား၍ မကောင်းတော့။ ပဲတီချဉ်ဆိုလည်း ကြာကြာထားက ရိသွားတတ်၏။ ပန်းသီးချဉ်ကတော့ တခါမှ မတည်စဖူး ဦးဆုံးအတွေ့အကြုံမို့ ဘယ်လောက် ထားရမှန်း မသိသည့်အပြင် မေ့လျော့သွားသည်က တကြောင်း၊ ခရီးထွက်သည်က တကြောင်းတို့ကြောင့် ယခုကဲ့သို့ မှိုများလာရောက် စုဝေးရခြင်း ဖြစ်ပေ၏။


ဤသို့ဖြင့် မိုးအုံ့သော နေ့တနေ့မှာ ပန်းသီးချဉ် ပုလင်းကြီးကို အိမ်ပြင်ထုတ်၍ ဖွင့်သည်။ ပုလင်းကို ပလပ်စတစ်ဖြင့် ဖုံးကာ ပိတ်ထားသဖြင့် အပေါ်ယံတွင် တက်နေသော မှိုများကို ရုတ်တရက် မမြင်ရ။ ထိုသို့ပင် လောကကြီးသည် တခါတရံ အမြင်အာရုံကို လှည့်စားတတ်ပေသေးသည်။ ပုလင်းဖုံးကို ဖွင့်၍ ပလပ်စတစ် ခွါလိုက်သော် … …



ဘိလပ်ဆောင်း၏ ဆွတ်ဆွတ်ဖြူသော နှင်းပွင့်များသဖွယ် ပန်းသီးများထက်၌ မှိုပွင့်ဖြူများ လွှမ်းခြုံထားသည်ကို မြင်တွေ့ရလေတော့သည်။ အချိန်ကာလ၏ တိုက်စားမှုကြောင့်လေလား နေရာဌာန၏ မိုက်မှားမှုကြောင့်လေလား ပန်းသီးများ မှိုတက်၍သွားလေပြီ။ (ဘာမှလဲ မဆိုင်ဘူး။)

ကျမကရော ဘာများတတ်နိုင်အုံးမည်နည်း။
လွှင့်ပစ်ရုံမှတပါး အခြားမရှိပြီလေ … ။
***
နိဂုံး

မှိုတက်သွားသော ပန်းသီးများကို ဆက်လက်သိမ်းဆည်းထားရန် ကျမ မမိုက်မဲ။
အချိန်မီ မစားလိုက်ရ လေခြင်းဟုလည်း နောင်တမရမိ။
လွှင့်မပစ်ရက် ဟူ၍လည်း နှမြောတသခြင်း ဖြစ်မနေ။


သူ့သဘောသူဆောင် သူ့သဘောင်သူဆောသည့် လောကကြီးတွင် ပန်းသီးချဉ် တပုလင်းသည် အရေးကြီးသည့် ကဏ္ဍမှာ ရှိနေမည် မဟုတ်ဟု ယုံကြည်သည့် အတိုင်း ပန်းသီးများကို ပုလင်းထဲမှ ထုတ်လိုက်သည်။ အမှိုက်ပုံးထဲ မထည့်ခင် ပုလင်းကို ဖုံးခဲ့သည့် ပလပ်စတစ် အိတ်ဖြင့် ထိုပန်းသီးများကို ထုပ်လိုက်သည်။ လက်ကျန် သံယောဇဉ် တပဲနိဖိုးလောက်ဖြင့် ပန်းသီးလေး တလုံးကို လက်သည်းနှင့် ဆိတ်ကြည့်တော့ မာနေတုန်း၊ ပျော့ရိမနေ။ သို့ပေသိ မှိုတက်နေသော ထိုအရာများကို မစားကောင်းသည့် အသီးဟု သဘောထားကာ အိတ်ထဲ အမြန်ထည့်၍ အမှိုက်ပုံးထဲ ပစ်လိုက်လေတော့သည်။ (ပန်းသီးပေးသူကိုတော့ အားနာပါ၏)
***
အားလုံးပြီးဆုံးသွားတော့ … ပန်းသီးချဉ်ပုလင်းကြီးကို ဆပ်ပြာရည်ဖြင့် ဆေးကြော၍ နေလှန်းလိုက်သည့်အခါ ပုလင်းကြီးသည် ခန့်ညားထည်ဝါစွာဖြင့် နောက်တခါ အချဉ်တည်ရန် အသင့် ဖြစ်၍ နေချေပြီတကား။
***
ပန်းသီးများ မှိုမတက်ခင် အမြန်စားသုံးနိုင်ကြပါစေ …

မေဓာဝီ
၁၉၊ အောက်တိုဘာ၊ ၂၀၁၂
၀၀း၀၁ နာရီ

Read More...

Tuesday, October 16, 2012

ပြောပါရစေ …

***
ကျမနဲ့ မြန်မာပြည်ခရီး (အပိုင်း - ၁) ရေးပြီး အပိုင်း ၂ ကို မဆက်ခင် ပြောချင်တာလေးတွေရှိလို့ ဒီစာကို ချက်ချင်း ရေးခဲ့ပေမယ့် မအားတာနဲ့ အဆုံးမသတ်နိုင်ခဲ့ဘူး။ အခုမှ ပြန်ဖတ် ပြန်ပြင် ပြန်ဖြည့်ပြီး တင်လိုက်ပါတယ်။

ပြောချင်တာက ပထမပို့စ်ရဲ့ ကွန်မန့်လေးတွေနဲ့ ပတ်သက်လို့ပါပဲ။ အဲဒီပို့စ်မှာ Anonymous တယောက်က ခုလို လာရေးခဲ့ပါတယ်။
***
Anonymous said...
ဘာတွေဘယ်လို ဘယ်လောက်ဆိုးဆိုး ကိုယ့်နိုင်ငံကဆို သစ်ရွက်၊ သစ်မြစ်လေးတွေကအစ နှစ်သက်မြတ်နိုးပါတယ်။

မြန်မာပြည်က ဆီတွေက မသန့်တာတွေ၊ ဆေးဆိုးထားတဲ့ အစားအစာတွေ၊ ပိုးသတ်ဆေးဖြန်းထားတဲ့ အသီးအနှံတွေ၊ တာရှည်ခံအောင် စီမံထားတာတွေ၊ အတိုင်းအဆမရှိ သုံးစွဲတဲ့ ဓာတုပစ္စည်းတွေ စတဲ့ စားသောက်ကုန်တွေ စားပြီးရှင်သန်နေရတဲ့ အဖွား အသက် ၈၆နှစ် ရှည်ပြီး ကျန်းမာနေတုန်းပါပဲ။
10/01/2012 2:58 PM
***
ဟုတ်ကဲ့ … အဖွား အသက်ရှည် ကျန်းမာတာ ၀မ်းသာပါတယ်။ တခုရှိတာက လူတယောက် ကျန်းမာ အသက်ရှည်ဖို့ရာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရား လေးပါးကြောင့်လို့ မှတ်သားခဲ့ဖူးပါတယ်။ ဒါကြောင့် လူတွေအတွက် အာဟာရဖြစ်စေတဲ့ အစားအသောက်ဟာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်တာပေါ့။ ဒါပေမဲ့လဲ အာဟာရတခုထဲလား ဆိုတော့ ဟုတ်မှ မဟုတ်ဘဲ။ တခြား အကြောင်းသုံးပါးကိုလည်း မေ့ထားလို့မှ မရတာလေ။ ဒါကြောင့် healthy food တွေချည်း ဘယ်လိုစားနေနေ ကိုယ့်ကံပါလာသလောက်ပဲ နေရမှာပဲ၊ ကံကုန်ရင် သေမှာပဲ။ တွေ့ကရာ ရှစ်သောင်း စားနေလဲ ကိုယ့်ကံ အကျိုးပေးက ကောင်းနေရင် အသက်ရှည်မှာပဲ။ ဒါကြောင့် အသက်ရှည်ခြင်း တိုခြင်း ကျန်းမာရေး ကောင်းခြင်း ဆိုးခြင်းဟာ အစားအသောက်နဲ့ သက်ဆိုင်ပေမဲ့လဲ အစားအသောက် တခုထဲပေါ်မှာတော့ မူတည် မနေပါဘူး။

ကြုံလို့ပြောရရင် ကျမအဘိုး (ဘုန်းကြီး) ဟာ အသက် ၈၄ နှစ်မှာ ပျံလွန်တော်မူခဲ့တယ်။ သူ အသက် ၁၃ နှစ်သားကတည်းက ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်ခဲ့တာ ပျံတော်မူတဲ့ အထိပဲ။ ဆေးပေါ့လိပ်၊ စီးကရက်၊ ဆေးတံ၊ ဆေးပြင်းလိပ် … အကုန်သောက်ခဲ့ဖူးပါသတဲ့။ ကြိုကြားကြိုကြား ကွမ်းလဲ စားသေးတယ်။ အဘိုးသောက်ပြီး ချထားတဲ့ ဆေးလိပ်တိုလေးတွေ ယူယူဖွာရင်း အသက်ကြီးမှ ဆေးလိပ် သောက်တတ်သွားတဲ့ ကျမအဘွားကတော့ အသက် ၅၀ ကျော်မှာပဲ ကင်ဆာ ရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ (အဘွားဆုံးပြီးမှ အဘိုးက ဘုန်းကြီးဝတ် လိုက်တာပါ။) ဆိုတော့ … ဆေးလိပ်သောက်ရင် ရောဂါဖြစ်မယ်၊ အသက်ငယ်ငယ်နဲ့ သေမယ်လို့ ဒီ့ပြင်လူတွေက ပြောပေမဲ့ အဘိုးက ငါ ၁၃ နှစ်သားကတည်းက သောက်လာတာကွ … ဘာမှမဖြစ်ဘူးလို့ ပြန်ပြောတတ်တယ်။

ဒါကြောင့် လူတယောက်နဲ့ တယောက်က နေထိုင်တဲ့ ဒေသချင်း၊ စားသောက်တဲ့ အစားချင်း တူရင်တောင် (တနည်း - ဥတုနဲ့ အာဟာရချင်း တူရင်တောင်) ကံချင်း မတူညီတာကြောင့် အကျိုးပေးချင်းလဲ ကွာခြားနိုင်ပါတယ်။ သူမသေတိုင်း ငါမသေတော့ဘူးလား။ ဆေးလိပ်ကို တလိပ်နဲ့ တလိပ် မီးကူးပြီး အငွေ့ထောင်းထောင်း ထအောင် သောက်လာတဲ့ အဘိုးက တော်တော်နဲ့ မသေတာနဲ့ ၁၃ နှစ်သားမှာ ဆေးလိပ်သောက်သူသည် ၈၄ နှစ်ထိ နေရ၏ လို့ အဆိုတင်သွင်းလို့ မရနိုင်ပါဘူး။ အများအတွက် မှန်ကန်တဲ့ အဆိုကတော့ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်” မဟုတ်လား။ ပြောချင်တာကတော့ … အချက်အလက်တခုကို အကျိုးအကြောင်းသင့် ပြောမယ်ဆိုရင် တဦးတယောက်ကို မကြည့်ဘဲ ယေဘုယျသဘောနဲ့ အများအတွက်ကို ကြည့်ပြီးမှ ပြောဖို့ လိုအပ်တယ် ဆိုတာပါ။
***
မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ မြန်မာပြည်ကို မချစ်တဲ့သူ ရှိမယ်မထင်ပါဘူး။ ကျမသည်လဲ ဒီထဲမှာ တယောက်အပါအ၀င် ဆိုပါတော့ … ။ မြန်မာပြည်ကို ချစ်လွန်းလို့ မြန်မာပြည်က အရွက်၊ အမြစ် မဆိုထားနဲ့ အစေ့အဆံရော၊ ပင်စည် အကိုင်းရော မြေကြီးထဲက ကျောက်တုံး ကျောက်ခဲလေးတွေပါ ကျမက ဘိလပ်အထိကို ယူလာပါတယ်။ ဟုတ်တယ် … ကျမ ယူလာတာတွေက … မြန်မာပြည်ဖြစ် ပရီးမီးယား လက်ဖျော်ကော်ဖီမှုန့်ထုတ် .. အဲဒါက အစေ့ပေါ့ … ကော်ဖီစေ့ကို ကြိတ်တာကိုး။ အရွက်ထဲမှာဆိုရင် ဆူးပုတ်ရွက်ခြောက်, ခွေးတောက်ရွက်ခြောက်။ အမြစ်က … ဂျူးမြစ် … ဟုတ်တယ် ပဲပုပ်နဲ့ ကြော်ထားတာ စားလို့အလွန်ကောင်း။ ပင်စည်ကတော့ ငှက်ပျောအူ အခြောက်တွေ .. မုန့်ဟင်းခါးထဲ ထည့်ချက်ရအောင်လို့ပါ။ အကိုင်းကတော့ သနပ်ခါးတုံးလေ … ဆောင်းတွင်း မလိမ်းနိုင်ပေမဲ့ နွေဆိုလိမ်းရသေးတာ။ ကျောက်တုံးကျောက်ခဲကလား … စိန်ကြောင် နီလာ လက်ဝတ်ရတနာတွေ ဘာတွေပေါ့ … ဟဲဟဲ။ အဲဒီလောက်ထိ ကိုယ့်ပြည်ကို ချစ်တတ်လွန်းတဲ့ ကျမပါ … ။


ကျမယူလာတဲ့ အခြောက်များ :)
 
အမှုန့် ... အစေ့ ..  အမြစ် ... အားလုံးကိုချစ်၏။
သို့ပေသိ … ရှိရှိသမျှ အစေ့အဆံ သီး ပွင့် ရွက် မြစ် အားလုံးကိုတော့ ကျမ မချစ်နိုင်ပေါင်ရှင်။ ဆိုကြပါစို့ … အုတ်တံတိုင်းနဲ့ အုတ်နံရံတွေမှာ ရေညှိတက်နေရင် ကြည့်လို့အင်မတန် ဆိုးတာမို့ အဲဒီရေညှိပင်တွေကို ကျမ မုန်းတယ်။ နောက်ပြီး “စေတီဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင်ဖျက်” ဆိုတဲ့စကား ရှိတယ်မဟုတ်လား … ဘုရားစေတီတွေမှာ တွယ်ကပ်ပေါက်နေပြီး တစစ ၀ါးမြိုသွားမယ့် ညောင်ပင်အမြစ်တွေ … ကျမ မကြိုက်ပါဘူး။ အဲဒီလို အပင်တွေ အမြစ်တွေကို ကျမလက်နဲ့ ကိုယ်တိုင် ဆွဲမနှုတ်နိုင်သည့်တိုင် နှုတ်နိုင်သူတွေ သတိမူစေဖို့ တတ်နိုင်သလောက် ညွှန်ပြပေးချင်စိတ်တော့ အရှိသားလား … ။ ကိုယ်တတ်နိုင်သလောက်ပေါ့။

ကျမ ပြောချင်တာ အဲဒီသဘောပါ။ ချစ်တာတော့ ချစ်တာပဲ … ချစ်တယ်ဆိုပြီး မျက်စိမှိတ် မချစ်ပါရစေနဲ့။ ခုလို ကိုယ်မြင်တာလေးတွေ အပြုသဘောနဲ့ ပြောတာမို့ ဒါကို ချစ်လို့ပြောတယ် မှတ်ပါ လို့သာ ဆိုပါရစေ … ။
***
နောက်တယောက်ကလဲ ခုလို ရေးထားပြန်ပါသေးတယ်။ သူကလဲ Myanmar Lover ပါတဲ့။

Anonymous said...
It depends. When I went back to visit Myanmar last three years ago, my intention was to enjoy street food in the city. As we all know that there are varieties of street food that we cannot buy or make it at home or elsewhere. If you are afraid of eating food in Myanmar, I will suggest you to not go. When we travel the city or country we have lived for our most of the life, our expectation should not be so high because Myanmar is not the first world country. In fact, it is one of the poorest nations in the world. So always keep in mind that "what you see is what you get." So if you think you can deal wth it, then you go. If you are not able to handle it, please just don't go. How simple is that!
Myanmar Lover
10/01/2012 8:57 PM
***
“ရှင်းရှင်းလေးပါ … ။ မြန်မာပြည်က အစားအသောက်တွေ စားရမှာကြောက်ရင် မသွားနဲ့ပေါ့ …” တဲ့။ အဲဒါဟာ ကျမတို့အတွက် အကောင်းဆုံး အဖြေလား … ။ ကျမတို့တွေ အများကြီး မျှော်လင့်လို့ မရဘူးတဲ့လား … ။

ကျမ မိတ်ဆွေအပေါင်းအသင်းနဲ့ စကားကြုံလို့ ပြောဖြစ်တိုင်း အမြဲ တမ်းတမ်းတတ ပြောမိတဲ့ စကားလေးတွေ ရှိတယ် … ။ မြန်မာပြည်က အရင်တုန်းကဆို နိုင်ငံတကာထက် ခေတ်ရှေ့ပြေးခဲ့တယ်၊ ခုမှ ခေတ်နောက်ကျသွားတာ ... လို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဥပမာ … စိုက်ပျိုးရေးကို ကြည့်မယ်ဆိုရင် အရင်တုန်းက သီးနှံတွေ စိုက်ပျိုးတဲ့အခါမှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေက ဓာတ်မြေသြဇာတွေ သုံးနေကြပေမဲ့ မြန်မာပြည်ကတော့ နွားချေးလို သဘာဝ မြေသြဇာမျိုးနဲ့သာ စိုက်ပျိုးခဲ့တာမို့ အော်ဂဲန်းနစ် သီးနှံတွေ ကျမတို့ စားခဲ့ရတယ်။ မွေးမြူရေးဆိုလဲ သူများနိုင်ငံတွေ လှောင်အိမ်ထဲ ပိတ်မွေးထားတဲ့ မွေးမြူရေးကြက်တွေ ဖောဖောသီသီ စားနေစဉ်မှာ မြန်မာပြည်မှာ ဗမာကြက်မျိုး/ ကြက်ဥမျိုးပဲ စားခဲ့ရတာ။ အခု တခြားနိုင်ငံတွေက free-range ကြက်/ကြက်ဥဆိုပြီး တွင်တွင်ကျယ်ကျယ် ဖြစ်လာတဲ့အချိန်ကျတော့ ကျမတို့ဆီမှာ မွေးမြူရေးကြက် (စီပီကြက် စီပီကြက်ဥ) ဆိုတာတွေ ပေါများလာပါတော့တယ်။ အဲ … မွေးမြူရေးဆိုလို့ အမျိုးသမီးတွေ ကလေးမွေးရင်လဲ အရင်က ရိုးရိုးပဲ ညှစ်မွေးကြတာပါ၊ သူများနိုင်ငံတွေ ခွဲမွေးနေတုန်းက မြန်မာအမျိုးသမီးတွေ ခေတ်မီစွာ သဘာဝအတိုင်း မွေးကြတယ်။ နောက်ပိုင်းမှ မြန်မာပြည်မှာ ခွဲမွေးတာတွေ ခေတ်စားလာတာ မဟုတ်လား။

နိုင်ငံတကာမှာက မကောင်းမှန်းသိရင် ဆက်မလုပ်ဘူး၊ နောက်ပြန်လှည့်ကြတယ်။ မြန်မာပြည်ကတော့ သူများတွေ နောက်ပြန်လှည့်ချိန်မှာ သူက ရှေ့တိုးလို့ကောင်းတုန်း … အဲဒါကိုမှ ခေတ်မီတယ် ထင်တုန်း။ ဒီနိုင်ငံတွေမှာ နောက်ပိုင်း ကလေးမွေးရင် ရိုးရိုးသဘာဝ အလျှောက်ပဲ မွေးဖို့ ဆရာဝန်တွေက ပညာပေးတယ်၊ ဆွဲဆောင်တယ်။ လိုအပ်မှသာ ခွဲမွေးကြတာ … တဲ့။ ကျန်းမာရေးကို ဂရုပြုသူတွေက ဓာတုဆေးဝါးတွေ မသုံးတဲ့ အော်ဂဲန်းနစ် သီးနှံတွေကိုသာ စားသုံးကြတယ်။ ဓာတ်မြေသြဇာသုံးရင်လဲ စားသုံးသူအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အတိုင်းအတာထိ မသုံးစွဲကြဘူး။ လမ်းဘေးဆိုင်တွေကလဲ ဆိုင်ရာက သတ်မှတ်ချက်တွေနဲ့အညီ သန့်သန့်ရှင်းရှင်းရောင်းကြတယ်။

ဘာများခက်လို့လဲ … အဲဒီလောက်တော့ ကျမတို့ မျှော်လင့်ခွင့် ရှိမယ်လို့ ထင်တာပါပဲ။ မြန်မာပြည်ကို ချစ်တယ်ဆိုတာ အရွက်တွေ အမြစ်တွေ ထိုင်ချစ်နေရုံနဲ့ မဖြစ်ပါဘူး။ မျက်စိမှိတ်ပြီး ချစ်နေလို့က … နှစ်ရာ ရောက်ပါတယ်။ “ဒီမှာကတော့ ဒီလိုပဲအေ့ … ညည်း မကြိုက်ရင် မလာနဲ့ အေ … ဒါပဲ” ဆိုတာကလဲ မှန်ကန်တဲ့ အဖြေမဖြစ်နိုင်ပါဘူး။ လုပ်ရမယ့် နည်းလမ်းတွေ၊ လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတာပါပဲ။ လုပ်ချင်ဖို့နဲ့ လိုက်လုပ်ဖို့ပဲ လိုနေတာ မဟုတ်လား။
***
စာလဲ ရှည်သွားပါပြီ။ ဒီစာနဲ့ ပတ်သက်ပြီးလဲ လွတ်လပ်စွာ အမြင်ကွဲပြားနိုင်ပါတယ်။ ကျမစာဖတ်ပြီး မှတ်ချက်ပေးသူ အမည်ပါပါ မပါပါ ကျမ လေးစားပါတယ်။ အမည်မပါပေမဲ့ ကိုယ့်အမြင် ကိုယ့်အတွေးကို ချရေးသွားတာပဲလေ။ တခုတော့ တောင်းပန်ပါရစေ … ကျမ စာအရေးအသားနဲ့ တင်ပြပုံ ညံ့ဖျင်းရင်တော့ ခွင့်လွှတ်ကြပါရှင်။
***
အားလုံးကို ကျေးဇူးတင်ပါတယ်။

မေဓာဝီ
၁၆၊ အောက်တိုဘာ၊ ၂၀၁၂
၁၂း၃၁ နာရီ

Read More...

Saturday, October 13, 2012

မိုးမခပင်အနား မြှုပ်လို့ထားခဲ့ပါ ...

.... .... ....
"weeping like a willow" ... တဲ့ ... ။

ပြီးခဲ့တဲ့ လကပေါ့။

တရက် ... ဦးရီးတော်ရယ်၊ ကျမရယ်၊ ခဏလာလည်တဲ့ မောင်ဝမ်းကွဲရယ် အတူ ကားလေးနဲ့ လျှောက်သွားကြရင်း လမ်းတလျှောက် တွေ့ရတဲ့ သစ်ပင် ပန်းပင်တွေအကြောင်း ပြောလာကြတယ်။ ဆောင်းဦးရာသီမို့ သစ်ရွက်တွေက အရောင်ပြောင်းစပြုပြီ။ ပန်းတွေကတော့ ဝေနေတုန်း၊ အရွက်တချို့က ကြွေ ... တချို့ကဝေ ... ဆောင်းမ၀င်သေးတော့ ပတ်ဝန်းကျင်က လှနေတုန်းပဲ။ ဒီလိုနဲ့ လမ်းမှာ  ဖြတ်သွားရင်း လေလာတိုင်း ယိမ်းနွဲ့နေတဲ့ မိုးမခပင်တွေကို မြင်တော့ ဦးရီးတော်က "weeping like a willow" ... တဲ့ ... အဲဒီလိုပြောတယ်။ သူပြောလိုက်တာကို ကျမစိတ်ထဲက လိုက်ရွတ်ရင်း အဲဒီစကားလေး သဘောကျ နေမိတယ်။ အဲဒီနေ့က မိုးမခပင်တွေတွေ့တိုင်း weeping like a willow ဆိုတဲ့စကား ဦးရီးတော်ဆီက မကြာခဏ ကြားလို့ပေါ့ ... ။ ကျမကတော့ မိုးမခပင်တွေမြင်ရင် ကျမသိပ်ကြိုက်တဲ့ သီချင်းတပုဒ် "အေးအေးငြိမ့် စိမ့်ရေစီးတဲ့ မြကန် ... အစချီတဲ့ ... မိုးမခပင်တွေ ... ဒို့သက်သေတည် ... ဆိုတဲ့ မွန်းအောင်သီချင်း တပိုင်းတစကို စိတ်ထဲက အမြဲသတိရမိတာ။

ရက်တွေသာ ကြာသွားတယ် ကျမစိတ်ထဲမှာ weeping willow က မထွက်သေးဘူး။ အဲဒါ သာမာန် usage သက်သက်ပဲလား၊ သီချင်းစာသားလား ခေါင်းစဉ်လား ... မမေးရဲလို့ ဦးရီးတော်ကို မမေးဖြစ်ပေမဲ့ ဒီနေ့တော့ အားတုန်းလေး ဂူးရီးတော် (ဂူးဂဲလ်)နဲ့ ဟူးရီးတော် (ရာဟူး) တို့ကို မေးကြည့်လိုက်တယ်။ သူတို့က အဖြေတွေ အများကြီးပေးပါရဲ့။ ဒါပေမဲ့ ကိုယ်ကြိုက်တာလေး ရွေးပြီးကြည့်တော့ သီချင်းလေးတွေ တွေ့ရတယ်။ ခေါင်းစဉ်လေးက စိတ်ဝင်စားစရာ ... Bury me under the weeping willow တဲ့။ ယိမ်းနွဲ့နေတဲ့ မိုးမခပင်အောက်မှာ ငါ့ကိုမြှုပ်ထားပါ ... ဆိုပါလား။ ဒါနဲ့ လင့်ခ်လေးကို နှိပ်လိုက်တော့ ... ... ... ။



သီချင်းလေးနားထောင်ပြီး ကြေကွဲသွားတယ်။ မူရင်းက The Carter Family ဆိုတဲ့ အမေရိကန် ကျေးလက်သီချင်းလေးပါ။ မူရင်းကို ကျမသိပ်ခံစားလို့မရဘူး။ ယောကျာ်းအဆိုတော်တွေ ဆိုထားတာလဲ သိပ်သဘောမကျဘူး။ အခုလင့်ခ်က အဆိုတော် Rosanne Cash ရဲ့ အသံနဲ့ ဆိုဟန်ကို သဘောကျလို့ သီချင်းစာသားလေး ကူးလိုက်တယ်။ ပြီးတော့ မတောက်တခေါက်နဲ့ ဘာသာပြန်ကြည့်ပြန်တယ်။ ဒီတခါတော့ ကဗျာ မဟုတ်ဘူး။ သူ့သံစဉ်အတိုင်း ဆိုလို့ရမယ့် မြန်မာ သီချင်းစာသားလေးပေါ့။ တိုက်ရိုက်ပြန်ထားတာ မဟုတ်လို့ အဓိပ္ပါယ်တွေ ကွဲလွဲနိုင်ပါတယ်။ (အင်္ဂလိပ်စာလဲ ညံ့လို့ပါ။) တချို့နေရာတွေမှာ အသံကို ငဲ့ပြီး (ဖြစ်သလို) ပြန်လိုက်ရတာတွေလဲ ရှိသေးတယ်။ မည်သို့ပင် ဖြစ်စေပေါ့လေ .... ကျမအတွက် ဆိုညည်းစရာ သီချင်းလေးတပုဒ် ရသွားတဲ့အတွက် အမှတ်တရ ဘလော့မှာ တင်လိုက်ပါတယ်။ ဖတ်ရှု ခံစား နားဆင်ကြည့်မယ်ဆိုရင် .... .... .... ။
***
"မိုးမခပင်အနား ငါ့ကိုမြှုပ်ထားခဲ့ပါ ..."

My heart is sad and I am in sorrow
For the only one I love
When shall I see him?
Oh no, never, till we meet in heaven above
ကိုယ့်နှလုံးသားထဲ ပူဆွေးသောက
ဒဏ်ရာ အချစ်ဆုံး ကြောင့်ပါ
ဘယ်တော့ကျမှ ဆုံတွေ့ခွင့်ရ
နိုင်မှာ ကိုယ် .. သိချင်တာ … ။

Oh bury me beneath the willow
Under the weeping willow tree
So he may know where I am sleeping
And perhaps he'll weep for me
အို နွဲ့ယိမ်းလှုပ်ရှား မိုးမခပင်အနား
ကိုယ်သေရင် မြှုပ်လို့ထားခဲ့ပါ
သူသိသွားမလား ကိုယ်ရှိတဲ့နေရာ
ဒါဆို သူငိုလိမ့်မှာလား ... ။ 

They told me that he did not love me
I could not believe it was true
Until an angel soflty whispered
'He has proven untrue to you'
သူများ ပြောစကား မယုံမိခဲ့ပါ
ကိုယ့်အနား သူ့အချစ်များမရှိတာ
နတ်သမီးပြောမှ ကိုယ်သိခဲ့ရ
သူဟာ သစ္စာမဲ့လေတာ … ။

Oh bury me beneath the willow
Under the weeping willow tree
So he may know where I am sleeping
And perhaps he'll weep for me
အို နွဲ့ယိမ်းလှုပ်ရှား မိုးမခပင်အနား
ကိုယ်သေရင် မြှုပ်လို့ထားခဲ့ပါ
သူ သိသွားမလား ကိုယ်ရှိတဲ့နေရာ
ဒါ ဆို သူငိုလိမ့်မှာလား ... ။

Well, tomorrow was our wedding day
But Lord oh Lord, where is he?
He's gone to seek him another bride
And he cares no more for me
လာမယ့်မနက်ဟာ တို့နှစ်ဦးအတွက်သာ
မင်္ဂလာ အခါတော်ရက်မြတ်ပါ
ခုများ ကိုယ့်အနား သူမရှိတော့ပါ
အချစ်သစ် သူလေ တွေ့နေတာ … ။

So bury me beneath the willow
Under the weeping willow tree
So he may know where I am sleeping
And perhaps he'll weep for me
အို နွဲ့ယိမ်းလှုပ်ရှား မိုးမခပင်အနား
ကိုယ်သေရင် မြှုပ်လို့ထားခဲ့ပါ
သူသိသွားမလား ကိုယ်ရှိတဲ့နေရာ
ဒါဆို သူငိုလိမ့်မှာလား
ဒါဆို သူငိုလိမ့်မှာလား …။ ... ။
***
ဒါဆို ... သူ ငိုလိမ့်မှာလား ... တဲ့ ... သူတော့ ငိုမငို မသိပါဘူး ... ကျမတော့ နားထောင်ရင်း ငိုချင်လာမိတယ် ... တကယ်။ သြော် ... အလွမ်းဓာတ်ခံ ရှိသူမို့လား မသိပါဘူးလေ ... ။
***
မေဓာဝီ
၁၂၊ ၁၀၊ ၁၂
၂၃း၅၉ နာရီ

Read More...

Wednesday, October 10, 2012

ဘ၀ - အမှား

*
ဘ၀က - ခါး ... တယ်။
အချိုမရှာလို့ သကာမတွေ့ခဲ့တာ 
ဘာကို အပြစ်တင်ရမှာလဲ ... ။
*
ဘ၀က - မှား ... တယ်။
သွေဖယ်တဲ့လမ်း အမြဲလှမ်းခဲ့တဲ့ ငါ -
ဘာကို နာကျင်ရအုံးမှာလဲ ... ။
*
ဘ၀က - ရှား ... တယ်။
ခေါင်းပါးလာတဲ့ မေတ္တာတရားတွေကြား
အခါခါ နေသားကျနေမှပဲ ... ။ ... ။
***
မေဓာဝီ
၁၀၊ ၁၀၊ ၁၂
၁၅း၁၀ နာရီ
(မအားလို့ စာအများကြီး မရေးနိုင်ခင် စပ်ကြား ဒီကနေ့ ရထားပေါ်မှာ ရေးခဲ့တဲ့ စာတိုကလေး တင်လိုက်ပါတယ်။)

Read More...

Monday, October 01, 2012

ကျမနဲ့ မြန်မာပြည်ခရီး (အပိုင်း - ၁)

ကျမ ဒီကိုပြန်ရောက်ခါစ တရက် ကျောင်းကအပြန်လမ်းမှာ ဖုန်းဝင်လာပါတယ်။ ကျမ မောင်လေးရဲ့ ငယ်သူငယ်ချင်း ဆီကပါ။ သူက လန်ဒန်မှာနေတယ်၊ ဒီကိုရောက်နေတာ ၁၀ နှစ်လောက် ရှိပါပြီ။ သူက ကျမပြန်ရောက်နေတာသိလို့ ကျမအမကြီးရဲ့ ကျန်းမာရေး အခြေအနေမေးရင်း မြန်မာပြည်အကြောင်း စုံစမ်းတယ်။ ဘာတွေပြောင်းလဲ နေပြီလဲ … တဲ့။ မြန်မာပြည်ရဲ့ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သတင်းတွေထဲမှာ ဖတ်နေရ ကြားနေရပေမဲ့ လတ်တလော ပြန်ရောက်လာတဲ့ ကျမဆီက သူသိချင်တယ်။

“ကျနော်လည်း ဒီဇင်ဘာလောက်ကျရင် မိသားစုနဲ့ သွားဖို့ စီစဉ်နေတယ် … အဲဒါကြောင့် အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာ … အမဆီလှမ်းမေးတာပါ …”

သူ့မှာ ဒီရောက်မှ မွေးတဲ့ သမီးတယောက် သားတယောက်ရှိတယ်၊ ကလေးတွေနဲ့ သွားမယ့် ခရီးမို့ သူက ပိုစိတ်ပူပုံ ရပါတယ်။ ဆောင်ရန် ရှောင်ရန်တွေ ကြိုတင် သိထားချင်ပါသတဲ့။ ကျမလည်း သူ့အမေးကို နားထောင်ရင်း စိတ်ထဲက တွေးနေမိတယ်။ ဘယ်က စ-ပြောရမလဲပေါ့ … ။

တွေးရင်းနဲ့ ချက်ချင်းသတိရသွားတယ်၊ ကျမနေခဲ့တဲ့ ၆-လ သက်တမ်းအတွင်း စိတ်ကသိကအောက် ခဏခဏဖြစ်ခဲ့ရတဲ့ ကိစ္စ။ “အင်း … ကလေးတွေနဲ့ သွားမှာဆိုရင် ပထမဆုံး သတိထားရမှာက အစားအသောက်ပဲ”
***
အစားအသောက်နဲ့ မြန်မာပြည်

ဒီနေရာမှာ အစားအသောက်တွေရဲ့ ဈေးနှုန်းကို အဓိကထားပြီး ကျမ မပြောချင်ပါဘူး။ ဒါပေမဲ့ ကြုံလို့ပြောရရင်တော့ မြန်မာပြည်က စားသောက်ကုန်တွေရဲ့ တန်ဖိုးဟာ … ကမ္ဘာမှာ ကုန်ဈေးနှုန်း မြင့်မားလှပါတယ် ဆိုတဲ့ အင်္ဂလန်နဲ့ အတူတူ နီးပါးလောက် ဖြစ်နေတာ တွေ့ရတယ်။ တချို့ဆို ပိုတောင်မှ များနေပါသေးတယ်။ အဲဒါ ထားပါတော့ … ။ ပိုက်ဆံတတ်နိုင်ရင် ကုန်ဈေးနှုန်းက အကြောင်းမဟုတ်ဘူးဘဲ ထား … ။ အကြောင်းဟုတ်တာက … ။

တရက် … ဈေးထဲမှာ မုန်ညင်းစိမ်း လတ်လတ်ဆတ်ဆတ်လေးတွေ တွေ့လို့ ၀ယ်ခဲ့ပြီး ကျမအမကြီးအတွက် ကြေးအိုးလုပ်ပါတယ်။ ကြားဖူးနားဝ ရှိထားတဲ့ သတင်းစကားတွေအရ ဟင်းသီးဟင်းရွက်တွေကို ပိုးသတ်ဆေးဖြန်းတယ်လို့ သိထားတာကြောင့် ၀ယ်လာတဲ့ မုန်ညင်းစိမ်းကို တော်ရိရော်ရိ ရေမဆေးဘဲ သေသေချာချာ ရေ ၅-ထပ် လောက်ဆေး၊ ဆားနဲ့စိမ်ထား ပြီးမှ ကြေးအိုးပြုတ်ရည်ထဲ ထည့်လိုက်တယ်။ ဒါပေမဲ့ … စိတ်မကောင်းပါဘူး၊ သေချာ ပန်းကန်ထဲထည့်ပြင်ပြီး စားလိုက်တဲ့အခါ ကြေးအိုး ဟင်းရည်ဟာ မုန်ညင်းစိမ်းမှာပါတဲ့ ပိုးသတ်ဆေးနံ့ တထောင်းထောင်း ထနေတာကို ၀မ်းနည်းစွာ သိလိုက်ရတာပါပဲ။

နောက်တခု ကိုယ်တွေ့ကြုံရတာက ငှက်ပျောသီး။

ဈေးထဲက ငှက်ပျောသီးဆိုင်
ခြံထဲက မာလကာသီး
















ဘိလပ်မှာ ဖီးကြမ်းငှက်ပျော မရှိလို့ ရန်ကုန်ရောက်တုန်း ဖီးကြမ်းငှက်ပျော ၀ယ်စား ဖြစ်တယ်။ ဈေးထဲက ငှက်ပျောသီးတွေ စိတ်မချတာနဲ့ စီးတီးမတ် (City Mart) ကနေ အဖီးလိုက် ၀ယ်တယ်။ ငှက်ပျောသီးတွေက အလုံးထွားထွားနဲ့ တဖီးလုံး စိမ်းနေတာပဲ။ ထုံးစံအတိုင်း ကိုယ်မစားခင် ရေဆေး ဘုရားကပ်ထားပြီး နောက်တနေ့ မနက်ခင်းလဲ ရောက်ရော … … … မျက်လှည့်ပြလိုက် သလိုပါပဲ။ တဖီးလုံး ၀င်းမှည့်နေတဲ့ ငှက်ပျောဖီးကြီးကို ဘုရားစင်ပေါ်မှာ အံ့သြစွာ တွေ့လိုက်ရပါတော့တယ်။

ကျမသိသလောက်ကတော့ ငှက်ပျောသီး အဖီးလိုက် ၀ယ်တဲ့အခါ အခုလို တခါထဲ ရုတ်တရက်ကြီး ၀င်းမှည့်သွားတာမျိုး မမြင်ဖူးပါဘူး။ ဖြည်းဖြည်းချင်း မှည့်သွားတာ မဟုတ်လား။ ခုတော့ အားလုံးပြိုင်တူ တပြေးညီ အ၀ါရောင် ပြောင်းသွားတာမို့ ကိုယ်ကြားဖူးတဲ့အတိုင်း ဆေးတို့ထားတဲ့ အသီးဖြစ်နေသလားလို့ တွေးမိပြီး လုံးဝ မစားဝံ့တော့ဘူး။ အမကြီးကိုလဲ အဲဒီဆေးငှက်ပျောတွေ မစားဖို့ ပြောရတယ်။
 
ဗိုလ်ချုပ်ဈေးနားက ဈေးဆိုင်တန်း

ပလက်ဖောင်းပေါ်က ဟင်းရွက်သယ်




သိပ်မကြာပါဘူး၊ ဟင်းသီးဟင်းရွက်တွေမှာ ဖြန်းတဲ့ ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး သတင်းစာထဲမှာ ဆောင်းပါးတပုဒ် ဖတ်လိုက်ရတယ်။ အသီးအရွက်တွေကို ဆေးတို့ ဆေးဖြန်းကြောင်းတွေ စုံစုံလင်လင် ရေးထားပါတယ်။ ယုတ်စွအဆုံး ပဲပင်ပေါက်ကိုတောင် ဖြူပြီး တောင့်နေအောင် ဆေးဖြန်းပါသတဲ့၊ အဲဒီဆေး ဘယ်လောက် ပြင်းသလဲဆိုရင် လက်အိတ်နဲ့ ကိုင်တာတောင် လက်အိတ် ပေါက်တယ်လို့ ဆောင်းပါးရှင်က ရေးထားတယ်။ အဲဒါဖတ်ပြီး ကျမ အတော်လန့်သွားပါတယ်။ မြန်မာငွေ ငါးဆယ် တရာကျပ်လောက်နဲ့ ၀ယ်လို့ရနိုင်တဲ့ ပဲပင်ပေါက်တောင် ဆေးဖြန်းတယ်ဆိုတော့ … ကျမတို့ ဘာသွားစားကြရမလဲ။ ဘာကို ယုံကြည်ပြီး ၀ယ်ကြရမလဲ … ။
***
“ဟင် … ဟုတ်လား အမရယ် … အဲဒါဆို ဒုက္ခပါပဲ … အသီးအရွက်တွေ ဘယ်က၀ယ်ရမလဲ မသိဘူးနော် … အမတို့ ဘယ်က၀ယ်စားလဲ”
ကျမစကားဆုံးတော့ သူက အဲဒီလို အထိတ်တလန့်နဲ့ ပြောရှာတယ်။

“နောက်ပိုင်းတော့ စီးတီးမတ်ကပဲ ၀ယ်ဖြစ်တော့တယ်၊ ဈေးနည်းနည်း ပိုကြီးပေမဲ့ ပိုစိတ်ချရမယ် ထင်လို့လေ၊ ပဲပင်ပေါက် ပဲပြားက အစပေါ၊့ ဒါပေမဲ့ ဒါလဲ လုံးဝကြီးတော့ စိတ်ချရတယ်လို့ မပြောနိုင်ဘူးလေ”

ဒါပေမဲ့ စီးတီးမတ်မှာက လိုချင်တာ အကုန်မရပြန်ဘူး။ ကျမကြိုက်တဲ့ ငါးရံ့အူတို့ ငါးသလောက်ဥတို့ ကျတော့ ရပ်ကွက်ဈေးကလေးမှာသာ ရတာကိုး။ အဲဒီဈေးက ဈေးသယ်တွေက ဖော်ဖော်ရွေရွေရှိတယ်။ အသားငါးတွေလဲ ကိုင်ခိုင်း တုံးခိုင်းရင် လုပ်ပေးတယ်။ ဈေးဝယ်ရင်း ပိုက်ဆံမလောက်ရင်လဲ နောက်မှပေးလို့ ရသေးတယ်။ ပစ္စည်းတွေများလို့ မသယ်နိုင်ရင် ကူသယ်ပေး ဆိုက်ကားခေါ်ပေးတယ်၊ စသဖြင့် ဘိလပ်မှာ မရနိုင်တဲ့ service မျိုး ဒီဈေးကလေးမှာတော့ ရနိုင်ပါတယ်။ ကျမတို့ မမွေးခင်ကတည်းက ဒီဈေးကလေးမှာ ၀ယ်ခဲ့ကြတဲ့ အမေတို့ အဖေတို့ မျက်နှာကြောင့်လားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ နုံချာချာ ဒီဈေးကလေးဟာ သူ့ဟာနဲ့သူတော့ ကောင်းတဲ့အချက်တွေ ရှိတာပါပဲ။

“ကျနော့်သမီးက အစားဂျီးများတယ်၊ ဘယ်လိုလုပ်ရပါ့”

“သူကြိုက်တတ်တာ စားတတ်တာတွေ ဒီကနေ သယ်သွားပေါ့၊ အမလဲ ဒီလိုပဲ၊ အမကြီးအတွက် စားစရာတွေ သူနဲ့တည့်တဲ့ ဓာတ်စာတွေ အများကြီး သယ်သွားရတာ၊ ဟိုမှာ အကုန် ၀ယ်လို့ရတယ်ဆိုပေမဲ့ variety အမျိုးမျိုးတော့ မရှိဘူးလေ”

ဟုတ်တယ်၊ မြန်မာပြည်မှာ ဈေးဝယ်ရတာ ရွေးချယ်ခွင့် နည်းသလိုပဲလို့ တခါတခါ ခံစားရတယ်။ ဥပမာ ပေါင်မုန့် ဆိုပါတော့။ မြန်မာပြည်မှာ တံဆိပ်အမျိုးမျိုးနဲ့ ပေါင်မုန့်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီမှာလို အမျိုးအစား အမျိုးမျိုး မရှိဘူး။ အင်း … တမျိုးလှည့်စဉ်းစားမယ်ဆိုရင်လဲ မြန်မာတွေဟာ ပေါင်မုန့်အဓိက စားတဲ့လူမျိုးမှ မဟုတ်ဘဲ၊ ဒါကြောင့် ပေါင်မုန့် အမျိုးအစား အမျိုးမျိုး မရှိတာ ဆန်းသလား နော်။ ထမင်း အဓိက စားကြတာမို့ ဆန် အမျိုးမျိုး ရှိရင် ပြီးတာပဲ။ ရွှေဘိုဆန်၊ ပေါ်ဆန်း၊ ပေါ်ကျွဲ၊ မနော်ဟရီ၊ ဧည့်မထ၊ မီးဒုံး၊ ငကျွဲ၊ ငစိန်၊ ဆန်ကွဲ … စသဖြင့် အမျိုးတွေမှ အများကြီး … ။ စားပါလေ့ … ။ ဒါတွင်မက … ဆီးချိုသမားတွေအတွက် ဆီးချိုဆန်နဲ့ ဆန်လုံးညိုလဲ ၀ယ်လို့ရပါတယ်။
***
လက်လျှော့လိုက်ရတဲ့ ပဲပြုတ်နဲ့ ထမင်းကြော်
ဘိလပ်မှာနေစဉ် မနက်စာ (breakfast) ကို ပဲပြုတ်နဲ့ ထမင်းကြော် တောင့်တလွန်းတဲ့ ကျမဟာ မြန်မာပြည် ပြန်ရောက်ရင် နေ့တိုင်း ပဲပြုတ်ထမင်းကြော်ချည်း စားမယ်လို့ စိတ်ထဲက တေးထားခဲ့တယ်။ တကယ်တမ်းလဲ ရောက်ခါစက စားဖြစ်ပါတယ်၊ မနက် ၆ နာရီခွဲနဲ့ ၇ နာရီကြား လာတတ်တဲ့ ပဲပြုတ်သယ် အဒေါ်ကြီးဆီက ပဲပြုတ် တဆယ်သား (၂၀၀ ဖိုး) ၀ယ်၊ ထမင်းကြမ်းလေးနဲ့ ကြော်ပြီးစားဖြစ်တယ်။ ဒါပေမဲ့ … ပဲပြုတ်က ကျမထင်သလို အရသာမျိုး မဟုတ်တော့ဘူး။ ပဲပြုတ်အလုံးလေးတွေက သေးပြီး ဆိုဒါနံ့တွေ ရနေတယ်၊ အရသာက ချိုတိုတို၊ စားလိုက်ရင် ဆတ်တောက်တောက်နဲ့ တမျိုးကြီးပဲ။ အသယ်ပြောင်းပြီး ၀ယ်စားကြည့်လဲ ထူးမခြားနားပါပဲ။ ဘိလပ်မှာ စားခဲ့ရတဲ့ ပဲပြုတ်လောက် အရသာ မရှိဘူးဆိုရင် စာဖတ်သူတွေ ကျမကို ၀ိုင်းပြီး အပြစ်တင်ကြလေမလား မသိ၊ တကယ်ပြောတာပါ … ။ ကျမ အမကြီးကလဲ မကြိုက်လို့ မစားဘူး၊ ဒါနဲ့ပဲ ပဲပြုတ်ထမင်းကြော် နေ့တိုင်းစားမယ့် အစီအစဉ်ကို ၀မ်းနည်းစွာ ဖျက်သိမ်းလိုက်ရပါတော့တယ်။


Premier black coffee နဲ့ မုန့်ဟင်းခါး ...
မုန့်ဟင်းခါးက အကြော်နဲ့ တပွဲ ၅၀၀ (စိမ်းလန်းစိုပြေမှာ တပွဲ ၁၀၀၀ ကျပ်)
ထိုနည်းတူပါပဲ အီကြာကွေး၊ မုန့်ဟင်းခါး၊ နံပြား … မျှော်လင့်ထားသလို စားမကောင်းတော့ဘူး။ မတ်ပဲကြော် ဘယာကြော် … စတဲ့ အကြော်တွေကလဲ စားလို့မကောင်းဘဲ ချောင်းဆိုးတာသာ အဖတ်တင်တယ်။ ဆိုးမှာပေါ့ … ဆီတွေက သန့်မှ မသန့်ဘဲ။ ဗူးထဲမှာ တံဆိပ်အမျိုးမျိုးကပ်ပြီး ကြော်ငြာတဲ့ ဆီတွေလဲ ဆားအုန်းဆီနဲ့ ရောတာတွေ ချည်းပဲ။ ပဲပိစပ်ဆီ ဆိုတာကတော့ မဆိုးဘူး၊ အနံ့တော့ သိပ်မကြိုက်ပေမဲ့ ကျန်းမာရေးအတွက် ကောင်းတယ် ပြောတာပဲ။ အမကြီးက အကြော်ကြိုက်တော့ ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ ဘယာကြော် အိမ်မှာ ကြော်စားတယ် … ပဲပိစပ် ဆီနဲ့။

အဲဒီလိုတွေ ကြုံရတော့ စိတ်ထဲ မကောင်းဘူး။ လူတွေအတွက် အဓိကအရေးကြီးတဲ့ စားဝတ်နေရေး, ကျန်းမာရေးမှာ အစားအသောက်က ရှေ့တန်းကပါ။ ဒါကြောင့် အစားအသောက်တွေဟာ သန့်ရှင်း လတ်ဆတ်ပြီး အန္တရာယ်ကင်းဖို့ လိုအပ်တယ် မဟုတ်လား။ မြန်မာပြည်မှာ လူတွေ ရောဂါဘယ ထူပြောနေကြတာဟာ အစားအသောက်ကြောင့် အဓိကလို့ ကျမကတော့ ထင်တာပါပဲ။ မှိုပါတဲ့ ငရုတ်သီး၊ ဆေးဆိုးထားတဲ့ အစားအစာတွေ၊ ပိုးသတ်ဆေးဖြန်းထားတဲ့ အသီးအနှံ၊ တာရှည်ခံအောင် စီမံထားတာတွေ၊ အတိုင်းအဆမရှိ သုံးစွဲတဲ့ ဓာတုပစ္စည်းတွေ၊ စားသောက်ကုန်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက စစ်ဆေးခြင်း ပေါ့လျော့ကြတာတွေ ... အဲဒါတွေအတွက် စားသုံးသူ ပြည်သူတွေက ဒုက္ခရောက်ကြရတယ်။
 
ကျမဖေးဘရိတ် "အင်ဥ"
အဲဒီလို အစားအသောက်အတွက် သောကများရပေမယ့် မြန်မာပြည်ရောက်တုန်း ကျမကြိုက်တဲ့ ငါးရံ့အူ၊ ပုဇွန်ချဉ်၊ ငါးချဉ်၊ ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက်၊ မန်ကျည်းသီးထောင်းကြော်၊ အင်ဥ စသဖြင့် ထွေလီကာလီ စားခဲ့ရတာမို့ ကျေနပ်ပါတယ်။ ပြီးတော့ ကျမရောက်နေချိန်မှာ သရက်သီး၊ ပိန္နဲသီး ပေါ်တဲ့ ရာသီမို့ ကျမတို့ ခြံထွက် (ဆေးမတို့သော) လတ်လတ်ဆတ်ဆတ် အသီးတွေ အ၀စားခဲ့ရတာကိုလဲ အလွန် ကျေနပ်လို့ပေါ့ … ။

မမီမကမ်း လှမ်းရိုက်ထားတဲ့ မြကျောက် သရက်
ခြံထဲက ပိန္နဲသီး (အမာမျိုး)


















နောက်တော့ ကျမစဉ်းစားမိသေးတယ်၊ ကိုယ့်ဖာသာကိုယ်ပဲ တနိုင်စိုက်ပျိုးရေးလုပ်တာက ပိုကောင်းမလား၊ ခြံထဲမှာ မြေရှိရင် ဟင်းသီးဟင်းရွက်တွေစိုက်၊ စားခါနီးကျ သွားခူးစားလိုက်ရုံပဲ၊ လတ်လတ် ဆတ်ဆတ်ပေါ့။ အဲ ... ဒါပေမဲ့ ... ဒါပေမဲ့ ... အဲဒီလို စိုက်ပြန်တော့ ကိုယ်စိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ ထွားကျိုင်းအောင် ဓာတ်မြေသြဇာတွေ ကျွေး၊ ပိုးကျမှာစိုးလို့ ပိုးသတ်ဆေးဝယ်ဖြန်း၊ ဟင် ... မထူးပါဘူး။ :)

ကဲပါလေ ... တကယ်တော့ ဘယ်နေရာမှာနေနေ ကျေနပ်အောင်တွေးပြီး သူ့နေရာနဲ့သူ လိုက်လျောညီထွေ နေနိုင်ရင် စိတ်ချမ်းသာစရာပဲ မဟုတ်လား။
***
မေဓာဝီ
၁၊ ၁၀ ၊ ၂၀၁၂
၀၉း၃၉ နာရီ

မှတ်ချက်။ … ။ သူနဲ့ ပြောကြတဲ့ စကားက အဆုံးမသတ်သေးပါဘူး၊ အဲဒီနေ့က သူနဲ့ကျမ ပြောဖြစ်ကြတဲ့ ခေါင်းစဉ်တွေထဲမှာ အခုမှ အစားအသောက်ပဲ ရှိပါသေးတယ်၊ ကျန်တာတွေလဲ ဖြည်းဖြည်းချင်း ရေးသွားပါမယ်။ ဒီအဖြစ်အပျက်တွေဟာ ကျမ လတ်တလော ကြုံတွေ့လာခဲ့တာကို ရေးခြင်းမျှသာ ဖြစ်ပါတယ်။ အားလုံးဒီလိုချည်းပဲလို့ မဆိုလိုပါဘူး။

Read More...