Friday, July 31, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၄)

ဒီတပတ် အပိုင်း (၄) မှာ ကလိယုဂ် ကဗျာခန်းရဲ့ နောက်ဆုံးကဗျာဖြစ်တဲ့ ကောသလမင်းကြီး အိပ်မက်ခန်း လေးဆစ်သဖြန်ကို ဖော်ပြပေးပါမယ်။ ရေးဖွဲ့သီကုံးသူက မတ္တရာ - ငစဥ့်ပါ ဆရာတော်ဘုရား ဖြစ်ပါတယ်။

ကြုံကြိုက်လို့ အနီးစခန်း ဆရာတော် ဟောကြားထားတဲ့ ကောသလအိပ်မက် ၁၆-ချက် တရားတော်ထဲက ယုဂ် တွေနဲ့ ပတ်သက်တာလေးကို ဗဟုသုတ အလို့ငှာ ပြန်လည်ဝေမျှ ပါရစေ။ နည်းနည်းလောက် သည်းခံ ဖတ်ပေးကြပါဦး။
***
လောကကြီးမှာ "ကတယုဂ်၊ တြေတာယုဂ်၊ ဒွါပရာယုဂ်၊ ကလိယုဂ်" လို့ဆိုတဲ့ ယုဂ်လေးပါး ရှိပါသတဲ့။ အဲဒီယုဂ် လေးပါးဟာ တလှည့်စီ ဖြစ်ပျက်နေတယ် လို့ ဆိုပါတယ်။ ကတယုဂ် သက်တမ်းကုန်ရင် တြေတာယုဂ် ဖြစ်တယ်။ တြေတာယုဂ် ပြီးရင် ဒွါပရာယုဂ်၊ ပြီးတော့ ကလိယုဂ် ... စသဖြင့်တလှည့်စီ ဖြစ်နေပါတယ်။

ကတယုဂ် - ဆိုတာကတော့ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ လူဆင်းရဲ စတဲ့ အမျိုး လေးပါးလုံး တရားစောင့်တဲ့ ခေတ်ဖြစ်ပါတယ်။ တြေတာယုဂ် - ကတော့ အဲဒီ အမျိုးလေးပါးထဲက လေးပုံသုံးပုံ* တရားစောင့်တဲ့ ခေတ်ဖြစ်ပါသတဲ့။ ဥပမာ - မင်း ဆိုလဲ မင်းမျိုးရဲ့ လေးပုံသုံးပုံ* က တရားစောင့်တဲ့ ခေတ် အခါကာလလို့ ဆိုပါတယ်။ ဒွါပရာယုဂ် - မှာတော့ လေးပုံ နှစ်ပုံသာ တရားစောင့် ပါတော့တယ်။ ကျန် နှစ်ပုံက တရားပျက်နေကြပြီ … တဲ့။ ကလိယုဂ် - ကတော့ လေးပုံ တပုံသာ တရားစောင့်တော့တာမို့ သတ္တ၀ါ အများစု တရားပျက် နေတဲ့ ဆုတ်ကပ် ခေတ်လို့ ဆိုခြင်း ဖြစ်ပါသတဲ့။

အခုခေတ်ဟာ ကလိယုဂ် ဆုတ်ကပ်ခေတ်ထဲမှာ ပါဝင်နေပြီး ကလိယုဂ်ရဲ့ သက်တမ်းက နှစ်ပေါင်း လေးသိန်းသုံးသောင်းနှစ်ထောင် (၄၃၂၀၀၀) ကြာရှည်ပါသတဲ့။ မြတ်စွာဘုရားပွင့်တော်မူချိန်မှာ ကလိယုဂ်သက်တမ်းက နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ရှိနေပြီ ဖြစ်ပြီး ဘုရားပွင့်ပြီးချိန်မှ အခုချိန်ထိ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ကြာပြီမို့ စုစုပေါင်း ကလိယုဂ်သက်တမ်း ငါးထောင်ကျော် ကုန်ခဲ့ပါပြီ။ နောက်ထပ် ၄ သိန်း ကျော် ကျန်ပါသေးတယ်။

ကလိယုဂ် ဆုတ်ကပ်မှာ သူတော်ကောင်း တရားတွေ ခေါင်းပါး၊ သတ္တ၀ါတို့ရဲ့ သန္တာန်မှာ အကုသိုလ် တရားတွေ တနေ့တခြား ထွန်းကားတဲ့ခေတ်၊ မကောင်းတာ မှန်သရွေ့ အကုန် ဖြစ်တယ်လို့ ဆရာတော်ကြီးက ဟောကြား ထားတာကို မှတ်သား နာယူခဲ့ရသမျှ ပြန်ဝေမျှလိုက်ပါတယ်။
***
ကောသလအိပ်မက် ၁၆-ချက် လေးဆစ် သဖြန်ကို မဖော်ပြခင် ကဗျာ့ဥပဒေသခန်းက “ကဗျာ့အခြေခံ သိထားရန်” ကို ဦးစွာ ဖော်ပြလိုက်ပါတယ်။
***
ကဗျာ့အခြေခံ သိထားရန်

ထိုဗုဒ္ဓဘာသာ၊ ဗြဟ္မာအယူ၊ ကမ္ဘာသူဖြစ်သော၊ မြန်မာလူ ပေါရာဏတို့၏၊ ဝေါဟာရစုံညီ၊ ဂုဏ်ဆီရစ်မှု၊ အနှစ်ပြုသော၊ သေတ္တုပ၀ရ၊ ၀စနတို့သည်၊ မာဂဓပုဒ်၊ ဗုဒ္ဓဘာသာလျှင်၊ အမွန်ရှိရကား၊ ဗုဒ္ဓိမန္တ၊ စန္ဒြာ့သူရိန်၊ ဂူနှစ်အိမ်ကဲ့သို့၊ ဘူမဟိန်ပျံ့၊ နှံ့သော ကျော်စောခြင်းရှိသော က၀ိပုဂ္ဂိုလ်ကျော် တို့၏၊ ထုတ်ဆိုတော်မူအပ်သော၊ အရပ်ရပ် ပျို့, ကဗျာ, လင်္ကာ, မော်ကွန်း၊ သတ်ညွှန်း-သတ်ပုံ၊ ပိုဒ်စုံ, ရတု, ရကန်, အဲး, အန်, လူးတား စသောအားဖြင့် များစွာသော မြန်မာ အဘွဲ့မျိုးတို့သည်လည်း ကိုးကားရင်း မာဂဓပုဒ်-ဗုဒ္ဓဘာသာ ဖြစ်သော ပါဠိ, အဋ္ဌကထာ, ဋီကာ, အနု, မဓု, လက်သန်း, ဆန်း, အလင်္ကာ, သဒ္ဒါ, အဘိဓာန် ကျမ်းဂန် အရပ်ရပ်သာလျှင် အမွန်ပ ဘ၀ရှိကြ ကုန်လေသတည်း။

ရှေးရှေးပညာရှိ၊ က၀ိပုဂ္ဂိုလ်ကျော်တို့၊ ထုတ်ဆိုတော်မူအပ်သော အရပ်ရပ် ပျို့, ကဗျာ, လင်္ကာ, မော်ကွန်း, ဧချင်း, ရတု အစုစုတို့ကဲ့သို့၊ သုတဗုဒ္ဓိ၊ က၀ိတဆူ၊ ရေးသားစီကုံးခြင်း ပြုလိုသူတို့လည်း မူလရင်း ဗုဒ္ဓဘာသာ၊ သာသနာတော်ကျမ်း၊ အမှီငြမ်းနှင့်တကွ၊ ဆန်းအလင်္ကာ၊ အက္ခရာပါဌ်ပုဒ်၊ အတ္ထုဒ္ဓါရ၊ ၀ါကျအခင်း၊ မယွင်းသဖြင့်၊ အလျှင်းသင့်စေလျက် အစဉ်အတိုင်း ပြုလတ္တံ့သော ကဗျာဟူသော ဝေါဟာရ, ဂန္ဓဟူသော ဝေါဟာရ၊ ဤသို့ပြသဖြင့် မာဂဓမှ မြန်မာဖြစ်ခြင်း မြစ်အရင်းများလည်း သစ်လင်းစွာ နားလည်စေရမည်။

“ပဒ၀ါကျ၊ ပဒတ္ထ၌၊ ဒေါသပြစ်ရောက်၊ ရှစ်-ကိုး-ခြောက်” များကိုလည်း၊ ကြောက်လန့် ရှောင်ဖယ် ကြရမည်။

“ပသာဒ သြဇ၊ မဓုရနှင့်၊ အတ္ထဗျတ္တိ၊ သမာဓိကန္တီ၊ သီလေသ ဥဒါရ၊ သမတာ၊ သုခုမာလတာ” ဂုဏ်ဆယ်ဖြာနှင့်လည်း၊ ဖွယ်ရာ တင့်တယ်စေရမည်။

“ပဉ္စ၀ီသ၊ ချီအချနှင့်၊ ဤမှတဖြာ၊ ကြိယာခြောက်ဆယ်” အသွယ်သွယ်ကို၊ တကယ်သိကျွမ်း စေရမည်။

“လို-မလိုအပ်၊ ဂိုဏ်း နက္ခတ်နှင့်၊ နတ်လည်းတချက်၊ ၀ံသက္ခရာ၊ ဆန္ဒာဂန္ဓ” ပြသည် ထင်ရှား၊ ဂိုဏ်းအများကိုလည်း၊ ပိုင်းခြားနိုင်စေရမည်။

“ကာရန်ဆယ့်တစ်၊ သတ်ဆစ် ဆယ်ပါး၊ သုံးဆယ့်ငါးနှင့်၊ တခြား ဆယ့်ခြောက်၊ အကျဉ်းကောက်၍၊ ခြောက်ဆယ့်လေးသွယ်၊ ကာရန်ကျယ်နှင့်၊ ပရိယာယ်ေ၀၀ုစ်၊ ပုဒ်သွင်းထုတ်” များကိုလည်း စင်းကုတ် စောကြောနိုင်ရမည်။

“အသတ် ခြောက်ပါး၊ အစပ်ခြောက်ပါး” များကိုလည်း ထောက်ထားနှိုင်းရှည့် နိုင်ရမည်။

“ကာလဒေသ၊ စသည်များစွာ၊ အရာရာ၌၊ ဌာနာဌာန၊ ကောသလ္လမွန်၊ ဉာဏ်တမ်းခွန်လည်း” ချွန်ချွန်စိုက်ဆောက် နိုင်ရမည်။

“သုဘာသိတ၊ ပိယ၀ါစာ၊ သစ္စာမချွတ်၊ ဓမ္မ၀တ်” နှင့်လည်း ညီညွတ် သင့်လျော် စေရမည်။

ဤသို့အားဖြင့် များပြားကျယ်ဝန်း၊ ပြညွှန်းဥပဒေ၊ အထွေထွေကို၊ ဝေေ၀ဖန်ဖန်၊ ကြေပြွန်တတ်သိ၊ လက်ဆုပ်မိမှ၊ က၀ိတဆူ၊ ပြုလိုသူတို့၊ လူရည်ကျုံးခါ၊ ပျို့, ကဗျာ, လင်္ကာ ရေးသားစီကုံးခြင်းကို ပြုကြကုန်ရာသည်။
***
ကလိယုဂ် ကဗျာခန်း (၄)

မတ္တရာ-ငစဥ့်ပါ ဆရာတော်ဘုရားဆို
ကောသလမင်းကြီး အိပ်မက်ခန်း လေးဆစ်သဖြန်

ကောသလ- စောလှတဲ့ရာဇာ။ ။ ဆဲ့ခြောက်ဖြာ အိပ်မက်ခန်းကို၊ ကျမ်းထွက် သေချာ။ ။ မိန့်ခွန်းဖြာ၊ လင်္ကာပြန့်ပြူး။ ။ သောတု နောင်လာတို့၊ မှတ်စိမ့်ငှါ ရည်ရွယ်တွေး၊ ရေးပြဘိဦး။

(၁) ဥဿဘ - နွားလှတဲ့ လေးကောင်။ ။ ဝှေ့မယောင် စောင်ခါပြေးတယ်၊ ဝေးရပ်သီခေါင်။ ။ မိုးရိပ်ကယ်မှောင်၊ တိမ်တောင်တက်ခြုံး။ ။ လျှပ်စစ်ကယ် ရောင်ဝါနှင့်၊ ရွာမလို ပုံဟန်ခင်းတယ်၊ ကင်းပျောက်လို့သုံး။

(၂) ချိန်မကျခင်က၊ ရုက္ခတဲ့ ပင်ငယ်။ ။ ဖူးငုံဟန် ပွင့်တံမှီး၊ သီးကြသွယ်သွယ်။ ။ မိန်းမငယ် သူငယ်ယောက်ျား။ ။ ချစ်မေတ္တာ ပိုလျှံလို့၊ ရွယ်မတန် သန္ဓေမြတ်ကို၊ စွဲကပ်လို့ဖွား။

(၃) ယနေ့ဖွား၊ သားလှတဲ့ နွားငယ်။ ။ ထညံကို မိခင်စို့တယ်၊ ထူးလို့ မှတ်ဖွယ်။ ။ ကျေးဇူးကြွယ်၊ မွေးမယ်ဘရင်း။ ။ ၀တ်စားမကုန်တန်လို့၊ သမီးထံ သားထံ ချော့ရတယ်၊ ပျောင်းပြော့ဝပ်စင်း။

(၄) နွားငယ်ကို ၀န်ဆောင်ထားလို့၊ နွားကြီးကိုတဲ့ ပြင်ကရံ။ ။ မရုန်းနိုင် ပစ်ခွါထားတယ်၊ သွားတဲ့ဖြစ်ဟန်။ ။ မှုမျိုးမှန်၊ ချေငန်သိကြား။ ။ လူကြီးကို ပစ်ခွါလို့၊ လူငယ်မှာ နိုင်ငံရေးကို ပေးအပ်လို့ထား။

(၅) ကြုံပြန်ရ၊ အဿတဲ့ရာဇာ။ ။ ခံတွင်းနှစ်တန်နှင့်၊ မယောနှံ ယူလို့စားတယ်၊ ခြားလို့ မှတ်ရာ။ ။ ထိုပဏ္ဏာ၊ နှစ်ဖြာယူစား။ ။ နှစ်ပါးစုံ - မကုန်တန်မှ၊ မမှန်ကန် ဖြန်ခါဖြတ်တယ်၊ ပြီးပြတ်တရား။

(၆) သင်္ဂီစင် - ရွှေလင်ပန်းကိုတဲ့၊ ညစ်ညမ်းယုတ် မြေခွေးဟန်။ ။ စွန့်ကျင်ငယ် ရေပြန်ထားတယ်၊ ကြားရမြဲမှန်။ ။ မျိုးမမှန်၊ မင်းထံ မြှောက်စား။ ။ ၀တ်စားငယ် မကုန်တန်လို့၊ မျိုးမှန်သူ ကညာရင်းကို သွင်းရဖြစ်လား။

(၇) အင်းပျဉ်ပေါ် လူလွန်ကျစ်လို့၊ ခွေးညစ်က အောက်၌သာ။ ။ မသိရှာ လွန်အဖျားကို၊ စားကုန်သည့်တာ။ ။ လင်ကြီးမှာ၊ ရှာဖွေစုရုံး။ ။ အိမ်နေသူ လင်ငယ်ထားလို့၊ စားဆန်ရေ ဟူသရွေ့ကို၊ သုံး၍ ပျက်ပြုန်း။

(၈) ရေပြည့်လျှံ အိုးခံကြီး၊ အချည်းနှီး အိုးငယ်ရံ။ ။ ပြည့်ရာမှာ ထပ်ခါလောင်းလို့၊ မရှိရေ အိုးငယ်ပေါင်းကို စောင်း မကြည့်ပြန်။ ။ မင်းကြီးထံ၊ သုံးရန်မှုများ။ ။ ၀တ်စားငယ် သုံးရာဖို့၊ ကိုယ့်ဥစ္စာ အိမ်ယာမှုကို၊ စောင်း မရှုအား။

(၉) ခပ်သိမ်းလူ ချိုးယူခတ်တယ်၊ ထူးမြတ်တဲ့ ကန်မဟာ။ ။ အနားကြည် အလယ်နောက်တယ်၊ ဖြိုးမောက်လို့သာ။ ။ တိုင်းစွန်မှာ၊ ရပ်ရွာစည်ကား။ ။ မင်းစိုးငယ် ရာဇာတို့၊ နေပြည်မှာ ခွန်တော်ခွဲတယ်၊ မွဲလို့ ပျက်ပြား။

(၁၀) အိုးအတန်၊ ဆန်လျှင် ခတ်ပါငဲ့၊ ပြောမနပ် မတော်မှန်။ ။ ထမင်းသုံးထွေ ကျက်ပုံကွဲတယ်၊ လွဲရက်ရှိပြန်။ ။ မိုးမမှန်၊ ရွာဟန်ကွက်ကျား။ ။ နှစ်ပျက်ကယ် မအောင်ရေနှင့်၊ အောင်သုံးထွေ အမည်ကွဲတယ်၊ လွဲတဲ့ စပါး။

(၁၁) တသိန်းတန်၊ စန္ဒကူး၊ နေ့ကျူးပုပ် ရက်တက်ရေ။ ။ အဖိုးငယ် မတန်ဘဲကို၊ လဲထပ်ကြပေ။ ။ မြတ်ဗုဒ္ဓေ၊ စိန္တေမိန့်ကြား။ ။ ဘိုးနဂ္ဃံ ဓမ္မံမြတ်ကိုလ၊ ပစ္စယာ လေးဖြာမတ်ကယ်နှင့်၊ လဲထပ်လို့စား။

(၁၂) ဗူးတောင်းကွဲ၊ ပေါ်မြဲတဲ့ ဓမ္မတာ။ ။ ရေပြင်မှာ မတည်ဘဲ၊ ထဲနစ်သည့်တာ။ ။ သီလ၀ါ-ပညာရှိများ။ ။။ ရဟန်းရှင်လူတို့၊ ကျေးဇူးမူ ဂုဏ်တိမ်မြုပ်တယ်၊ ကျိုးယုတ်တရား။

(၁၃) ကျောက်ဆိုင်ခဲ၊ နစ်မြဲတဲ့ ဓမ္မတာ။ ။ ရေပေါ်မှာ လှေအလား၊ ခြားလို့ ထင်လှာ။ ။ သီလ၀ါ-ပညာမဲ့ငြား။ ။ ရဟန်းရှင်လူတို့၊ ကျေးဇူးမူ ထင်ပေါ်ညောင်းတယ်၊ ကြောင်းသင့်အလား။

(၁၄) ကိုယ်တဆုပ်ကယ်နှင့်၊ ပိန်စုပ်စွေ့ ဖားသူငယ်။ ။ မြွေကြီးကို - ကိုက်ခါဝါး၊ စားတဲ့ ပြန်တယ်။ ။ မိန်းမငယ်၊ ဆိုးကျယ် ညစ်ညမ်း။ ။ မှုမျိုးကို သူစီရင်လို့၊ ကိုယ့်လင်ကို အနိုင်ကျင့်တယ်၊ ဘေးသင့်ခမန်း။

(၁၅) ရွှေအလား၊ ငှက်များတဲ့ ဟင်္သာ။ ။ ကျီးနက်ကို ခြံရံခတယ်၊ ရှေးကကြမ္မာ။ ။ မျိုးယုတ်မာ၊ ရာဇာဖြစ်လား။ ။ အမျိုးငယ် မြတ်သူတို့၊ ရှေ့တူယူ ခ၀ပ်ညောင်းတယ်၊ ကြောင်းသင့်အလား။

(၁၆) ကျားသစ်သားကိုတဲ့၊ ဆိတ်စားလို့ နေကုန်ပြီ။ ။ ဆိတ်ကိုမြင် သစ်တွေပုန်းတယ်၊ ထုံးနှင့်မညီ။ ။ သူလဇ္ဇီ၊ ဒုဿီတို့နှိပ်နင်း။ ။ သီလ၀ံ- အရှင်မြတ်ကယ်တို့၊ ဒုဿီကို အမြင်ကပ်တယ်၊ တောရပ်သို့ချင်း။

ကောသလ၊ စောလှတဲ့ရာဇာ။ ။ ဆယ့်ခြောက်ဖြာ အိပ်မက်ကြီး၊ ပြီးနိဋ္ဌိတာ။ ။ မိန့်ခွန်းဖြာ၊ လင်္ကာစုရုံး။ ။ ပညာဂုဏ် နှုတ်ငုံရအောင်၊ ရေးကျက်ကြအုံး။
***
ကလိယုဂ် ကဗျာခန်း ဒီမှာပဲ ပြီးပါပြီ။
ကျမလဲ ကလိယုဂ် ကဗျာတွေဖတ်၊ ကလိယုဂ် တရားတွေနာပြီး ရှေ့တပတ်မှာဖြင့် သံဝေဂ ကဗျာခန်း တင်ရင် ကောင်းမလား … စဉ်းစား နေမိပါတော့တယ်။
***
မေဓာဝီ
၃၁၊ ဇူလိုင်၊ ၂၀၀၉
၁၂း၅၀ နာရီ

မှတ်ချက်။ ။ *တြေတာယုဂ်မှာ လေးပုံ သုံးပုံနဲ့ လေးပုံတပုံ မှားရေးမိလို့ ပြန်ပြင်ထားပါတယ်။ ထောက်ပြပေးတဲ့ ကိုပရင့်စ်ကို ကျေးဇူးတင်ပါတယ်ရှင်

Read More...

Thursday, July 30, 2009

အပြန်ခက်တဲ့ ရတုကဗျာ

လေချိုသွေးစဉ်၊ ထုံမွှေးသင်းပျံ့၊ ပန်းရနံ့တို့၊ ရှင်းသန့်ကြိုင်စွာ၊ ဝေ့၀ဲလာလည်း၊ စိတ်မှာမကြည်၊ ပန်းဝတ်ရည်ကို၊ ညွတ်သီမြတ်နိုး၊ တန်ဖိုးမထား၊ နေနိုင်အား၍၊ လားလားဂရု၊ မပြုမိသော်၊ ပန်းမြတ်တော်ဝင်၊ ရနံ့ရှင်မူ၊ ငြူစူစိတ်ထဲ၊ လွန်ဝမ်းနည်းကာ၊ ညှိုးငယ်စွာဖြင့်၊ နွမ်းကြွေလွင့်ဝါ၊ သွားရရှာသည်။ ။ ခံသာခံခက် လေသည်လော။

နေညိုအေးလျှင်၊ ငှက်ကျေးသာရကာ၊ အိပ်တန်းရှာ၍၊ ခိုရာသိုက်နန်း၊ မြိုင်တောတန်းတွင်၊ နားစက်ဝင်လျက်၊ နံနက်မိုးသောက်၊ အလင်းရောက်သော်၊ စုံညီဖော်ကောင်း၊ ငှက်အပေါင်းတို့၊ ရဖို့ ၀မ်းစာ၊ မနေသာဘဲ၊ ဖွေရှာခဲခက်၊ အသက်ဆက်ရန်၊ စိတ်ရည်သန်၍၊ လေဆန်ကိုတက်၊ ၀ဠာထက်ဆီ၊ မြန်းတက်ချီကာ၊ ဦးတည်ပါသည်။ ။ ပျံသာပျံလျက် နေမည်လော။

မေငိုကြွေးချင်၊ ဝေးရပ်ခွင်ဝယ်၊ ကြင်သူဘယ်မှာ၊ ဘယ်ခါဆုံနိုး၊ မျှော်ကာကိုးရင်း၊ နှောင့်စိုးဗျာပူ၊ ဗလောင်ဆူကာ၊ ငေးငူငိုင်မော၊ ရင်၌သောက၊ မျက်ရည်စတို့၊ မကျအောင်သိမ်း၊ ကွယ်ဝှက်ထိမ်းလည်း၊ အလွမ်းမီးစ၊ ပြင်းထန်လှ၍၊ တမြေ့မြေ့ကျွမ်း၊ မျက်ရည်စမ်းစီး၊ အထီးကျန်လျက်၊ ရက်ရေတွက်ကာ၊ ပူဆွေးပါသည်။ ။ ပြန်သာပြန်ခက် စေသည်လော … ။ ။
***
မေဓာဝီ
၃၀၊ ဇူလိုင်၊ ၂၀၀၉
၁၁း၁၁ နာရီ

Read More...

Wednesday, July 29, 2009

မေးက မနှစ်သက် … ဘာဟင်းချက်

ငယ်ငယ်တုန်းက ဗိုက်ဆာပြီဆိုရင် နောက်ဖေးမီးဖိုထဲ ၀င်ပြီး အမေ … ဘာဟင်းချက်လဲ မေးတဲ့အခါ အမေက … “မေးက မနှစ်သက် ဘာဟင်းချက်” လို့ တခါတလေ ကျီစယ်ပြီး ပြန်ပြောလေ့ရှိတယ်။ ကိုယ့်အိမ်မှာ ဟင်းမကောင်းတဲ့ နေ့မျိုးမှာ အိမ်နီးနားချင်းတွေက ဒီနေ့ ဘာဟင်းချက်လဲ မေးရင်လဲ ကျမတို့က မဖြေချင်ဖြေချင်နဲ့ ဖြေရင်း စိတ်ထဲကတော့ မေးကမနှစ်သက် ဘာဟင်းချက် … ပေါ့။

ဒီနေ့ ရှစ်ရက် ဥပုသ်နေ့တဲ့။ ဥပုသ်နေ့မှာ ဥပုသ်မစောင့် ဖြစ်ပေမဲ့ ဘလော့ကို လာဖတ်သူများအတွက် သက်သတ်လွတ် ဟင်းလျာလေး ချက်ပြီး တင်ဆက် လိုက်ပါတယ်။ သက်သတ်လွတ်ဆိုတော့ ဟင်းက သိပ်မကောင်းဘူးပေါ့။ လျှာရင်း မြက်စေဖို့ ... ဘာဟင်းချက်သလဲ မမေးပါနဲ့ … ဖတ်သာ ကြည့်ကြပါတော့။
***
အာလူးဟင်း

ဒီနိုင်ငံမှာ အပေါဆုံးက အာလူးလို့ ထင်တာပဲ။ ဒီကလူတွေကလဲ အာလူးကို ထမင်းလို စားတဲ့သူတွေပါ။ ကျမတို့လို ထမင်းနဲ့ တွဲဖက် စားတာ မဟုတ်ဘူး။ ကျမကလဲ အာလူးကြိုက်တာနဲ့ အာလူးပေါတဲ့နေရာ ရောက်နေတာ အတော်ပဲ ပေါ့။ အာလူးကို အမျိုးမျိုး လုပ်စားဖြစ်ပါတယ်။ ဒီကနေ့တော့ အာလူးဟင်းပေါ့။

မချက်ခင် တုံးပြီး ဆားနဲ့ နယ်ထားတာ။

ဒါကတော့ တခါစားစာလေး ခပ်ထားတာပါ။ နည်းတယ်ဆိုပြီး စားရမှာ အားနာ နေကြမှာစိုးလို့ … ရှိသေးတယ်နော်။ အားမနာနဲ့။
***
ဆမူဆာသုတ်
သက်သတ်လွတ် အိန္ဒိယ ဆမူဆာပါ။ ရေခဲသေတ္တာထဲက ထုတ်ထားလို့ ရေငွေ့ရိုက်နေတာနော်။ မှိုတက်နေတာ မဟုတ်ဘူး။ ဈေးပေါပါတယ်။ (အလကား ရထားလို့။)

ဆမူဆာကို ကပ်ကြေးနဲ့ ညှပ်ပြီး သခွါးသီး၊ ဂေါ်ဖီထုတ်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း၊ သံပုရာသီးနဲ့ သုတ်တော့မလို့ ပြင်ထားတာပါ။ ဆီ၊ ဆား မထည့်ရသေးဘူး။ ကိုယ့်စိတ်ကြိုက်သာ သင့်တော်သလို ထည့်ပြီး နယ်စားကြပေါ့နော်။
***
ပဲတီချဉ်
ပဲပင်ပေါက်ကို အချဉ်တည်ထားတာပါ။
သိပ်မခက်ပါဘူး။ ပဲပင်ပေါက် ငါးမူးဖိုးတထုတ်ကို ရေစင်စင်ဆေး၊ ဆားနဲ့နယ်ပြီး ပုလင်းထဲ ထည့်သိပ်လိုက်တာပဲ။ နေပူရင် သုံးလေးရက်ဆို ချဉ်ပါပြီ။ အေးရင်တော့ ငါးရက်လောက် ထားရမလား မသိဘူး။ မသေချာရင် ဖွင့်ပြီး မြည်းကြည့်ပေါ့။ ချဉ်ရင်ရပြီ။ အဲဒါ ကျမ နည်းပဲ။

ချဉ်သွားတဲ့ ပဲပင်ပေါက်တွေကို ပုလင်းထဲကထုတ် ရေပြန်ဆေး၊ ဆန်ကာနဲ့ စစ်ထားပြီး ကြက်သွန်ဖြူဆီသတ်၊ ငရုတ်သီးအကြမ်းမှုန့်ထည့်၊ ပြီးမှ ပဲပင်ပေါက်တွေ ထည့်ပြီး ကြော်လိုက်ရုံပါပဲ။ ဗူးလေးနဲ့ ထည့်ထားပြီး နည်းနည်းချင်း စားပေါ့။ တနေ့ထဲ အကုန်စားရင် အစာအိမ် အချဉ်ပေါက် ကုန်လိမ့်မယ်။
***
ခုလို ၀ါတွင်း အခါသမယမှာ သားကြီး ငါးကြီးတွေ မစားချင်ရင်ပဲ ဖြစ်ဖြစ်၊ သားကြီး ငါးကြီး စားရတာ ငြီးငွေ့ရင်ပဲ ဖြစ်ဖြစ် တခါတလေ သက်သတ်လွတ် စားကြည့်ကြရအောင်လို့ပါ။ စားလို့လဲ ကောင်းတယ်၊ ပိုက်ဆံလဲ မကုန်ဘူး။
***
မေဓာဝီ
၂၉၊ ဇူလိုင်၊ ၂၀၀၉
၁၁း၃၀ နာရီ

Read More...

Tuesday, July 28, 2009

သျှင်ဥတ္တမကျော် တောလား

“သျှင်ဥတ္တမကျော်တောလား” လို့ ပြောလိုက်ရင် တခြားလူတွေတော့ မသိဘူး၊ ကျမစိတ်ထဲ ချက်ခြင်း သတိရမိတာက “ဘီလူး သွားကို … … ” ဆိုတဲ့ အပိုဒ်ပါပဲ။ တိမ်ညိုမိလ္လာ၊ တိမ်စူကာ ဆိုတဲ့ တိမ်တွေကို ဖွဲ့တဲ့ အဖွဲ့တွေကိုတော့ ဘီလူးရဲ့ နောက်မှ သတိရမိတာ။ ဆယ့်နှစ်ရာသီအလိုက် သစ်ပင် ပန်းမန် ကျေးငှက် သာရကာ ကြယ် တာရာ နက္ခတ်တွေနဲ့ လှပ ပြေပြစ်တဲ့ စကားလုံး အသုံးအနှုန်း တွေ စီခြယ်ရေးဖွဲ့ထားတဲ့ ဒီတောလားကို ကျမ အလွန်နှစ်သက်ပါတယ်။ ခဏခဏ ပြန်ပြန်ဖတ်ရင်း ဖတ်လို့လဲ မ၀ခဲ့ပါဘူး။

ဒါကြောင့် သျှင်ဥတ္တမကျော်တောလား ကို ၂၀၀၆ ခုနှစ် သြဂုတ်လ (ကျမ ဘလော့ကို စမလုပ်ခင် အချိန်လောက်) က မြန်မာ/အင်္ဂလိပ် နှစ်ဘာသာနဲ့ နေးတစ်မြန်မာ ဖိုရမ်ထဲမှာ အစအဆုံး တင်ပေးခဲ့ဖူးပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်သူက ဒေါက်တာဘဟန် ဖြစ်ပြီး မြန်မာစာတည်းဖြတ်သူ ကတော့ ဦးသိန်းဟန်နဲ့ ဦးဝန်လို့ ဖော်ပြထားပါတယ်။ ဒီစာအုပ်လေးက ဟိုအရင် တခေတ်တုန်းက ကျောင်းသုံးပြဋ္ဌာန်းခဲ့တဲ့ စာအုပ်လေးပါ။ အခု ကိုမင်းထက်က တောင်းဆို လာတာကတကြောင်း၊ တခြားသော လိုချင်သူများကို မျှဝေလိုတဲ့ ဆန္ဒရှိတာက တကြောင်း တို့ကြောင့် အခု ထပ်ပြီး ဘလော့မှာ ဖော်ပြ လိုက်ပါတယ်။ မူရင်းစာအုပ်က ကျမနဲ့ အတူ မရှိတာမို့ နေးတစ်ထဲကနေ ကော်ပီယူပြီး ဇော်ဂျီစာလုံး ပြန်ပြောင်းထားတာပါ။ အင်္ဂလိပ်/ မြန်မာ နှစ်ဘာသာလုံး အတွက် စာအပေါက် အကျ၊ အမှားအယွင်းများ ရှိခဲ့ရင် ကျမမှာသာ တာဝန်ရှိပါကြောင်း ၀န်ခံပါတယ်ရှင်။
***
ဒီနေ့တော့ တောလားကိုးပိုဒ်ထဲက ပထမပိုဒ်ကို အရင်တင်ပါမယ်။ အရင်ဆုံး စာအုပ်ရဲ့ အမှာစာမှာ ရေးထားတာလေးကို အနည်းငယ် ကောက်နုတ်ဖော်ပြ ပါရစေဦး။

“တောလားကြီးသည် လေ့လာရန်မလွယ်ကူ။ ကဗျာအလေ့အထ နည်းသူတို့အဖို့ သျှင်ဥတ္တမကျော်၏ လ-အက္ခရာ အသုံးမှာ နားမချမ်းဘွယ် ဖြစ်သည်။ သို့သော်လည်း စာဆိုပုဂ္ဂိုလ်၏ အကိုင်အတွယ် ကျွမ်းကျင်မှုကြောင့် ဤ အသုံးရ ခက် အက္ခရာမှာ လတ္တံ့ဟူသော အနက်ကို ဆောင်ရလေသည်။

သျှင်ဥတ္တမကျော်၏ ကိုယ်ရေးဆုတောင်းမှာ ဤကမ္ဘာတွင်ပင် နောင်ပွင့်အံ့သော အရိမေတ္တယျဘုရား အထံတော်တွင် ဘုရားဖြစ်ရန် ဗျာဒိတ်ကြားခြင်းကို ခံယူ ရလို၏ ဟူ၍ နောက်ဆုံးပိုဒ်တွင် ဖော်ပြထားချက်ဖြစ်သတည်း။”
***
သျှင်ဥတ္တမကျော်၏ ဆယ့်နှစ်ရာသီတောလားရတု

(၁)
စက်ဆယ့်နှစ်လီ၊ ဒွါဒသီဝယ်၊ သုံးလီဥတု၊ လက်ဝယ်လုသား၊ ရတုသာစွ၊ လမဏ္ဍလျှင်၊ သဘင်ဂိမှာန်၊ တာသင်းကြန်ဟု၊ လေပြန်လွှင့်ကူ၊ ဘုံသစ်ထူ၍၊ ဥဏှဂူနတ်၊ ဖလ်ရဟတ်လည်း၊ သဟဿရောင်၊ ခြည်တထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာဏာနှိမ်လျက်၊ ပြင်းရှိန်အန္တ၊ ဂုဏ်စွမ်းပြသော်၊ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား၊ သီးကင်းနုစ၊ အချို့ကမူ၊ သြဇရသာ၊ နတ်သုဒ္ဓါသို့၊ ချိုစွာတင့်မော၊ ငှက်ပျောသခွါး၊ သဖန်းခါးနှင့်၊ သျှစ်သျှားသမ္ဘရာ၊ သြဇာသရက်၊ ဖက်သက်တရော်၊ မြတ်ရှင်တော်ကို၊ ပူဇော်လို့ငှါ၊ သီးကြရှာ၏၊ မဟာလှေကား၊ ဆတ်သွားရင်ခတ်၊ ခိုင်ညွှတ်ကံ့ကော်၊ ထိုထိုသော်လည်း၊ တော်သင်းကြန်ဝင်၊ ဥည်သဘင်၌၊ ညွန့်ရှင်လုလု၊ ဂုဏ်တင်းပြုလျက်၊ မာန်ပုံဖက်၍၊ မင်းထက်မင်းဖျား၊ တို့ဘုရားကို၊ ညွတ်တွားသဒ္ဓါ၊ ဖူးပွင့်လာ၏၊ အာကာသဓာတ်၊ ကောင်းကင်ရပ်က၊ ဇောတရသ်ချယ်၊ နတ်ဘုန်းကြွယ်တုံ၊ ပြိုင်ဆွယ်ကာက၊ ကက္ကဋနှင့်၊ ဟင်္သာ့တာရာ၊ ရံဝန်းကာလျက်၊ ညီလာစုံခံ၊ ကွန့်မြူးစံရှင့်၊ တိမ်ပြတာန်စု၊ တဂုဏ်လုသည်၊ ကျေးဥအရောင်၊ မိလ္လာဘောင်ဝယ်၊ တိမ်တောင်စက်သွား၊ တိမ်ရထားနှင့်၊ ကိုးပါးန၀ရတ်၊ တိမ်ပြာဿာဒ်လည်း၊ လူ့ထွဋ်ပရမေ၊ သုံးလူ့ဆွေကို၊ ညွတ်ခွေဦးတင်၊ ရှိပန်ဆင်ခဲ့၊ တောခွင်တောင်ထု၊ ပျော်ကြောင်းလုသည်၊ တောင်သူ့ဓလေ့၊ ယာမီးကြွေ့သား၊ မျိုးစေ့မြေနှံ၊ ဒေ၀မာန်လျှင်၊ ညံတခြိမ့်ခြိမ့်၊ ဘ၀င်စိမ့်မျှ၊ သိမ့်သိမ့်ရိုက်ကျော်၊ ဗုဇွန်ဆော်၍၊ ခါတော်သဘင်၊ ဖက်နွှဲယဉ်သို့၊ ညွန့်ရှင်ခက်သွယ်၊ တောနိကာယ်တုံ၊ အံ့ဘွယ်သရဲ၊ ကဲကြဆင့်ဆင့်၊ ပင်လုံးဝင့်လျက်၊ ပင်မြင့်ပင်လတ်၊ ပင်ပျပ်ပင်စောက်၊ ဖူးညှောက်ကိုက်နု၊ စည်းဝေးပြု၍၊ သီးမှုသန္ဓေ၊ သုံးလူ့ဆွေကို၊ ရိုသေလှစွာ၊ ကမ္ဘာလိုလိုက်၊ စရိုက်အားကိုး၊ ညွန့်ညွန့်ဖြိုးသည်။ ။ သီးမျိုးခိုင်ညှာ လ,ပြွတ်တည်း။
***
The sun swings westward aslant. Signs and seasons speed in procession to where the let keeps its station high in the eastern sky. Innocent freshness decks the Thingyan season of the infant year. April airs sweep along in fitful gusts. Phoebus’ crystal disc shoots its fiercest blaze in a thousand rays. Withered leaves shaken from the spray glide down on the aery surge as if in mystical ecstacy. Their sapphire hue seems dashed with gold. A clamour of colour fills the vernal woods. Tender fruits peep from the budded quicks and mellow clusters luscious as ambrosia sway in the air. The golden banana, the cold cucumber, the bitter sycamore, the tart shitsha, the acid lime, the delicious custard-apple, the juicy mango, the restless petthet and the riotous grewia rush to render their homage to the thrice-adored Sage. The Mahahlega varied in colour, the satthwa fragrant as ever, the yingat with its yellow bud, the gangaw subtle in odour put forth their blooms on this occasion of joy and mirth. In the pride of nature impatient of out-blooming the rest, each bares its breast in adoration to the King of Kings. Lesser lights constellate in the ambient sky and take fancy shapes. Lo, the crow, the crab, the sheldrake shine around the moon’s loveliness. Bank of cloud shot with shades of azure and sable fleece the sky. They shift and wave and form now a wheel, then a chariot and again a nine jeweled turret. The noiseless columns bow before the peerless superman in splendid rivalry. Joyous peals of thunder usher in the seeding-season and urge the tribes of the hills to burn and till and sow their land as is their use and wont. It is now the time of song and dance. The drumming thunder rings through the folding circles of heaven like the plangent roll of the crustacean drum in honour of the enlightened One. In the forest grove trees and planets both high and low – are crowned with sprout and bud and fruit. Fruit-laden branches and boughs pay their vows mortal-wise to the exalted One.
***
နောက်နေ့တွေမှ ကျန်တဲ့ အပိုဒ်တွေ ဆက်ပြီး တင်ပါမယ်။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါဦး။

မေတ္တာဖြင့် ...

မေဓာဝီ
၂၈၊ ဇူလိုင်၊ ၂၀၀၉
၁၂း၃၀ နာရီ

Read More...

Monday, July 27, 2009

အရိုင်းပန်းတပွင့်၏ အတ္ထုပ္ပတ္တိ

“လောကကြီးက မတရားဘူး …”

ကျယ်ပြောသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း ထိုသို့ ၀မ်းပန်းတနည်း ရေရွတ်မိသည်။

ဘ၀တွေက ဘာလို့ မတူညီကြတာလဲ …
ဘ၀တွေက ဘာလို့ မတည်မြဲကြတာလဲ …
ဘ၀တွေက ဘာလို့ အာမခံချက် မရှိကြတာလဲ …
ဘ၀တွေက ဘာလို့ ဦးတည်ချက် ပျောက်နေရတာလဲ …
ဘ၀တွေက ဘာလို့ …
ဘ၀တွေက …
ဘ၀တွေ …
ဘ၀ …
… …

တကိုယ်တည်း တိတ်တဆိတ် မေးခွန်းတွေ ထုတ်နေမိသည်က အဖြေမရှိသည့် ပုစ္ဆာတခုကို ထပ်တလဲလဲ တွက်ချက် အဖြေရှာနေသူ၏ ရူးမိုက်မှုနဲ့ တူလေမလား။ စိတ်ထဲမှာ ပင်ပန်းလွန်းလှပြီ။ ဖြစ်နိုင်လျှင် လွတ်မြောက်ရာ တနေရာရာကို ကိုယ်လွတ် ရုန်းထွက်လိုပါပြီ။

“ရှင်သန်ရတဲ့ အချိန်တွေက တိုတောင်းလွန်းလှတယ် … …
“တိုတောင်းလွန်းတဲ့ အခိုက်အတန့်လေးမှာ လောကကြီးကို အကျိုးပြုသူသာ ဖြစ်ချင်ပါတယ် …”

ထိုသို့ဆိုတော့ အပေါင်းအဖော်တွေက ခနိုးခနဲ့ ရယ်မောကြသည်။ တချို့က ကြောင်တောင်တောင် ကြည့်နေကြသည်။ တချို့ကတော့ အဝေးသို့ ဝေေ၀၀ါးဝါး ငေးနေရင်း ဦးတည်ရာမရှိ အဓိပ္ပါယ်မဲ့စွာ လှုပ်ရှားနေကြသည်။ ကြည့်လေ … ဘ၀တူချင်းတွေကိုက ဒီလို ဖြစ်ကုန်ကြပြီ ဆိုတော့ … သူ့အပြောတွေ သူ့အတွေးတွေက ဘယ်မှာလာပြီး အရာထင်တော့မလဲ။ တဖြည်းဖြည်း လျော့ပါးသွားသော သူ့အပေါင်းအဖော်တွေအတွက် ရင်ထဲမှာ စူးနစ်စွာ နာကျင်ခံစားရသည်။ ခိုင်မာသည့်ဟု ထင်ခဲ့မိသည့် စိတ်ဓာတ်သည်လည်း ယိုင်နဲ့နေလေပြီ။

ငါတို့ စည်းလုံးကြရမယ် …
ငါတို့ဘ၀တွေ ရှင်သန်ဖို့ ငါတို့ ကြိုးစားကြမယ် …
ငါတို့ မျိုးဆက် မပျက်စီးအောင် စောင့်ရှောက်ရမယ် …
ပြီးတော့ … ငါတို့အစွမ်းနဲ့ လောကကြီး လှပစေရမယ်လေ …

အသံကုန် ဟစ်ပြီး ပြောလိုက်သည်။ သို့သော် အသံကား ထွက်မလာ။ တ၀ူးဝူးတိုက်ခတ်နေသော လေပွေကြမ်းကြောင့် သစ်ရွက်တွေ တဖွဲဖွဲ လွင့်ဝဲ၍ အနီးအနား ကျလာကြသည်။ သူ့အဖော်တွေကလည်း လေလာရာအတိုင်း အလိုက်သင့် ယိမ်းလို့ … နွဲ့လို့ … ။
သြော် … အပူအပင် မရှိကြသလိုပါလား … ။
***အစကတော့ သူ့ဘ၀ကို သူ နှစ်သက် မြတ်နိုးခဲ့မိပါသည်။
မျက်စိကို ဖွင့်လိုက်သည်နှင့် မြက်ခင်းစိမ်းစိမ်း၊ ကောင်းကင်ပြာပြာ၊ ငှက်ကျေး သာရကာ တို့၏ အသံတွေနှင့် သာသာယာယာ … ပြီးတော့ သူတို့လို ပန်းဝါ၀ါလေး များစွာ … ။ အေးချမ်း ပျော်ရွှင် လှပသည့် ဘ၀ဟု သည်တုန်းက ထင်မှတ်ခဲ့မိသည်။ ပန်းတပင် အဖြစ် လောကကြီးအလယ် ထည်ဝါနေရခြင်းကိုလည်း ဂုဏ်ယူ နေမိပြန်သေး၏။ သို့ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ တဲတဲကလေး ရှင်သန်နေရသည့် သူတို့ရဲ့ ဘ၀တွေ အကြောင်း တစတစ သဘောပေါက် လာခဲ့တော့လေသည်။

ထိုနေ့က ရာသီဥတု သာယာသည်။ နေရောင်ခြည်က တလောကလုံးကို နွေးထွေးစွာ ခြုံသိုင်းထားသည့်နှယ်။ ညင်သာစွာ တိုက်ခတ်နေသော လေပြည်က တသိမ့်သိမ့် တငြိမ့်ငြိမ့်။ အပေါင်းအဖော် များက ပျော်ပျော်ပါးပါး တီးတိုး စကားဆိုကြ၊ လေပြည် အတိမ်းမှာ ယိမ်းကကြ။ ထိုသို့ နေခြည်နှင့် လေပြည်တို့၏ အရသာကို ခံစားနေခိုက် တ၀ီးဝီးမြည်သံနှင့် စိမ်းသက်သက် ရွက်ပြတ်နံ့တို့ လေထဲမှာ ဝေ့၀ဲလာကြသည်။ သူတို့ မှီတွယ် ရပ်တည်ရာ ကမ္ဘာမြေကြီးပင် တသိမ့်သိမ့် တုန်နေသလို။

ဘာဖြစ်တာလဲ …
သိချင်စိတ်ဖြင့် ရှေ့ကို မျှော်ကဲကာ ကြည့်လိုက်တော့ … တ၀ီးဝီး မြည်နေသည့် စက်ကရိယာတခုကို တွန်းရင်း လျှောက်လာနေသည့် သူတယောက်။ စက်ကရိယာ၏ ထက်မြသည့် ဓားသွားအောက်မှာ ရှည်လျားစ ပြုနေသည့် မြက်ပင်တွေက အပိုင်းပိုင်း ပြတ်၍ ပါသွားသည်။ ဖြည်းဖြည်းချင်း သူတို့အနားသို့ ရောက်လာလေပြီ။ မြည်သံတွေက ပို၍ ကျယ်လောင်လာသည်။ မြေကြီးက ပို၍ တုန်ခါလာသည်။ အသက်ပင် မရှူဝံ့အောင် ကိုယ့်ကိုယ်ကိုယ် ၀ှက်၍ ခေါင်းငုံ့နေကြရ၏။

နာကျင်မှုများကြားမှ ညည်းတွားသံတွေ … ။ ခန္ဓာကိုယ် အစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်၊ ပွင့်ဖတ် … ပွင့်ချပ် ၀ါဝါတွေ … ရွက်နု စိမ်းစိမ်းတွေ … ကျိုးပဲ့ ပျက်စီး တစစီကြွေ … ။ ဒါနှင့်ပင် အားမရသေး၊ ထိုသူက ဒူးထောက် ထိုင်ချလိုက်သည်။ လက်အိတ်စွပ်ထားသည့် လက်အစုံဖြင့် သူတို့ကို အမြစ်မှ ဆွဲနှုတ်ပြန်လေ၏။ ရင်ထဲ တထိတ်ထိတ် တုန်လှုပ်ခြောက်ခြားစွာ မြေကြီးမှာ ကပ်သည်ထက် ကပ်အောင် ကုတ်တွယ်နေမိသည်။ ထိုသူ၏ လက်အိတ် ကြမ်းကြမ်းကြီး ထဲမှာ တချို့တွေ လူးလွန့်စွာ ပါသွားကြသည်။ ကျန်ခဲ့သူအချို့ရဲ့ ငိုညည်းသံများ နားဖြင့် မဆန့်။ မျက်ရည်တွေဖြင့် တလောကလုံးေ၀၀ါးသွားသည်။ တိတိရိရိ ကျန်ခဲ့သည့် မြက်ခင်းကတော့ သစ်လွင်သော စိမ်းနုရောင်ဖြင့် ပို၍ သပ်ရပ်လှပ နေလေ၏။
***
ထိုနေ့မှ စပြီး ကိုယ့်ဘ၀ကိုယ် စိတ်ပျက်တတ်လာသည်။ ရှင်သန်ရသည့် ဘ၀ကို မပျော်မွေ့တော့။ ဘ၀ဟာ မတည်မြဲပါလားဟု တွေးမိ တတ်လာသည်။ ကျန်ရစ်သည့် သူ့အပေါင်းအဖော်တချို့နှင့် လွတ်မြောက်ရာကို ရှာဖွေရန် တိုင်ပင်မိကြသည်။

“မင်းတို့ စဉ်းစားကြည့်၊ ငါတို့က ပန်းပင်တွေပါ … ဒါပေမဲ့ နေရာမှားပြီး အလှစိုက် မြက်ခင်းထဲ ရောက်လာကြတယ်၊ တကယ်ဆို ပန်းနဲ့ မြက် ဘယ်သူက တန်ဖိုးရှိမလဲ … ဘယ်သူက လောကကို ပိုပြီး အကျိုးပြုနိုင်မလဲ … လူတွေ မျက်စိပသာဒ လှပဖို့အတွက် စိုက်ထားတဲ့ မြက်ခင်းထဲကနေ ငါတို့ကို ဖယ်ထုတ်ခံရတာ … မင်းတို့ နာကြပါ … ငါတို့အတွက် တနေရာ ရှိကို ရှိရမယ် … ငါတို့ လောလောဆယ် အခြေအနေမှာ ဘာမှ မတတ်နိုင်ပေမဲ့ ငါတို့ရဲ့ နောက်မျိုးဆက်တွေဟာ လူတွေနဲ့ လောကကြီးကို အကျိုးပြုနိုင်သူတွေ ဖြစ်စေရမယ် … ငါတို့ အားလုံး ကြိုးစားရအောင်”

ဒီတုန်းကတော့ အများစုက သူ့စကားကို ထောက်ခံကြသည်။ သူတို့ မျိုးဆက် ပျံ့ပွါးရေးအတွက် ငှက်ကလေးတွေကို အကူအညီ တောင်းကြ၊ လွတ်လပ်ပြီး သာယာတဲ့ သဘာဝ လွင်ပြင်ကျယ်ဆီ ရောက်ဖို့ ကြိုးစားကြသည်။ ဒီမြေမှာ လာရောက် အမြစ်တွယ်မိသည့် သူတို့ ဘ၀တွေက ကြမ်းတမ်းတဲ့ လက်တွေနဲ့ အနှုတ်ခံရလျှင် လမ်းဆုံးသွားမှာ ဖြစ်ပေမဲ့ သူတို့ ကြိုးစားနေသည်က နောက်ထပ် မျိုးဆက်တွေ ဒီဘ၀ မရောက်ဖို့ပဲလေ။
***
နောက်တကြိမ် နေသာသည့် တရက် ထိုအဖြစ်မျိုး ထပ်မံ ကြုံချိန်မှာတော့ သူ့အပေါင်းအဖော် တော်တော် များများ လျော့ပါး ကုန်ကြသည်။ ကျန်ခဲ့သူ အများစုလည်း သွေးပျက် ကုန်ကြပြီ။ သူ့စကားတွေလဲ အရာ မရောက်တော့။ သူပြောသမျှတွေက ဟားစရာ … လှောင်စရာ … ဒါမှမဟုတ် … လစ်လျူရှုစရာ တွေပေါ့။ ဒီတော့လည်း မတူညီသော ဘ၀တွေကို နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျ လာသည်။ ပန်းဖြစ်ပါလျက် ပန်းအဖြစ် သတ်မှတ်ခြင်း မခံရသည့်ဘ၀က ဘယ်လောက် နာကြည်းစရာ ကောင်းလိုက်ပါသလဲ။

စက်သံ တ၀ီးဝီး တုန်ဟည်းကာ အော်မြည်လာသံကို မကြားလို။ လောက ငရဲအလား ထင်မှတ်မိသည်။
“မလုပ်ပါနဲ့ … ငါတို့က ပန်းတွေပါ”
“လောကကို လှစေချင်တဲ့ ပန်းပင်တွေပါ”
တချို့က ကြောက်လန့်တကြား အော်ဟစ်ရင်း တားကြသည်။ သို့သော်လည်း အရာမရောက်။ စက်ကြီး၏ ဓားသွားအောက်မှာ ပန်းပွင့်တွေ ကြွေရပြန်လေသည်။ ဒီတခါတော့ စက်မောင်းသူ၏ နံဘေးမှာ မိန်းကလေး တယောက် ပါလာသည်။

“သမီး … အဲဒီ အပင်တွေ နှုတ်ပစ်၊ အဲဒါ ပေါင်းပင်တွေ”
“ဟင် … အဲဒါ ပန်းပင်တွေ မဟုတ်လား၊ ပန်းပွင့်လေးတွေက အလှသားပဲကို”
“ဒီအပင်တွေရှိရင် မြက်ခင်း ပျက်စီးတယ်၊ အဲဒါ dandelion လို့ ခေါ်တယ်၊ weeds တွေ၊ အမြစ်ပါ ပါအောင် နှုတ်ပစ်၊ ဒါမှ နောက်ထပ် ပြန်မပေါက်အောင်”
“ဟုတ် …”

ပန်းပွင့်လေးတွေက အလှသားပဲ … ဆိုသည့်စကားကြောင့် သူတို့၏ အလှကို သတိပြုမိသူ ရှိသေးပါလား … ဟု ကျေနပ်စိတ် အနည်းငယ် ၀င်နေဆဲ သူ့အနားသို့ ထိုမိန်းကလေးက ငုတ်တုတ်လေး ထိုင်ချလိုက်သည်။ ဒီတခါတော့ သူ့ဘ၀ တကယ်ပင် အဆုံးသတ်တော့ လေမလား … တွေးနေမိစဉ် သူ့အပင်မှ ကျွင်းကျန်နေသော ပန်းပွင့်ဖတ် ၀ါဝါလေးအား သူမ၏ လက်သေးသေးဖြင့် တယုတယ ကိုင်တွယ်ခြင်းကို ခံစားလိုက်ရ၏။ နူးညံ့နွေးထွေးသော အထိအတွေ့ ... ။

“ကဲပါကွယ် … သေအောင် သတ်မယ့်အရေး အစာကျွေးမနေပါနဲ့တော့”
အသက်ကို အောင့်ပြီး မျက်စိအစုံကို မှိတ်ထားလိုက်သည်။ ပန်းပွင့်ကလေးက ထိုသူမ လက်ထဲ လှပ်ခနဲ ပါသွားသည်။ ပြီးတော့ အင်္ကျီ ရင်ဘတ်က အိတ်ထောင်ထဲ စိုက်လိုက်၏။ ဒီ့နောက် ပန်းပင်ကို အမြစ်မှနေ၍ နှဲ့ကာ ဆွဲနှုတ်သည်။ ရင်တခုလုံး နာကျင်စွာ … ခံခက်စွာ … ဒဏ်ရာများစွာဖြင့် ဇီဝိန် မချုပ်ခင် သူ၏ ၀ိညာဉ်က ထိုပန်းကလေးနောက်သို့ လိုက်ပါသွားလေ၏။
***
ထိုမိန်းကလေးက မြက်ရိတ်စက်ကို နေရာတကျ သိမ်းဆည်းပြီး ခြေလက် ဆေးကြောသည်။ ပြီးတော့ … ရေဆာလိုက်တာ ဟု ညည်းညူခိုက် …

“ဟိုဗူးကို ဖွင့်လိုက် … အဲဒီထဲမှာ အချိုရည်ဗူးရှိတယ် …”
လူကြီး၏ ညွှန်ကြားချက်အတိုင်း မိန်းကလေးက အချိုရည်ဗူးကို ထုတ်၊ ဖန်ခွက်ထဲ အနည်းငယ် ဖြည့်သည်။
“အဲဒီအချိုရည်က ခုနပန်းတွေနဲ့ လုပ်ထားတာ”
“ဟင် … ဟုတ်လား”
“ဖတ်ကြည့်ပါလား … ဘာရေးထားလဲဆိုတာ”

“Dandelion တဲ့ … ဟယ် … ဟုတ်တယ် … ဒီမှာ ပန်းပွင့်ပုံကလေးတောင် ပါသေး … ဒါဆို … ဒီပန်းကနေ အချိုရည် ထုတ်လို့ရတာပေါ့ … ဟား … မိုက်တယ်”

သူမက အင်္ကျီ အိတ်ထောင်ထဲမှာ ထိုးစိုက်ထားသော ပန်းကလေးကို ဆတ်ခနဲ ဖြုတ်ပြီး တချက် မွှေးလိုက်သည်။ ပြီးတော့ အချိုရည်ကို တရှိုက်မက်မက် သောက်နေသည်။ စကားသံတွေ ကို နားထောင်ရင်း သူ့ရင်တွေ တလှပ်လှပ် ခုန်လာသည်။

“ဒါဆို … ငါတို့ဟာ လောကအတွက် အကျိုးမဲ့တဲ့ ပန်းပွင့်တွေ မဟုတ်ဘူး … ငါတို့ တတ်နိုင်သလောက် အကျိုးပြုနေကြသားပဲ”

သူဝမ်းသာသွားသည်။ ကျေးဇူးလဲ တင်မိသည်။
သူတို့ဘ၀တွေ ဘယ်လိုပင် မလှမပ နိဂုံးချုပ်ရပေမဲ့ ကျန်သည့် မျိုးတူ အပေါင်းအဖော်တွေက ခုလို တတ်အားသမျှ အကျိုးပြုနေကြလျှင် ဂုဏ်ယူ ၀မ်းမြောက်စရာပင် မဟုတ်ပါလား။

“မိန်းကလေးရေ … ကြုံကြိုက်ခဲ့ရင် ငါတို့ အပေါင်းအဖော်တွေကို စကားလက်ဆင့် ကမ်းပေးပါလား၊ ငါတို့တွေဟာ အရိုင်းပန်းအဖြစ် ရှင်သန်ကြရတယ် … မြက်ခင်းအလှကို ဖျက်ဆီးတဲ့ သူတွေအဖြစ် အပစ်ပယ် ခံကြရပေမဲ့ အားမငယ်ဖို့ စိတ်ဓာတ်မကျဖို့နဲ့ ငါတို့တွေဟာ လောကကို တထောင့်တနေရာက အကျိုးပြုနေတယ်ဆိုတာ ကျန်တဲ့သူတွေ သိစေဖို့ ကူညီပေးပါ”
***
သူ့ဝိညာဉ် တွယ်ကပ်နေသော ပန်းပွင့်ဝါ၀ါလေးက မိန်းကလေး၏ အိတ်ထောင်မှတဆင့် စားပွဲပေါ် ရောက်သွားသည်။ မိန်းကလေးလည်း တဖြည်းဖြည်း ညှိုးရော် လာသော သူ့ကို လန်းဆန်း စဉ်ကလို တယုတယ မွှေးကြူခြင်း မရှိတော့။ ဂရုစိုက်၍လည်း မနေနိုင် အားတော့။ ဒီလိုနှင့် သူလည်း စားပွဲပေါ်မှာ နေရင်း ပွင့်ဖတ် ၀ါဝါတွေ အရောင် ပြောင်းလာမည်၊ နွမ်းနယ်လာမည်၊ ခြောက်သွေ့ လာမည်။ မည်သို့ပင် ဖြစ်စေ အရိုင်းပန်း တပွင့်ဖြစ်သော သူသည် နောက်ဆုံးထွက်သက် မကုန်ဆုံးခင် အချိန်ကလေးမှာ ကိုယ့်ဘ၀ကိုယ် နှစ်သက် ကျေနပ် အားရ နေလေတော့သတည်း။
***
မေဓာဝီ
၂၇၊ ဇူလိုင်၊ ၂၀၀၉
၁၂း၄၃ နာရီ

ပန်းပုံယူသောနေရာ

Read More...

Sunday, July 26, 2009

လက်ဖက်ရည် တေးထပ်များ ...

ကျမဘလော့ကို လာရောက် ဖတ်ရှုကြသူများ “မြန်မာရှေးစာဆိုတို့၏ ကဗျာများ” ပို့စ်တွေကို နှစ်သက်ကြလို့ ၀မ်းသာမိပါတယ်။ အဲဒီပို့စ်ရဲ့ ကိုးကားစာအုပ် “ကဗျာသင်္ဂဟမေဒနီ” က ဘာမင်ဂန်ဆရာတော် ဦးဥတ္တရဉာဏ ဆီက ခေတ္တငှားထားတဲ့ ရှားပါးစာအုပ်ဖြစ်တဲ့အပြင် ကျမကိုယ်တိုင်လဲ သိမ်းထားချင်၊ ၀ါသနာတူသူများကိုလဲ ဝေမျှချင်တာကြောင့် ခုလို ပြန်ရိုက်ပြီး တင်ရခြင်းပါပဲ။ တနေ့က အဖေနဲ့ စကားပြောဖြစ်ခိုက် အဲဒီစာအုပ် အဖေ့မှာ ရှိသေးလား မေးကြည့်တော့ တအုပ် ရှိဦးမယ်လို့ ပြောပါတယ်။ ရှိရင် ကျမဆီ ပို့ပေးဖို့ အဖေ့ကို ပူဆာရင်း တခြားကျမ လိုချင်တဲ့ တခြား စာအုပ်ကလေးတွေပါ မှာဖြစ်တယ်။ အဖေ့စာအုပ်တွေနဲ့ ဝေးနေတာကြာပြီမို့ ကျမ စာသိပ်ငတ်ပါတယ်။ အီးဘွတ်တွေ ရသလောက် စုဆောင်းထားပေမဲ့ အဖေ့စာအုပ်တွေလောက် မပြည့်စုံပါဘူး။ အရင်ကလို တခုခု သိချင်ရင် အဖေ့ကို မေး၊ အဖေညွှန်းတဲ့ စာအုပ်ကို ရှာဖတ်၊ ရေး … အဲဒီဘ၀မျိုးလေးကို အောက်မေ့ တသမိတယ်။

မနေ့က ကျမရဲ့ ပို့စ်မှာ ကိုမင်းထက်ရဲ့ ကွန်မန့်ဝင်လာတော့ ရုတ်တရက် အဖေနဲ့ အဖေ့စာအုပ်စင်ကို သတိရမိပြန်တယ်။ ကိုမင်းထက်က ကွန်မန့်ထဲမှာ ခုလို ရေးခဲ့တယ်။

ကျနော်ရှာနေတဲ့ အချုပ်တန်းဆရာဖေနဲ့ စလေဦးပုညရဲ့ ကဗျာတွေကို တွေ့လိုက်ရလို့ သိပ်ကို ကျေးဇူးတင်တယ်ဗျာ။ တကယ်ပါ။ ဖြစ်နိုင်မယ်ဆိုရင် မန်လည်ဆရာတော်နဲ့ လယ်တီဆရာတော်တို့ရဲ့ လက်ဘက်ရည်တေးထပ်လေးတွေလဲ ပြန်ဖတ်ချင်ပါတယ်။ အဲဒါတွေလဲ တင်ပေးစေချင်ပါတယ်။ ကျေးဇူးပါဗျာ။
***
ကျမသိတဲ့ လက်ဖက်ရည် တေးထပ်ကတော့ …
လက်ဖက်ရည် အမြဲသောက်၊
ချွဲပျောက်လို့ ဆီးရွှင် …
ဆိုတာနဲ့ အစချီတဲ့ လယ်တီဆရာတော်ရဲ့ တေးထပ်ပါ။ ဒါပေမဲ့ အစအဆုံးလဲ အလွတ်မရဘူး။ မန်လည်ဆရာတော် တေးထပ်ကိုတော့ ကျမ မသိပါဘူး။ ဒါနဲ့ ကိုမင်းထက်ရဲ့ ဘလော့ကို လိုက်သွားပြီး အကျိုးအကြောင်း ပြောခဲ့တယ်။ ကျမလဲ အဲဒီတေးထပ်လေးတွေ ပြန်ဖတ်ချင် နေမိတာနဲ့ စိတ်ထဲမှာ ရှေ့တပတ် အဖေနဲ့ စကားပြောမှ မေးကြည့်မယ် လို့ တေးထားမိတယ်။

ဒီလိုနဲ့ မနေ့ညက အိပ်ခါနီးလေး ဂျီတော့ခ်ဝင်ခိုက် မြန်မာကဗျာ ဟင်းလေးအိုးကြီး ကိုဟယ်ရီနဲ့ ဆုံလို့ အဲဒီတေးထပ် ရှိလိုရှိငြား မေးကြည့်တော့ သူက ရှာကြည့်ပေးမယ်ပြောပြီး တမိနစ်အတွင်း ရှာပေးတာကြောင့် ကျမ အရမ်း ၀မ်းသာသွားသလို ကိုဟယ်ရီကို ကျေးဇူးလဲ သိပ်တင်မိတယ်။ ကျမ တခုခု သိချင်လို့ မေးလိုက်တိုင်း သူ့မှာ ရှိနေတာ ချည်းပါပဲ။ ဒါကြောင့်လဲ ဟင်းလေးအိုးကြီးလို့ ကျမက နာမည်တပ်မိတာပေါ့။ ကိုဟယ်ရီရှာပေးတဲ့ လက်ဖက်ရည် တေးထပ်လေးတွေ … ဖတ်ကြည့်ကြပါအုံး … ။
***
လက်ဖက်ရေ

လက်ဖက်ရေ မပြတ်သမျှ၊‎
မရည်တတ်မှန်သည်၊*‎
လာဘ်ရဖို့မကြံစည်၊‎
ကံနှစ်လီချွတ်ယွင်း၊‎
ကျိုးမရ ချိန်ပုပ်ကာ၊‎
အိမ်လုပ်မှာ တိုးလို့လစ်ဟင်း။‎
‎၀ိုင်းဖွဲ့၍ရီစရာ၊‎
‎၀စီမှာသိမ်ဖျင်း‎
မကြည်သာအိမ်တွင်းက၊‎
ကျိန်ဆဲရင်းနားပူ၊‎
သုံးစရာပိုက်ဆံပါးပြန်တော့၊‎
မယားက တိုးလို့သာဆူ။‎
မိုက်ဉာဏ်များတဲ့ အလကားလူရယ်၊‎
အခြားသူပြောဆိုကြသည့်၊‎
လောကနှင့်သံသရာ၊‎
ကျိုးမရှိပါ။‎
ကရားတလုံးနှင့်မခြားသုံးပါလျှင်၊‎
မယားမုန်းကာ ကွာတတ်ချည်ရဲ့လေး။‎

မန်လည်ဆရာတော်(တေးထပ်)‎
***
မန်လည်ဆရာတော်ရဲ့ တေးထပ်အစပိုင်း*က နည်းနည်းလွဲနေတယ် လို့ ကိုဟယ်ရီက ပြောပါတယ်။ ဟုတ်တယ် ... ဖတ်ကြည့်တော့လဲ လွဲနေသလိုပါပဲ။ အမှန်ကို သိသူများ ပြင်ပေးစေလိုပါတယ်ရှင်။ နောက်တပုဒ်ကတော့ လယ်တီဆရာတော်ရဲ့ တေးထပ်ပါ။ ကျမက လက်ဖက်ရည်သမားမို့ လယ်တီဆရာတော်ရေးတာ ပိုကြိုက်တယ်။

မအိပ်မနေအသက်ရှည်

လက်ဖက်ရေ အမြဲသောက်၊‎
ချွဲပျောက်လို့ဆီးရွှင်
၎င်းနောက် အကျိုးမြင်သည်၊‎
သူခိုးပင်ရန်ကင်း၊‎
ဤကဲ့သို့ ရန်မသီလျှင်၊‎
ကြံအစည်တိုးလိမ့်မယွင်း။‎
တရားနှင့်ကျိုးများရှာလျှင်၊‎
နိုးကြားစွာကြံခြင်း၊‎
တမျိုးအား ဉာဏ်လင်း၍၊‎
‎ဓမ္မခန်ရင်းဖွေရှာ၊‎
ကျမ်းဓမ္မာ တင်ကာပြ၊‎
သင်္ခါရ အောက်မေ့ရပါ။‎
ထင်စွာပြ အကြောင်းရှာလျှင်၊‎
ကောင်းရာကိုစိတ်စွဲ၍၊‎
မအိပ်ဘဲ အသက်ရှည်၊‎
လင်းလုအောင်နေ၊‎
သို့မို့ကြောင့် ရတက်ပြေအောင်
လက်ဖက်ရေ သောက်ကြကွဲ့လေး။‎

လယ်တီဆရာတော်(တေးထပ်)‎
***
ရေးနေရင်း နောက်တခု စိတ်ထဲ သတိရမိတာက …
“လက်ဖက်ရည် အဖန်သောက်လျှင်ဖြင့်
ကျက်သရေ အမှန်ရောက်ပါလိမ့်၊
ကြံသလောက် ပြီးတဲ့ ရေ …” ဆိုတာကိုပါ။
အဲဒါက လက်ဖက်ရည် အဖန်ဆိုတော့ ရေနွေးကြမ်းကို ပြောတာ ထင်ပါတယ်။ ကျမစိတ်ထင် လယ်တီဆရာတော် ရေးတာပဲလား မသိဘူး။ အစအဆုံးလဲ မရဘူး။ သိတဲ့သူများရှိရင် ပြောပြပေးကြပါအုံး။

လက်ဖက်ရည်တေးထပ်များအတွက် တောင်းဆိုသူ ကိုမင်းထက်၊ ရှာဖွေပေးသူ ကိုဟယ်ရီတို့ကို ကျေးဇူးအထူး တင်ရှိပါတယ်။ လက်ဖက်ရည် နှစ်သက်သူ၊ မနှစ်သက်သူများ အားလုံး လက်ဖက်ရည် တေးထပ်လေးများ ဖတ်ပြီး ကျေနပ်နိုင်ကြပါစေ။
***
မေတ္တာဖြင့်

မေဓာဝီ
၂၆၊ ဇူလိုင်၊ ၂၀၀၉
၁၀း၃၂ နာရီ

Read More...

Friday, July 24, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၃)

ဒီတပတ် အပိုင်း (၃) မှာ ဦးပုညနဲ့ အချုပ်တန်း ဆရာဖေတို့ရဲ့ ကလိယုဂ် ကဗျာတွေကို ဆက်ပြီး ဖော်ပြပါမယ်။ အစကတော့ ကိုးကားစာအုပ်ဖြစ်တဲ့ “ကဗျာသင်္ဂဟမေဒနီ” ထဲမှာပါတဲ့ ကဗျာဥပဒေသတွေကို ချန်လှပ်ခဲ့မလို့ပါပဲ။ ပါဠိတွေရောထွေးနေတဲ့ “စာလေး”တွေမို့ ဖတ်သူတွေ သိပ်စိတ်ဝင်စားမယ် မထင်မိသလို ကျမကိုယ်တိုင်လဲ ရိုက်ရမှာ ပျင်းနေလို့ပါ။ ဒါပေမဲ့ ကိုဟယ်ရီက သူနဲ့ဆုံတိုင်း အဲဒီဥပဒေသတွေ တင်ဖို့ တိုက်တွန်းသလို မလေး (အိမ့်ချမ်းမြေ့) ကလဲ အချိန်ရရင် တင်ပေးဖို့ ကွန်မန့်ထဲမှာ ရေးခဲ့ပါတယ်။ ဒါ့အပြင် ကိုရန်အောင်နဲ့ ခဏတွေ့ခိုက် သူကလဲ ဒေါသတွေအကြောင်း ဖတ်ချင်တယ် လို့ ဆိုပြန်တာကြောင့် ဒီဥပဒေသတွေကို ကြိုးစားရိုက်တော့မယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။

ကဗျာ့ဥပဒေခန်း အစမှာ “မြန်မာ” ဆိုတဲ့ ဝေါဟာရ ပြောင်းလဲ ဖြစ်ပေါ်လာပုံကို အရင် ဖော်ပြလိုက်ပါတယ်။
***
ကဗျာ့ဥပဒေခန်း
မြန်မာဟူသောဝေါဟာရ
ဗု၊ ဓံ၊ သံ၊ န။ ။ ဇယတု သဗ္ဗမင်္ဂလံ

ခပ်သိမ်းသော ပရမတ်ပညတ် အသံမျိုးအရပ်ရပ်တို့သည် သောတ၀ိညာဉ်၏ အာရုံအဖြစ်သို့ ရောက်တတ်သောကြောင့် ၎င်း၊ ရွတ်ဖတ်ပြောဆိုအပ်သော အရာကြောင့်၎င်း သဒ္ဒါဟူသော လောကသင်္ကေတ အမည်ထူးရလေကုန် သတည်း။ သို့ရသော သဒ္ဒါ၏ ဖြစ်လာခြင်း အကြောင်းဟိတ်လည်း စိတ္တဇ, ဥတုဇ သဘာဝအားဖြင့် နှစ်ဌာနပင် ရှိချေသည်။ ထိုသဘာဝ နှစ်ဌာနတို့တွင် စိတ္တဇသဒ္ဒါကား - မာဂဓ, မြန်မာ စသောအားဖြင့် ကွဲပြားသော ဘာသာ အရာမက များပြားစွာသော်လည်း ကမ္ဘာဦးသူ လူပညာရှိတို့၏ အာဒိဝါစာ ပ၀ရ ပါဠိဘာသာ - မာဂဓသည် ဘုရားစကားတော်နှင့် သင့်လျော်ညီညွတ် သောကြောင့် နှိပ်, လွှတ်, လေး, ပေါ့, တင်း, လျော့, ရှည်, တို, ဖြတ်, စပ်, ရွတ်, ဖတ်ခြင်းငှာ လိုအပ်သော ထိုထို ပဗ္ဗဇ္ဇဥပသမ္ပဒ-နှစ်ဖြာစုံတို့၏ သရဏဂုံ ဉတ် ကမ္မ၀ါစာတို့၌ သုံးဆောင်မှီဝဲရာ အထူးထိုက်ရကား မကိုဋ်သင်းကျပ် ဘာသာမျိုး အရပ်ရပ်တို့ထက် မြင့်မြတ်သော ဗုဒ္ဓဘာသာကြီး ဖြစ်ပေသည်။

ပဋိသမ္ဘိဒါ၊ ရတနာရောင်ဆိုင်၊ ဉာဏ်မဏ္ဍိုင်ကို၊ အပိုင်ရကြောင်း၊ ကောင်းမြတ်သော ဂုဏ်ကျေးဇူးနှင့် အထူးပြည့်စုံသော အရိယဘာသာလည်း ဖြစ်ပေသည်။

အာဒိကပ္ပ၊ ဗြဟ္မတသိန်၊ သုခမိန်တို့၊ ရှုချိန် ဆုံးဖြတ်၊ ခေါ်ပညတ်ရင်း ဖြစ်၍၊ အရပ်ရပ်သော ဘာသာဟူသမျှတို့၏ မူလဘာသာကြီးလည်း ဖြစ်ပေသည်။

ထို အာဒိဘူတ မူလရင်း ဗြဟ္မာလူမျိုးတို့ သုံးစွဲရိုး မာဂဓဘာသာသည် ကာလဒ္ဓါန၊ ရှည်ကြာလှသဖြင့်၊ တရာ့တပါး၊ လူမျိုးပြားတိုင်း၊ တိုးပွါးပြီးခါ၊ ဘာသာလည်း တိုးပွါးလာကုန်သည်။

ထိုတွင် ဗြဟ္မာ, ဗမာ, မရမ္မာနှင့် မြန်မာ ယခုတွင်ကြောင်းမှုကား “ဂုဏ၀ိသေသေဟိ ဗြူဟိတာ ၀ုဍ္ဎိတာတိ ဗြဟ္မာ” ဟူသော ၀စနတ္ထနှင့်အညီ ရူပါရူပ ရပ်ဌာန်၊ ဘုံကြီးစံတို့သည်၊ ဈာန်အဘိညာဉ်၊ တိမ်ယာဉ်စီးကာ၊ ကြီးပွါးစွာကုန်သောကြောင့် ဗြဟ္မာဟု အမည်ရကြောင်း။

၎င်းဗြဟ္မာတို့ တန္တု၊ ဥပစာဈာန်၊ ဘုံကြိုးဘန်၍၊ ငှက်ဟန်မိုးခေါင်၊ ပြိုးတပြောင်လျှင်၊ ကိုယ်ရောင်ကိုယ်ဝါ၊ ဗြဟ္မာနှင့် တူစွာသောကြောင့် “ဗြဟ္မာ ၀ိယာတိ ဗြဟ္မာ” ၀စနတ်လာသည်နှင့် အညီ ကမ္ဘာဦးသူတို့လည်း ဗြဟ္မာ မည်ကြောင်း။

၎င်းကမ္ဘာဦးသူ လူဗြဟ္မာအဆက်ဆက်တို့မှ ဆင်းသက်ပေါက်ဖွားသော သား, မြေး, မြစ် တစုကိုလည်း “ဗြဟ္မုနော အပစ္စံ ပုတ္တာတိ ဗြဟ္မာ” ဗြဟ္မာဟူ၍ပင် ခေါ်ထိုက်ကြောင်း။

၎င်းဗြဟ္မာဝံသ၊ မျိုးမည်မှလျှင်၊ ကာလညောင်းသော်၊ ခေါ်လွယ်စိမ့်ငှာ၊ အရစ်ဟူသော ရ-ကြီး အက္ခရာ၊ သံယုတ်ဟူသော ဟ-အက္ခရာ၊ ပျက်ကွာသမှု၊ အချို့သော ဗြဟ္မာစုကို၊ သဒ္ဒါပြုမပို၊ ဗမာဟု ခေါ်ဆိုသည်။

ထိုဗမာမှ တခါယွင်းဖောက်၊ ဗ-လုံးလုံးပျောက်ခဲ့၍၊ ထို့နောက် မရမ္မ၊ ထို့နောက် မြတွင်၊ ရမ္မပစ္စည်း၊ နည်းသစ်တဖန်၊ ရမုဓာတ်ကြံပြီးလျှင်။ ။ “မဟန္တေ ဗုဒ္ဓဘာသိတဓမ္မေ ရမေတီတိ မရမ္မာ၊ ဧ၀ံ မြန်မာ” ၀စနတ် နှစ်ဖြာနှင့်အညီ၊ မြတ်စွာဘုရား၊ ဟောကြားမြွက်ဖော်၊ တရားတော်၌၊ မွေ့လျော် နှစ်သက်သမှု၊ လိုက်နာကျင့်ကြံခြင်း ပြုတတ်သောကြောင့် ဤယခု မရမ္မာမျိုး၊ မြန်မာမျိုးဟု၊ တန်ခိုးမတိမ်၊ သီရိနြေ္ဒ၊ တက်သစ်နေကဲ့သို့။ ပရမေ ဥက္ကဋ္ဌ၊ သမုတ်ရသော၊ ဗုဒ္ဓဘာသာကြီး ဖြစ်ပေါ်လေသည်။
***
ကလိယုဂ်ကဗျာခန်း (၃)

စလေဦးပုည အတ္ထုပ္ပတ္တိ

စလေဆရာကြီး ဦးပုည အကြောင်းကား - စလေမြို့ ဘွားရာဇာတိ၊ ငယ်မည် ကိုပုတ်စည်၊ ရှင်မည် ဦးပုညဟု ကျော်စောကိတ္တိရှိပေသော စလေ ဆရာကြီး သည် ငယ်ရွယ်စဉ်ကပင် အတတ်ပညာ အရာရာနှင့်တကွ မန္ဒာခိဋ္ဋ၊ သိပ္ပဆည်းစု၊ ဗဟုဿုတ၊ ဂန္ထန္တရ၊ သုတဗုဒ္ဓိ၊ က၀ိတဆူ၊ ပေါ်ပေါက်လာရကား မန္တလေး ရတနာရုံ နေပြည်တော်ကြီးကို လက်မွန်အစ ပဌမမြို့နန်း တည်ထောင် စံနေတော်မူသော ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင်မင်းတရားကြီး ဘုရား ရွှေလက်ထက်တော်တွင် ရွာစည်ရွာစား မင်းလှသင်္ခယာဟူသော ဘွဲ့တံဆိပ်နှင့် သူကောင်းပြုတော်မူသည်ကို ခံရလေသည်။ ၁၂၂၈-ခု ညီတော် အိမ်ရှေ့မင်း အရေးတော်ပုံတွင် ကွယ်လွန်ရှာလေသည်။

ရေးသားသောစာ စာရင်း
(၁) မန္တလေးမော်ကွန်း
(၂) ရတနာနဒီမော်ကွန်း
(၃) ဇင်းမယ်နိုင်မော်ကွန်း
(၄) သင်္ဂြိုဟ် ၉-ပိုင်း သရုပ် အဓိပ္ပါယ် တေးထပ်
(၅) ၀ိဇယ, ပဒုမ, ကောသလ, ရေသည်, ၎င်းပြဇာတ် လေးစောင်
(၆) ဝေဿန္တရာဇာတ် ဟောစာ
(၇) ဗေဒင်ဟောကိန်း ရကန်
(၈) ပျို့ကဗျာ, လင်္ကာ, ရတု, ရကန်, ဧချင်း, မော်ကွန်း, သမိုင်း, သံပိုင်း, တေးထပ်, သဖြန်, မှာတမ်း, တုံးချင်း, တောလား, ရေလား, ငိုချင်းရှည်, မေတ္တာစာ အမျိုးမျိုး
(၉) သာသနာလျှောက်
(၁၀) တရားစာ အမျိုးမျိုး
(၁၁) ဗေဒင်ကျမ်း၊ ဆေးကျမ်း
အစရှိသည်တို့ကို နောက်သားနောင်လာ သိဿာနု သိဿ အစဉ် အဆက် လေ့ကျက် မှတ်သားစေရန် ရေးသား ထားခဲ့လေသတည်း။
***
စလေ ဆရာကြီး ဦးပုညဆို ကလိယုဂ် တေးထပ်
(၁)
ကာလနှယ် ဆိုးပါဘိ၊ သူခိုးကလူလူ။ တောလေ့ပေါက်နန်းမူ၊ အိမ်သူကို ဧည့်စောင်း။ သူကောင်းကို သက္ကရာဇ်တင်၊ တောင်ယာ့ရှင် မျောက်လိုက်လို့ မောင်း။ ။ လေးတရာ ဆီမှန်လျှင်၊ ရေနံလောက် မကောင်း။ စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်။ တူရိယာ နတ်စည်စောင်း၊ သူပုန်းတောင်း ချင်းကတဲ့သွင်။ ။ ၀ါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊ မုန်းဇာတ် ကြံချေပြီ၊ ဘုန်းရို့ဝသီ။ ခုများဖြင့် မုသားညီတယ်၊ အပလီ ဗိုလ်မင်း ပလေး။ ။

၎င်းဆို တေးထပ်
(၂)
လောကဓံ ချောက်ချားလို့၊ ကြောက်ပါးလိ လူ့ပြေ။ နောက်ပွါးသည့် ဥပဒေ၊ မှုအနေမကျ။ လူ့ဗာလ ထင်ပေါ်၊ မြင်မြော်သူ နဲတဲ့ကာလ။ ။ တပ်ကပ်မှာ မေတ္တာ၊ ဆုပ်ကပ်မှာ ဓန၊ ခေတ်အလာ ၀ိသမ၊ ဗြဟ္မစိုရ် ရပျောက်ကွယ်။ ပညာရှင် မှန်ကထဲ၊ မွဲရင်ဖြင့် မိုက်ရတော့မယ်။ ။ ငွေရှိမှ တင့်တယ်သည်၊ လူမမယ် ဒွိဟိတ်မို့၊ ဒေါင်းနှိပ်မှ ခုခါတွင်၊ လောကမျက်မြင်။ ဒင်္ဂါးဌေးမှ ခင်လေးကြင်မယ်၊ ကချင်, ကရင်, ချင်း ဖြစ်စေတော့လေး။ ။
***
အချုပ်တန်းဆရာဖေဆို ကလိယုဂ် တေးထပ် (အတ္ထုပ္ပတ္တိ မပါ)
(၁)
မော်ဖို့ရာ လမ်းမရှိပါဘု၊ မှန်းဂတိ ဆုတ်ကွာ။ ဆန်းကလိ ယုဂ်အခါမှာ၊ မဟုတ်တာ ပွင့်လင်း။ သဘောဖြောင့် ရေလိုက်ကြံရင်၊ ငွေပိုက်ဆံ ရှားတဲ့ ခေတ်တွင်း။ ။ မုသားကို အပြောသန်သည်၊ မနောကံ ပျက်ယွင်း၊ လောကဓံ စက်တွင်းမှာ၊ လင်းငင်းခုမသွေ။ ပြုမဲ့ဆို မကြောက်ငြားပါဘု၊ တယောက်သား လဲလို့ သေသေ။ ။ မထောက်ထား ဆိုးဝါးချေသည်၊ မိုးခါးရေ အကုန်သောက် တာမို့။ ယုံလောက်ဖို့ ဘယ်သူ ဘယ်လူ၊ လောက မဖြူ။ ကောသလ စက်ပျော် သူရယ်၊ မက်တော်မူ သည်ကိန်းထင့်လေး။

၎င်းဆို တေးထပ်

(၂)
သည်ခေတ်တွင် သည်ကာလ၊ ငွေစတဲ့ ရှေ့ဆောင်။ မွဲရင်ဖြင့် လူ့ဘောင်မှာ၊ ခွေးတောင်မှ မလေး။ မျိုးဇာတိ နွယ်မှန်လျှင်၊ ငွေဓနံ ရှိအုံးမှအေး။ ။ ဗူးတောင်းနစ် ဇောင်ချမ်းပေါ်သည်၊ ပုံဆိုသော် မဝေး။ တ၀မ်းဝင် တမိမွေး သော်မှ၊ ပေးနိုင်မှ ချစ်ကြည်။ ဆွေမျိုးကို မဆိုထားပါနှင့် ငွေအားသာ ဖြစ်ပါတော့သည်။ ဗြဟ္မစိုရ် လေးမည်၊ မတည်ကြည် ကုန်ကင်းလို့။ ငွေအရင်း မင်းမူသည့်တာ၊ တင့်တယ်လှပါ။ လူရည်တတ် မျက်နှာငယ်၊ စက္က၀ါ နယ်ဝန်းသို့လေး။

၎င်းဆို တေးထပ်
(၃)
မျက်နှာပေး မမာကြပါနှင့်၊ ထာဝရ ပြုံးပါ။ ကာလကို နှလုံးနာသည်၊ မုန်းစရာ ကရို့။ လေပြင်းဥက် (အုတ်) ဆက်ကွာအောင်၊ တုတ်စကြာ မွှေ့တဲ့ခါမို့။ ။ ဇာတ်တူချင်း ယခုခါမှာ၊ ကရုဏာကွာလို့။ အမှုသာ ရှာလို့ပ၊ မြန်မာတို့ စိတ်မှာ။ ဥပုသ်တော် ထားပြရိုးပါလို့၊ တရာ့ကိုး ဖမ်းတဲ့အခါ။ ။ ခွတမျိုး မချမ်းသာတယ်၊ လမ်းပလာ ဉာဏ်ထုတ်လို့၊ သံတုတ်နှင့် ဇီဝိန်ခြွေ၊ တိုင်းပြေသိပေ။ လိမ်မာမှ အသက်ရှည်မယ်၊ အခက်တွေ ပွေလွန်းလို့လေး။ ။

၎င်းဆို တေးထပ်
(၄)
ဒေါင်းမော်လျှင် ခေါင်းပေါ်ခွစေတော့၊ ပေါင်းဖော်ရ ကြည်ညို၊ နူကွက်လို့ လူလက်တိုစေ၊ ယူဘက်ကို မငြင်း။ ငွေရှိလို့ ဒင်္ဂါးကြွယ်လျှင်၊ မင်းလားကွယ် ဆွဲလိမ့်အတင်း။ ။ ပိုးပုဆိုးနှင့် မြော်မြင်ယူတယ်၊ ခေါ်ချင်သူ ထင်လင်း။ ဘုရာ့တကာ ကြွပါ မင်းရယ်လို့၊ ခ-၀ပ်စင်း ရိုသေ၊ ဘယ်လောက်ပင် ပညာဖုံး သော်လဲ၊ နင်ဘာတုန်း မေးတဲ့ခေတ်ပေ။ ။ သမီးနှင့် ပြီးမသွေ၊ ဇနီးဆွေ မမြှူရပါဘု။ ငဖြူစ ငွေမျက်နှာ၊ လိုက်တဲ့ ခေတ်ပါ။ ငွေစကားနှင့် တင်စားလာလျှင်၊ မင့်ပညာ ဘာပြုလိမ့်လေး။ ။

၎င်းဆို တေးထပ်
(၅)
ဝိပ္ပတ္တိ ခေတ်သမယ၊ ညစ်နိုင်မှ လူတော်။ ရိုးပြန်က အမိုက်ခေါ်သည်။ လော်လည်လျှင် ထင်ရှား။ မှန်အဖြောင့် ဓမ္မရင်မှာ၊ ဓားပြပင် ဖြစ်မည့်အလား။ ။ ကောက်အကျစ် နှောကာကြံလျှင်၊ သောတာပန် မခြား။ သြဘာသံ စကားနှင့်၊ ကြွားနိုင်မှ လိမ္မာ။ ၀င့်ဝါ၀ါ မူချော်စောင်းသူတို့၊ သူတော်ကောင်း ဖြစ်မည့်အခါ။ ။ လိမ်နိုင်မှ ဓိသမာ၊ က၀ိလျာ ခေါ်ကြလို့၊ ဟော်တ၀-ရူးတဲ့ဟန်၊ ထူးငဲ့ ခေတ်မှန်။ ကောသလ သုပိန္နံငယ်၊ မှုကြိမ်ဖန် ထပ်လွန်းလို့ လေး။ ။

၎င်းဆို တေးထပ်
(၆)
လူမြင်ရင် အောက်ကိုကြို့ပါရ၊ ကြောက်စေဖို့ မျက်မြင်။ နောက်ပွေလို့ ခက်ချင်၊ လက်မတင်ခါပ။ လကွယ်နေ့ မီးသွေးပုံလို၊ ကျီးမွေးပုံ မဲတဲ့ကာလ။ ။ မောင်းချဓား ရွှေလက်ကိုင်၊ သေရက်ဆိုင် ၀င်ကြ။ ရွှေစက်တိုင် တင်ရအောင်၊ ထင်သမျှဆိုးတယ်။ မျက်နှာတော် ဂုဏ်သိန်လုပ်၊ စိန်သံတုတ် ထမ်း၍သာလယ်။ ။ ခုကြုံရ မန်းမြေနယ်မှာ၊ ထန်းရေသယ် ဂုဏ်ပြိုင်ဝင့်ပါလို့။ ဘုံဆိုင်နှင့် ချစ်မိတ်ဆွေ၊ ဆိုးညစ်လို့တေ။ ဗြဟ္မစိုရ် အရှင်းသွေတယ်၊ ပုလင်းတွေ မှိုပေါက်လို့လေး။
***
ဖတ်ရတာ ငြီးငွေ့ သွားကြမလားတော့ မသိပါဘူး။ ဒီတပတ် ကလိယုဂ်ကဗျာခန်းမှာ တေးထပ်ကို နှစ်သက်သူများ အတွက် တေးထပ်ချည်း သီးသန့် ဖော်ပြလိုက်ပါတယ်။ ရှေ့တပတ်မှာတော့ ကောသလမင်းကြီး အိပ်မက်ခန်း လေးဆစ်သဖြန် ဖော်ပြပေးမှာ ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ရှင်။
***
မေတ္တာဖြင့် ...

မေဓာဝီ
၂၄၊ ဇူလိုင်၊ ၂၀၀၉
၁၁း၅၀ နာရီ

Read More...

Thursday, July 23, 2009

မယ့်ဖြစ်အင် ... နောက်ဆက်တွဲ

ကျမရဲ့ အဖြစ်အပျက်ကို ကဗျာစပ်ချင်ဇော ကပ်နေတာက တကြောင်း ဥပဒေသတွေ စည်းမျဉ်း စည်းကမ်းတွေ ပြန်ဖတ်ရမှာ ပျင်းတာက တကြောင်းမို့ ပြီးစလွယ်ရေးလိုက်မိတဲ့ "မယ့်ဖြစ်အင်" ကို ညီမငယ် ပန်ဒိုရာက တကူးတက ခုလို ဖြည့်စွက် ရေးပြီး မေးလ်နဲ့ပို့ပေးလိုက်ပါတယ်။
***
မမေရေ
ဝါသနာက ခုလုခုလုဖြစ်လို့ ဖြည့်ကြည့်လိုက်တယ်။ ညီအစ်မချင်းမို့ ရေးရဲတာပါ။ ဘယ်လိုမှ သဘောမထားပါနဲ့နော်။ ပထမပိုဒ်ရဲ့ အဆုံးက ဂရုသံမဟုတ်တော့ တြိချိုးပုံစံလည်း မဟုတ်လေတော့ အချီအချနဲ့၎ ပိုဒ်ပဲဖြစ်မယ် ထင်တာပဲ။
***
မြို့ရွှေဘို သနပ်ခါးကိုလ
တို့မေပျို ပါးကွက်ပါးတင်လို့
အညက်သား လိမ်းလို့ခြယ်
ပိန်းလို့ရယ်တဲ့ ထူထဲ။

အလှူပွဲကိုလာ
အမူကဲကာ ဟန်ကိုချီဖို့
တရံဆီ မြန်ပြည်ဖြစ်ပါတဲ့
အဆင်ညီ ပင်နီချောရယ်နဲ့
ယောထမီညိုညိုထွေးကို
ရွေးလို့ ၀တ်လဲ။

လည်ဆွဲလှ စီရရီ
စာသီလျှင် မှိုင်တွေရှုံးလေမယ့်
ရွှေကုံးနော်ဇာခိုင်နဲ့
ကြာတိုင်မှာ ရောင်ဝါဟပ်စေဖို့
သာထပ်ကာ နံ့သာမှုန်းပါလို့
ပခုံးလက်ဖျံ မွှတ်ကာခြယ်
ညွတ်သွယ်လို့ ဆင်မြန်း။

တပင်နန်းသူ အသွင်
မယ့်စိတ်တွင် ဘာသာထင်လျက်
ရွှေဘ၀င် လေအလျဉ်ဟပ်နေလဲ
မေတခင် ဖြေမရွှင်ခက်လေပေါ့
ဘိလပ်မြေ မြောက်လေသွေးပြန်တော့
အနောက်ပြေ (ပြည်) မှာ တယောက်မေ မနွေးနိုင်ဘု …
အေးလို့ တုန်ချမ်း။ … ။
***
ပန်ပန် ဖြည့်စွက်ချက် ကဗျာပိုဒ်လေးကို ဖတ်ရတာ ချစ်စရာလေးပါပဲ။ ဟုတ်ပါရဲ့ …. ကျမက မျက်နှာပဲ သနပ်ခါးလိမ်းပြီး လည်ပင်းတွေ လက်တွေ မလိမ်းထားတော့ သူက ထပ်လိမ်းပေးတာပေါ့ … ကျေးဇူးပါ ပန်ပန် … ။
နောက်တခါ ကျမရဲ့ သင်ဆရာ မြင်ဆရာ ဖြစ်တဲ့ ကိုဟယ်ရီနဲ့ တွေ့ပြန်တော့ သူက နည်းစနစ်ကို သေချာဂဏ ရှင်းပြပေးတဲ့အပြင် မှားနေတဲ့ အပိုဒ်တွေကို ထပ်ပြင်ပေးပါတယ်။ ဖတ်ကြည့်ပါဦး။
***
ညှို့ပေသကို၊
မြို့ရွှေဘို သနပ်ခါးကိုလ
တို့မေပျို ပါးကွက်ပါးတင်လို့
အညက်သား လိမ်းလို့ခြယ်။

အလှူပွဲကိုလာ
အမူကဲကာ ဟန်ကိုချီလို့
တရံဆီ မြန်ပြည်ဖြစ်ပါတဲ့
စံသစ်ညီ ပင်နီချောရယ်နဲ့
ယောထဘီ ညိုသွယ်သွယ်၊
သီကာရယ် ဆင်မြန်း။

တပင်နန်းသူ အသွင်
မယ့်စိတ်တွင် ဘာသာထင်လျက်
ရွှေဘ၀င် လေအလျဉ်ဟပ်နေလဲ
မေတခင် ဖြေမရွှင်တတ်ပြီကွယ်၊
ဘိလပ်မြေ မြောက်လေသွေးပြန်တော့
အနောက်ပြေ (ပြည်) မှာ တယောက်မေ မနွေးနိုင်ဘု …
အေးလို့ တုန်ချမ်း။ … ။
***
ကိုဟယ်ရီက အဲဒီလို ပြင်ပေးပြီးတော့ သူ့ဘလော့မှာ ရေးခဲ့ဖူးတဲ့ ပို့စ်ရဲ့ လင့်ခ် လေး ပေးပါတယ်။ အဲဒီမှာပါတဲ့ ဇယားအတိုင်းရေးရင် မမှားတော့ဘူးတဲ့။ ဟုတ်ပါတယ်။ ဇယားနည်းက ကြည့်ရတာ အလွန်ရှင်းလင်းပါတယ်။ ကျေးဇူးအထူးပါ ကိုဟယ်ရီ။

အရင်ကတော့ ကျမလည်း ကိုပြူးကျယ်သို့ပေးစာ မှာ အဲဒီ ဥပဒေသကို အကြမ်းမျဉ်း ရေးခဲ့ဖူးပါရဲ့။ ရေးပြီး မေ့ပစ်လိုက်တာကြောင့် မမှတ်မိတော့လို့ တကယ်တမ်း ကိုယ်တိုင်စပ်တဲ့အခါ ကမောက်ကမ ဖြစ်တော့တာပဲ။ ဒီလိုနဲ့ အရပ်ကူရ လူဝိုင်းရ ဖြစ်သွားတဲ့ "မယ့်ဖြစ်အင်"ပေါ့။

ခုလို စေတနာထားပြီး ဖြည့်စွက် ပြင်ဆင်ပေးကြတဲ့ ညီမငယ် ပန်ဒိုရာနဲ့ အကိုကြီး ကိုဟယ်ရီကို ကျမ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ နောက်ကို ကျမ မှားတာတွေ တွေ့ခဲ့ရင်လဲ မည်သူမဆို ပြင်ဆင်ပေးကြပါလို့ …. ။
***
မေဓာဝီ
၂၃၊ ဇူလိုင်၊ ၂၀၀၉
၂၂း၂၉ နာရီ

Read More...

မယ့်ဖြစ်အင် ...

မြို့ရွှေဘို သနပ်ခါးကိုလ
တို့မေပျို ပါးကွက်ပါးတင်လို့
အညက်သား လိမ်းလို့ခြယ်
ပိန်းလို့ရယ်တဲ့ ထူထဲ။

အလှူပွဲကိုလာ
အမူကဲကာ ဟန်ကိုချီလို့
တရံဆီ မြန်ပြည်ဖြစ်ပါတဲ့
အဆင်ညီ ပင်နီချောရယ်နဲ့
ယောနယ်က ညိုထဘီ
သီကရီ ဆင်မြန်း။

တပင်နန်းသူ အသွင်
မယ့်စိတ်တွင် ဘာသာထင်လျက်
ရွှေဘ၀င် လေအလျဉ်ဟပ်နေလဲ
မေတခင် ဖြေမရွှင်ခက်လေပေါ့
ဘိလပ်မြေ မြောက်လေသွေးပြန်တော့
အနောက်ပြေ (ပြည်) မှာ တယောက်မေ မနွေးနိုင်ဘု …
အေးလို့ တုန်ချမ်း။ … ။
***
မေဓာဝီ
၂၃၊ ဇူလိုင်၊ ၂၀၀၉
၁၃း၁၂ နာရီ

Read More...

Monday, July 20, 2009

ခ၀ါသည်

မနက် ၈ နာရီလောက်ဆိုလျှင် သူရောက်လာတတ်သည်။

သူက အရပ်မြင့်မြင့်၊ ကိုယ်ဟန် သွယ်လျလျ၊ နက်မှောင် ရှည်လျားသော ဆံပင်များကို တခါတရံ နောက်တွဲထုံး၍ သော်လည်းကောင်း၊ တခါတရံ ကျစ်ဆံမြီးကျစ်၍ သော်လည်းကောင်း ထုံးဖွဲ့လေ့ရှိသည်။ အိန္ဒိယ နွယ်ဖွားမို့ အသားအရေက မဟူရာရောင်၊ လက်သည်းများက ဒန်းနီရောင်။ မျက်ခုံး နက်နက်များ၏အလယ် နဖူးစပ်တွင်မတော့ အနီရောင် အစက်တစက် ခြယ်သ လျက်။

သူ့အပြုံးက ချိုလှသည်။ သူပြုံးလိုက်လျှင် ဖြူဖွေးသော သွားများက ညီညီ ညာညာ စီတန်း၍ နေ၏။ ပါးလွှာသည့် ပိုးဆာရီကို ခြုံသိုင်း ၀တ်ဆင်လေ့ရှိပြီး ဆာရီအောက်မှ အင်္ကျီ တိုတိုကျပ်ကျပ်က ဗိုက်သား ခါးသားတွေ မလုံလှ။

သူ့အမည်က မာဂရက် … ။
ကျမတို့ငယ်ငယ်က အိမ်မှာ အ၀တ်တွေ လာလျှော်လေ့ရှိသည့် အမျိုးသမီး တဦးဖြစ်သည်။ ကျမတို့ ညီအမတွေက သူ့နာမည်ကို ပီအောင် မခေါ်တတ်။ ကျမကိုထိန်းသည့် အမကြီးနှင့် အိမ်မှာ လက်တို လက်တောင်း လုပ်သူ အမကြီးတွေက အမမာဂရက်ဟု ခေါ်သည်။ ကျမတို့ ညီအမတတွေ ကတော့ ဒေါ်ဂဒက်ဟုပင် ခေါ်ကြ၏။

ထိုစဉ်က အဘိုး၏ အိမ်ကြီးမှာ မိသားစုတွေ အများကြီး တစုတဝေး နေကြ သည်မို့ လျှော်ရမည့် အ၀တ်တွေကလည်း အများသား။ သူရောက်ပြီ ဆိုလျှင် အခန်းပေါက်စေ့ အ၀တ်ဟောင်း ခြင်းတွေ လိုက်ယူသည်။ ပြီးတော့ အိမ်နောက်ဖေး မီးဖိုးချောင် အပြင်ဘက် အ၀တ်လျှော်သည့် နေရာလေးမှာ ထိုင်ပြီး ကျကျနန လျှော်လေတော့၏။

အ၀တ်တွေကို အဖြူသပ်သပ်၊ အရောင်သပ်သပ် ခွဲသည်။ လုံချည်သပ်သပ် အင်္ကျီသပ်သပ် ခွဲသည်။ တချို့ကို ရေနွေးလောင်းတန်လောင်း၊ တချို့ကိုတော့ ထင်းမီးဖိုပေါ် တင်ထားသော ဒန်အိုးအကြီးကြီးဖြင့် ပြုတ်လျှော်သည်။ ပုံမှန်ကတော့ အ၀တ်တွေကို ရေဖြင့် တထပ် အရင် ဆေးသည်။ ပြီးမှ ရွှေဝါ ဆပ်ပြာတုံးဖြင့် နှံ့အောင်ပွတ်၊ ဘရပ်ရှ်ဖြင့် တိုက်သင့်သည့် အ၀တ်များကို ဘရပ်ရှ်ဖြင့်တိုက်၊ တချို့အ၀တ်တွေကို အ၀တ်ရိုက်သည့် သစ်သားလုံးချော တုတ်ကလေးဖြင့် ရိုက်ကာ လျှော်၏။

ရေဆေးလိုက်၊ ဆပ်ပြာတိုက်လိုက်၊ လက်ဖြင့် ပွတ်လိုက်၊ ဘရပ်ရှ်ဖြင့် တိုက်လိုက် … နောက်ဆုံး ဆပ်ပြာရည် ပြောင်စင်သည်ထိ ရေဆေးပြီးသည့် နောက်မှာ အဖြူရောင် အ၀တ်တွေကို မဲနယ် ဆိုးသည်။ ပြာတောက်တောက် မဲနယ်ရည်ထဲ အ၀တ်ဖြူတွေ ခဏထည့်ကာ ရေညှစ်လိုက်လျှင် အ၀တ်တွေက ပြာလွင်လွင်နှင့် ဖြူစင် သန့်ရှင်း သွားတော့သည်။ အ၀တ်တွေကို ရေစင် အောင်ညှစ်၊ ကြိုးတန်းတွေမှာ စနစ်တကျ လှန်းပြီးချိန် မှာတော့ သူ၏ အ၀တ်လျှော်ခြင်း ကိစ္စ ပြီးလေပြီ။ သည့်နောက် အိမ်က ကျွေးသည့် မနက်စာ စားသောက်ကာ နောက်တအိမ် ဆက်လျှော်ရန် နှုတ်ဆက် ထွက်သွားလေ တော့သည်။

နောက်တကြိမ် နေ့လည် ၃ နာရီ လောက်ဆိုလျှင် သူပြန်ရောက် လာပြန်ပြီ။ မနက်က လျှော်ထားသည့် အ၀တ်တွေ ခြောက်ပြီမို့ မီးပူတိုက်ရပေဦးမည်။ အဲဒီတုန်းက ကျမက ကျောင်းမနေရသေး။ အမတွေ ကျောင်းသွားလျှင် အိမ်မှာ ကစားဖော်မရှိ ပျင်းကျန်ခဲ့သည်မို့ မာဂရက် မီးပူတိုက်သည့် အနား ကပ်ကာ ဟိုမေး ဒီမေး ထွေရာလေးပါး စကားပြောနေကြ။

သူတိုက်လေ့ရှိသည့် မီးပူက မီးသွေးထည့်ကာ တိုက်ရသော ကြေးမီးပူကြီး။ သူရောက်တာနှင့် မီးသွေးမီးဖိုထဲတွင် မီးမွှေးသည်။ ပြီးတော့ ရုပ်ထားသည့် အ၀တ်တွေကို တူရာတူရာ ခွဲသည်။ မီးသွေးတွေ မီးစွဲချိန်မှ မီးပူကြီးထဲထည့်၊ အဖုံးဖုံး၊ မောင်းတံကလေးပိတ်ကာ ဂလောက် ဂလက် ဂလောက် ဂလက်နှင့် မီးပူတိုက်ခြင်း လုပ်ငန်း စလေတော့၏။ တိုက်ရင်း တိုက်ရင်း မီးကျလာလျှင် မီးသွေး အသစ်ထပ်ထည့်၊ နှီးယပ်တောင် အစုတ်ကလေးဖြင့် မီးတက်အောင် တဖျပ်ဖျပ်ခတ်၊ မီးပွါးတွေက တဖျစ်ဖျစ် တလွင့်လွင့် … ကြည့်လို့ဖြင့် အကောင်းသား။

နောက်ဖေး မီးဖိုထဲက သစ်သားကွပ်ပျစ်ကြီးပေါ်မှာ သူ မီးပူတိုက်ပြီဆိုလျှင် ကျမက အ၀တ်ပုံကို မှီရင်း သူပြောသမျှတွေ နားထောင်လိုက် သိချင်တာတွေ ပြန်မေးလိုက်ဖြင့် တခါတလေလည်း ပျင်းရိကာ အိပ်ပျော်သွားတော့သည်။ သူမီးပူတိုက်ပြီးလျှင် အ၀တ်တွေက ပြန့်ပြူးသပ်ရပ်လို့ နေသည်။ ချည်ထည်လို ကြေတတ်သည့် အ၀တ်များဆိုလျှင် ရေကလေးဆွတ်ကာ တိုက်တတ်သည်။ ရှပ်အင်္ကျီများ ဘောင်းဘီများကိုလည်း စနစ်တကျ ခေါက်၍ တိုက်တတ်သည်။

သူက မုန့်မျိုးစုံလည်း လုပ်တတ်သေးသည်။ တခါတရံ အိမ်မှာ ပလာတာ၊ ပူရီ၊ ချပါတီ စသည်ဖြင့် သူလုပ်ကျွေးသော မုန့်တွေ စားရသည်။ ဂျုံတွေကိုနယ်၊ အလုံးလေးတွေလုံး၊ သစ်သားအ၀ိုင်းပြား ပေါ်တင်၊ လက်ကိုင်တပ် ဒလိမ့်တုံး ကလေးဖြင့် လှိမ့်၊ ကျင်လည် သွက်လက်စွာ လုပ်ကိုင်နေသော သူ့လှုပ်ရှား မှုတွေက ကြည့်လို့ကောင်းသလို သူလုပ်သည့် မုန့်တွေမှာလည်း အရသာ ရှိပေစွ။

အိမ်က လက်တိုလက်တောင်း အမကြီးတွေက သူ့ကို “မာဂရက် ဂွက်ထော်” ဟု စ-ကြသည်။ သူက အပျိုကြီးမို့ “အပျိုကြီး မဂွက်ထော် ခွေးကိုက်လို့အော်” ဆိုပြီး ကျီစယ်ကြသည်။ ဘယ်လိုပြောပြော ဘယ်သို့ဆိုဆို သူက စိတ်မဆိုး၊ ပြုံးပြုံး ရွှင်ရွင်သာ။ တနေ့မှာတော့ အပျိုကြီး ဒေါ်ဂဒက် အိမ်ထောင်ပြု လေသည်။ သူနှင့် အကြောင်းပါသူက သူ့လို အိန္ဒိယနွယ်ဖွား၊ နိုင်ငံခြား သံရုံးတခုတွင် ယာဉ်မောင်းသူတဦး။

အိမ်ထောင်ကျပြီးနောက် သူ အ၀တ်လာမလျှော်တော့။ သို့ပေမဲ့ တနှစ် တကြိမ် နှစ်ကြိမ်လောက်တော့ အိမ်ကို လာတတ်သည်။ သူတို့ မုန့်လုပ်သည့် ရာသီမှာ ဒိုဒိုတို့ စမိုင်တို့ လာ၍ ပို့လေ့ရှိ၏။ သူကား ကျေးဇူး မမေ့တတ်သူပေ။
***
သူမရှိသည့် နောက်ပိုင်း တခြား အ၀တ်လျှော်သည်များကို ငှားသော်လည်း သိပ် အဆင်မပြေလှ။ ကျမနှင့်လည်း သူ့တုန်းကလို ရင်းရင်းနှီးနှီး မရှိ။ နောက်တော့ အိမ်မှာလည်း လူတွေက တဖြည်းဖြည်း နည်းသွားတာမို့ လက်တိုလက်တောင်း အမကြီးတွေသာ အ၀တ်လျှော် မီးပူတိုက်သည့် တာဝန်ကို တွဲဖက် ယူလိုက်ကြလေတော့သည်။

သူတို့က မာဂရက်လို ပရော်ဖက်ရှင်နယ် ခ၀ါသည် မဟုတ်သည့်အတွက် စနစ်တကျလည်း မလျှော်တတ်၊ အ၀တ်တွေက မာဂရက် လျှော်တုန်းကလို မဖြူတော့။ ကျောင်းအင်္ကျီ အဖြူတွေဆိုလျှင် ကော်လံဂုတ်ပိုးမှာ ကပ်နေသည့် ချေးညှော်များပင် သိပ်မပြောင်ချင်။ လျှော်ပြီးသား အ၀တ်တွေ၏ အနံ့အသက် ကလည်း မကောင်းတော့၊ မီးပူတိုက်လည်း မပြန့်၊ တဖြည်းဖြည်း အင်္ကျီအဖြူ တွေက အရင်လို ဖြူစင် ပြာလွင် မနေတော့ဘဲ ၀ါကျင့်ကျင့် အရောင်ပြောင်း လာတော့သည်။

အ၀တ်တွေကို ဆပ်ပြာမတိုက်ဘဲ ရေညှစ်ပြီးများ လှန်းထားသလားမသိ … ဟု ကျမတို့က စိတ်ပျက် လက်ပျက် ညည်းတွားမိသည်။ သူတို့တွေ မည်သို့ပင် လျှော်စေကာမူ အ၀တ်တွေက ဖွပ်သထက် ညစ်ညစ်၍ နေပြီ။
***
ရုပ်ဝတ္ထုပစ္စည်းများ တိုးတက် ပြောင်းလဲ လာချိန်မှာတော့ အ၀တ်လျှော်ခြင်း အတွက် သိပ်စိတ်ညစ်စရာ မလိုတော့ပြီ။ အ၀တ်တွေအားလုံး စုပုံ၊ အ၀တ် လျှော်စက်ထဲ ထည့်၊ ဆပ်ပြာမှုန့်ထည့်၊ ခလုတ်နှိပ်ရုံမျှဖြင့် အ၀တ်လျှော်ခြင်း ကိစ္စ ပြီးမြောက်သည်မို့ ဟိုစဉ်ကလို ခ၀ါသည်ငှားရန် မလိုအပ်တော့။ ရေညှစ်လှန်းသည့် ကိစ္စမျိုးလည်း ကြုံတွေ့စရာ မရှိတော့။

သို့ပေမဲ့ အ၀တ်လျှော်စက်က မာဂရက် လျှော်သလိုတော့ စနစ်တကျ ခွဲခြမ်း စိတ်ဖြာ လျှော်နိုင်သည်မဟုတ်။ ဘယ်နေရာက ပေသလဲ၊ ဘယ်နေရာကို သေချာပွတ်ရမလဲ စသဖြင့် စက်က သိသည်မဟုတ်။ အားလုံး ရောပြွမ်း၍ ထည့်လျှင် ထည့်သလို၊ ခလုတ်တွေဖြင့် ကွန်ထရိုး လုပ်လျှင် လုပ်သလို၊ ဘာရယ် ညာရယ်မသိ လျှော်သွားမည်သာ။ စက်မှ ထုတ်လျှင် အ၀တ်တွေက ဖွတ်ဖွတ်ညက်ညက် ကြေနေသည်။ အသီးအသီးတွေ ထကာ ဖွာစုတ်စုတ်ဖြင့် အခါမတိုင်မီ ပျက်စီး လေတော့သည်။
***
အ၀တ်လျှော်သည့်အကြောင်း စဉ်းစားရင်း မိမိစိတ်တွင် အထပ်ထပ် ငြိတွယ် နေသည့် အညစ်အကြေးများကို အ၀တ်လျှော်သလို လျှော်ဖွပ်၍ ရလျှင် ကောင်းလေစွဟု တွေးမိ၏။ တကယ်တော့ စိတ်အညစ်အကြေးကို စိတ်ဖြင့် သာ ဖွပ်လျှော်၍ ရကောင်းသည် မဟုတ်လား။ ထိုသို့ ဖွပ်လျှော် မည်ဆိုပါက မည်သည့်နည်းက အကောင်းဆုံး ဖြစ်မလဲ။

ရေညှစ်လှန်းသည့် နည်းလား။
အလွယ်တကူ ရေညှစ်လှန်းခြင်းသည် စင်သယောင်နှင့် မစင်၊ ပြောင် သလိုနှင့် မပြောင်။ ကြာလာတော့ အထပ်ထပ် ငြိကပ်နေသည့် ချေးညှော်တွေကြောင့် အ၀တ်တွေ ၀ါကျင်လာပြီး ပြန်လည် ဖြူစင်အောင် မလုပ်နိုင်တော့။ ဒီနည်းကို ကျမကတော့ “ကာမသုခလ္လိကာနုယောဂ” အကျင့်ဟု တင်စားမိသည်။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်၊ ပုထုဇဉ် လူမိုက်တို့၏ အကျင့်၊ ကာမဂုဏ်ချမ်းသာကို ကပ်ငြိကာ အဖန်တလဲလဲ လိုက်စားအားထုတ်သည့် အကျင့်။ ထိုသို့ ကျင့်နေသမျှ မိမိစိတ်သန္တာန်မှာ အညစ်အကြေးတွေ ပို၍သာ ကပ်ငြိလာမည် မဟုတ်လား။

ဒါဖြင့် အ၀တ်လျှော်စက်ဖြင့် လျှော်သည့် နည်းလား။
စက်ဖြင့်လျှော်လျှင် အ၀တ်တွေနာမည်။ သက်တမ်းတိုမည်။ အခါမတိုင်မီ ပျက်စီး တတ်သည်။ ထိုနည်းကိုတော့ “အတ္တကိလမထာနုယောဂ” အကျင့်နှင့် နှိုင်းယှဉ်မိသည်။ ကိုယ်စိတ် ဆင်းရဲခြင်းကို ဖြစ်စေတတ်သော၊ အရိယာတို့၏ အကျင့်မဟုတ်သော၊ အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်သည့် အကျင့်။ ထိုသို့ ကျင့်နေသမျှ မိမိအတွင်း အဇ္ဈတ္တမှ ညစ်ထေး မှုတို့ ပျောက်နိုင်ပါ့မလား။

နောက်ဆုံးတော့ မာဂရက်၏ နည်းသည်သာ စနစ်ကျသည့် မဇ္ဈိမပဋိပဒါ အကျင့်ဟု လိုရာဆွဲယူ ကောက်ချက် ချမိသည်။ အ၀တ်တွေမှာ ညစ်ပေ နေသည့် နေရာကို သေချာ ခွဲခြမ်းစိတ်ဖြာကာ ပွတ်တိုက်၍ လျှော်သကဲ့သို့ မိမိစိတ် သန္တာန်မှာ ဖြစ်ပျက်နေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ကိလေသာ အညစ်အကြေးတွေကို သေချာ စေ့ငု ဉာဏ်ဖြင့် ကြည့်ရှုကာ စင်ကြယ်အောင် ကျင့်ကြံ အားထုတ် လျှော်ဖွပ် ခြင်းသည်သာ အမှန်ကန်ဆုံး ဖြစ်လေမလားဟု တွေးနေမိပါတော့သည်။
***
မေဓာဝီ
၂၀၊ ဇူလိုင်၊ ၂၀၀၉
၁၁း၅၂ နာရီ

ကိုးကား။ ။ နည်းပြဓမ္မစကြာ - ဦးမောင်မောင် (ဟံသာဝတီ)

Read More...

Sunday, July 19, 2009

အာဇာနည်

စာတစောင် ပေတဖွဲ့
ဋီကာတွေမချဲ့ငြား …
အားလုံးရဲ့ ရင်ထဲမှာ
ထာဝစဉ်ရှိပါ၏။

သမိုင်းထဲကထုတ်
မှေးမှိန်အောင် လုပ်ငြား
မြင့်မြတ်တဲ့နှလုံးသား
အများသိပါ၏။

ပကတိတန်ဖိုး
ဘယ်တော့မှ မညှိုးမှိန်
တန်ခိုးအရှိန်တက်
မိုးတိမ်ထက်တည်
အာ ဇာ နည် … ။
***
မေဓာဝီ
၁၉၊ ဇူလိုင်၊ ၂၀၀၉
(၆၂ နှစ်မြောက် အာဇာနည်နေ့)
၀၀း၀၁ နာရီ

Read More...

Saturday, July 18, 2009

အာဇာနည်ဗိမာန်

သြော် … အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော
အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့ အောင်ပန်းညှို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန် မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင် ။ ။

သြော် … တပည့်အရင်းတွေမို့ က၀ိမတင်းနိုင်ဘုကွဲ့၊
သတိကင်းကာ မျက်ရည်ကျကျပြီး၊
ခက်ကပြီ လက်ဆည်မရနိုင်ဘု၊
သောက ဘလောင်ဆူတော့ … တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊
ယခေါင်မူ ယမန်သနစ်တွေပေါ့၊
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူရမ်းနေကြ၊
ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊
လူကြမ်း ဓပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊
ဘေးအပေါင်းကြီးစွာ ဝေဒနာ အစုံနဲ့၊
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊
ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊
သားရင်း ရှင်တရုပ်ကယ်က၊
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊
ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊
ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊
အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊
တထုံး နောက်တနဲမှာတော့၊
မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊
ပြည်မင်းဂုဏ်ခံလို့၊
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊
တလိုင်းနယ် ရွေပြည်တခွင်မတော့၊
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊
လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊
သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊
မဟုတ်တရုတ် အကောင် တေလေတစ္ဆေကိုက်တာနဲ့၊
သြော်…..ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊
မရေမရာ သေရွာဆိုက်သလိုပါ့၊
အခိုက်အခါတူလို့မို့၊
ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊
ငါတလူ ငါသရမ်းရော့မဟဲ့လို့
သာခန်း ပလ္လင်ညွှန်းပြီး၊
မြင်ကွန်းပိုင် သူပုန်ထစဉ်က၊
ကြုံရသူ မသာတော်နှင့်၊
ပမာသော် တူတယ်လို့နှိုင်းမိတယ်၊
ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊
စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊
မှိုင်းရဲ့စိတ်ထင်။ ။

မင်းစိတ် မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊
ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊
ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊
တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။ ။

နန်းမြို့တည်ရန်၊
မှန်းလို့ရည်ကာသန်တဲ့ … ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊
ထိုထိုလူခပဲကို မကြည်ညိုတဲ့၊
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊
တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊
သြော်…..အမှောင်စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊
ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊
ဖြေမကြည် နေရီတော့လွမ်းစေဘို့၊
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တခါဖြင့်၊
ပြည်ရွာ ညီညာဘို့အလုပ်ပေပေါ့၊
သုဿန် တံခွန်စောင်းရရှာတဲ့၊
ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊
မြန်မာမတော့ ပူစရာဘို့၊
တဗျူဟာ အောင်ခမန်းတွင်မှ၊
လူမသမာ အမှောင်သန်းချိန်မို့၊
သောင်ကမ်းမို့မို့ဆီက၊
ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊
သြော် … တောင်နန်း မြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့၊
အခေါင်မမြန်းရခင်က အောင်ပန်းညှို့ ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံနှမြော။ ။

(သခင် ကိုယ်တော်မှိုင်း)
***
မှတ်ချက်။ ။ ဒေါက်တာမောင်မောင်ညိုဘလော့မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Read More...

Friday, July 17, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၂)

ဒီနေ့ ဖော်ပြမယ့် ကလိယုဂ်ကဗျာတွေကတော့ စာဆိုတော်ဦးမင်းရဲ့ ကလိယုဂ်ဘွဲ့ လေးချိုးနဲ့ ညောင်ပင်သာ ဦးပုညရဲ့ ကလိယုဂ် တေးထပ် ကဗျာ ၂ ပုဒ် ဖြစ်ပါတယ်။ အဲဒီကဗျာတွေ မဖော်ပြခင် ကဗျာသင်္ဂဟ မေဒနီကျမ်းပါ ကဗျာလင်္ကာများကို စုဆောင်းခဲ့တဲ့ မြင်းခြံမြို့ ပညာအုပ် ဦးလွင်ရဲ့ ကဗျာ့ဥပဒေ ရေးသားဖို့အတွက် မြင်းခြံမြို့ အုတ်ကျောင်း ဆရာတော် ဦးဝိပုလထံ တောင်းပန် လျှောက်ထားချက်နဲ့ ဦးဝိပုလရဲ့ ကဗျာ့ဥပဒေ ရေးသားဖို့ ၀န်ခံတဲ့ ၀န်ခံချက် စာနှစ်စောင်ကို ဖော်ပြလိုက်ပါတယ်။ ရှေးခေတ် စာအရေးအသားကို လေ့လာနိုင်တာမို့ ဒီစာလေးတွေကို အရင်ဆုံး ဖတ်ကြည့် ကြပါဦး။
***
ကဗျာ့ဥပဒေ ရေးသားတော်မူရန်
သက္ကရာဇ် ၁၂၆၉-ခု၊ တန်ဆောင်မုန်းလဆန်း ၈-ရက်နေ့
မြင်းခြံမြို့ ၉-ဆောင်တိုက်၊ အုတ်ကျောင်း
ဘုန်းတော်ကြီး ဦးဝိပုလထံ တောင်းပန်လျှောက်ထားသောစာ

ဘုရားတပည့်တော် ပညာအုပ် မောင်လွင် လျှောက်ထားပါသည် ဆရာ သခင် အရှင်မြတ်ဘုရား …. အကြောင်းမှာ - ပစ္စုပ္ပန် သံသရာ နှစ်ဖြာလမ်းကျဉ်း မစဉ်း မဖြောင့် ထောင့်သောခရီးရှိသော သတ္တ၀ါတို့သည် ပညာမျက်စိ မရရှိက မိမိတို့ လိုအပ်သော ခရီးစခန်း ချမ်းသာသော သုဂတိရပ်ဌာန်သို့ အမှန် မပေါက်မရောက် မျက်စိလည် လမ်းမှောက်၍ ချောက်ကမ်းပါး တွင်းကျင်း ကျရောက်ရခြင်းများကဲ့သို့ ဆင်းရဲသော ဒုဂ္ဂတိဘုံသို့သာ ရောက်ရမည် ဖြစ်ပါ၍ ပညာမျက်စိ တည်းဟူသော ဗဟုဿစ္စ သိပ္ပအခေါင် တတ်မြားမြောင် တို့ကို အန်ထောင် ကြိုးစားတတ်မြောက်လိုပါသော်လည်း အာဇီဝပဒဋ္ဌာန် ဘာသန္တရနှင့် ရောစပ်သော လောကဓာတ်ပညာများကိုသာ ထိုက်သက်ရာ တတ်မြောက်သေး၍ ရှေးရှေးသော က၀ိပုဂ္ဂိုလ်တို့ ဘွဲ့ဆို စီကုံးသော ပျို့ကဗျာ လင်္ကာ မော်ကွန်း ဧချင်းရတု မြန်မာမှုများကို ဂရူပဒေ မူသေပြဋ္ဌာန်း ရှေးထုံးငြမ်းနှင့်အညီ ဆုံးခန်းရောက် တတ်မြောက် သိကျွမ်းလိုပါသည်။

သို့ဖြစ်ပါ၍၊ ဆရာမှောက်၌၊ သောက်တုံရင်နို့၊ ခစားစို့လျက်၊ ကိုယ်ဘို့ပညာ၊ ပွါးရစာကို၊ ရှာသော်၎င်း-ဟူသည်နှင့်အညီ အသနားခံရပါသည်။ ။ ပညာတန်ဆောင်၊ တတိုက်ဘောင်၌၊ စိုက်ထောင်အံ့ဟု နှလုံးတော်ပြုပြီးလျှင်-
သူ့အားဝေငှ၊ ဉာဏသူဌေး၊ ဉာဏ်လှူပေးအံ့-ဟူသည်နှင့်အညီ ရေးထုံးစပ်ထုံး ပျို့ကဗျာ အစီအကုံးများ၌ အသုံးပြုထိုက်သော အရပ်ရပ် ကဗျာ့-ဥပဒေများကို ခြေခြေမြစ်မြစ် ပြေပြစ်ချောမောစွာ ရေးသား၍ ပေးသနားတော် မူပါမည့် အကြောင်း လျှောက်ထားပါသည် ဆရာသခင် အရှင်သူမြတ်ဘုရား။
(ပုံ)
မောင်လွင်
ပညာအုပ်၊
မြင်းခြံမြို။
***
ကဗျာ့ဥပဒေ ရေးသားရန် ၀န်ခံခြင်း

သက္ကရာဇ် ၁၂၆၉-ခု တန်ဆောင်မုန်းလဆန်း ၈-ရက်နေ့ မြင်းခြံမြို့ ပညာအုပ်မင်း လျှောက်ထားခြင်းကို အရင်းပဋ္ဌာနပြု၍ ၀ိပုလအမည်ရှိသော ငါသည် သုဗောဓာလင်္ကာရ စာကိုယ်၊ ၎င်းဋီကာမှစ၍ ကဗျာ့မေဒနီ၊ အဆီပွါးလှိုင်း၊ ခြားပိုင်းဆစ်ဖု၊ အနှစ်ပြုသော၊ သေတ္တုနည်းနာ၊ အဖြာဖြာကို၊ ဆရာဟုပင်၊ နိသျည်းတင်ပြီးရကား - အကြင်က၀ိတဆူ၊ ပြုလိုသူတို့၊ ဂရူပဒေ၊ နယူပဒေ၊ မူသေမှီခို၊ စာဘွဲ့လိုကုန်၏၊ ထိုသူတို့အား ကျေးဇူးများစေခြင်းငှာ၎င်း၊ ထူးခြားစွာဘိ၊ မိမိ၏လည်း၊ မမည်းမညစ်၊ သစ်သစ်လျှံပြောင်၊ ဉာဏ်တန်ဆောင်ဖြင့်၊ မှောင်အ၀ိဇ္ဇာ၊ မပိတ်ကာစေခြင်းငှါ၎င်း၊ ကဗျာ၏ ဥပဒေသ နည်းနယတို့ကို ပြရာပြကြောင်းဖြစ်၍ အသစ်ယခု၊ ကဗျုပဒေသ၊ နာမတံဆိပ်၊ နှိပ်အပ်သော ဤစာတမ်းကို အစွမ်းအားလျော်စွာ၊ ရေးသားစီရင် ခြင်းပြုပါအံ့၊ ပညာလိုလား၊ အမျိုးသားတို့သည်၊ ရင်းဖျားစေ့ငု၊ သတိပြု၍၊ ကြည့်ရှု မှတ်သားကြစေသတည်း။
***
ကလိယုဂ်ကဗျာခန်း (၂)

စာဆိုတော် ဦးမင်း အတ္ထုပ္ပတ္တိအကျဉ်း

စာဆို ဦးမင်း အကြောင်းကား - ရွှေတောင်ကြီးမြို့ စီရင်စု နမရန်းရွာ ၁၁၃၆-ခု ဖွား၊ စနေသား၊ ၎င်းရွာတွင် ရှင်သာမဏေပြု၍ တေးကဗျာ ၀ါသနာထုံရင်း ရှိသည်နှင့်အညီ လေ့လာရေးသားသည်၊ လူထွက်သည်ကာလ ရွှေဘွားတော် အောက်ရောက်လျှင် အမရပူရမြို့တည် နန်းတည်ဘုရား ဘေးတော်ဘုရား လက်ထက် သားတော် ပုသိမ်မင်းမှာ စာဆိုအရာနှင့် ထမ်းရွက်သည်၊ ၁၁၇၅-ခု အသက် ၃၉-နှစ်တွင် ပုသိမ်မြို့ ဟိုင်းကြီးကျွန်း ဆားခွန်ကို စားရသည်၊ နောက် ဘကြီးတော် လက်ထက်တော် စာဆိုတော် အရာနှင့် နေအိမ် ဆုတော် လာဘ်တော် သနားတော်မူ၍ စာဆို မောင်ရေး, မောင်တလုပ်, မောင်အိ, မောင်အုန်း တို့နှင့်အတူ လေးချိုး, ရာသီဘွဲ့, မယ်ဘွဲ့, မောင်ဘွဲ့ များကို လည်း လစဉ် ရေးသား ဆက်သွင်းရသည်။

ခမည်းတော်ဘုရားလက်ထက် စစ်ကိုင်းမြို့ စံနန်းတော်တွင် ဘုန်းဘွဲ့ကို ဆက်ရာ ငွေတော် ၃ါ- သနားတော်မူသည်။ နောက် ကျောက်မြောင်းမြို့က ပြည်ကြီးမွန် ဖောင်တော်နှင့် အမရပူရမြို့သို့ ၀င်တော်မူရာ ဘုန်းဘွဲ့ကို ဆက်သည်တွင် ငွေတော် ၃ါ-နှင့် လှေလောင်း ၁- သနားတော်မူသည်။ နောက် အမရပူရမြို့ ရွှေနန်းတော်ကြီး မသိမ်းမီ အဂ္ဂိရတ် အကြောင်းအရာ ဘက်မနှုံးသာဘူးချီ, ဘုန်းတော်ဘွဲ့ လေးချိုးကို ဆက်သွင်းသည်တွင် မင်းထင်သက်ရှည်ဘွဲ့နှင့် ရွှေနန်းရိုး လမိုင်းလယ်တော် ပါယ် ၅၀ ထွက်သင့် စပါးတော် ၁၀၀၀ ကို သနားတော်မြတ် ခံရသည်။

နောက် ဇောင်းကလော ကုသိုလ်တော်ဘုရား ရေစက်သွန်းချတော်မူသည်။ နောက် ဥက္ကလာပမြို့သို့ ရွှေစက် ဖြန့်ချီတော်မူရာ ဘုန်းတော်ဘွဲ့ကို ဆက်သွင်းလျှင် လှေလောင်း ၁-နှင့် ငွေတော် ၃ါ သနားတော်မူသည်၊ ၀င်တော်မူသည်တွင်လည်း ဘုန်းတော်ဘွဲ့ကို ဆက်ရာ သာယာဝတီတွင် ငွေတော် ၃ါ သနားတော်မူသည်။ နောက် ဒေးဝန်းစံနန်းတော် ရေသဘင် ပွဲတော်မှာ လှေဘွဲ့, ဘုန်းတော်ဘွဲ့ ချီ-ဆက်ရာ ငွေတော် ၃ါ သနားတော်မြတ် ခံရသည်။ ဒေးဝန်းစံနန်းတော်က အမရပူရမြို့သို့ ၀င်တော်မူ၍ သားတော် ပုဂံမင်း လက်ထက် ၁၂၀၉-ခုနှစ်တွင် သေလွန်သည်။
***
သူတော်ဦးမင်းဆို ကလိယုဂ်ဘွဲ့ လေးချိုးကြီး

အမှန်သာ မှားတော့တယ်၊ အခါးချိုကြတဲ့ ကာလဉာဏ်။ ။ မြွေမူကား ပျောက်၊ ဖားကားမောက်လို့၊ ထက်အောက်ကယ် ပြောင်းပြန်၊ လူမတရားတို့၊ ငွေစများမှ၊ စကားသာ မှန်တော့တယ်၊ ကျန်းဂန်က ပေစာကို၊ လူတကာ ကဗျာရေးလို့ တေးဆိုကြပြန်။ ။ ငွေဖြင့် ခဲမ၊ တန်ခိုးပြ၍၊ ဌာနကပ်ပါး၊ ကျားနှင့်နွားလည်း၊ ဆားနှင့်ဆပ်ပြာ၊ ဤအရာ၊ ပမာပုံဆောင်၊ သူတော်ညှိုးလို့၊ လူဆိုးသာ အောင်တော့တယ်၊ တဘောင်သံမှာ၊ ပြောင်းပြန်ကာလ၊ ခေတ်ပေ ပ။ ။ လူပဏ္ဍိတ၊ နောက်ဆုံးကျလို့၊ ဗာလရှေ့သွား၊ ငွေစများ၍၊ တရားမညီ၊ တဘိန်းသာ အီတော့တယ်၊ ရွှေနီနှင့် ခပ်ပြာလို၊ ပြိုင်လာလျှင် ပဏ္ဏာမဲ့သူက၊ ရှုံးတဲ့ကာလ။
***
ညောင်ပင်သာ ဦးပုညဆို ကလိယုဂ် တေးထပ် (အတ္ထုပ္ပတ္တိ မပါ)
(၁)

ဝိပတ္တိကာလမို့၊ သဒ္ဓမ္မညှိုးငယ်။ သူတော်ကောင်း တရားကွယ်တယ်၊ သူတော်နွယ် တိမ်မြုပ်။ သူမိုက်တွေ တွင်ကျယ်သည်၊ ကြောက်စဖွယ် လောကဓာတ်ရှုပ်။ ။
ဗြဟ္မစိုရ်ပ မှိန်တယ်၊ မောဟရှိန် လွမ်းအုပ်။ အာယုကပ် ရွေ့ဆုပ်လို့၊ သူယုတ်ကိုခင်မင်၊ သည်ခေတ်လို မကြုံဖူးပါဘူ့၊ အရူးကိုမှ အကောင်းဟုထင်။ မဟုတ်ပြောမှ သဘောဝင်တယ်၊ ဟုတ်ဆိုလျှင် မနာသီးလို့။ သားသမီးမှ ဆုံးမ-မနာ၊ ငြင်းဆန်တဲ့ခါ။ သတိထားဖို့ တရားမှာတယ်၊ စကားဗလာ မမှတ်ကြနှင့်လေး။ ။
***
၎င်းဆို တေးထပ် (၂)

ကလိယုဂ် ဆုတ်ကပ်၊ ၀ိပ္ပတ္တိခေတ်ခါ။ ဗြဟ္မစိုရ် ကင်းကွာတယ်၊ ကရုဏာ လွန်ရှား။ အပါယ်လမ်း ယခုကျယ်သည်၊ ကြောက်မက်ဖွယ် ဆင်းသူကများ။ ။ ပညာရှိ မထင်ပေါ်၊ သူမိုက်သော် မော်ကြွား။ မဟုတ်တဲ့ စကား၊ ပြောကြားမှ နားဝင်။ မသမာ ဉာဏ်ဝင်္ကကိုမှ၊ ပဏ္ဍိတ ဟုတ်တယ်လို့ထင်။ ။ ရှေးသူတို့ ပုံတင်တယ်။ ရသာလျှင် ဘနဖူးမှာလ၊ သိုက်တူးတဲ့ သည်အခါ၊ ပေါတဲ့ ခေတ်ပါ။ သတိထားလို့ ရှောင်ရှားရာသည်၊ ၀ိပ္ပတ္တိမှာ မမြုပ်စေနှင့်လေး။ ။
***
ဒီတပတ်တော့ ဒီလောက်ပါပဲ။ ရှေ့တပတ်မှ စလေ ဦးပုညရဲ့ ကလိယုဂ် ကဗျာတွေ ဆက်လက်ဖော်ပြပါဦးမယ်။
***
မေဓာဝီ
၁၇၊ ဇူလိုင်၊ ၂၀၀၉
၁၂း၀၄ နာရီ

Read More...

Thursday, July 16, 2009

အလှည့်

ဟိုစဉ်အခါ ကလေးဘ၀တုန်းက ခရေပင်တွေ အုပ်ဆိုင်းနေတဲ့ လမ်းကျဉ်းလေး တခုမှာ အဖေနှင့်အတူ ညီအစ်မ တတွေ မနက်စောစော မိုးမလင်းမီ ခရေပန်းတွေ ကောက်ခဲ့ကြဖူးသည်။ လေတိုက်တိုင်း ကြွေလွင့်လာတဲ့ ခရေပန်းလေးတွေကို အပြေးအလွှား လိုက်ကောက်ရတာ ပျော်စရာ ကြည်နူးစရာ … ။ အဲဒီလိုကောက်ကြရင်းနဲ့ … “မောင်လေးရေ … ထပါတော့ .. ရောင်နီလာလှပေါ့ …” အစချီတဲ့ ခရေပန်းကောက် ကဗျာလေးကို သံပြိုင် ရွတ်ဆိုခဲ့ကြဖူးသည်။ ထိုစဉ်တုန်းက မောင်လေးက အမေ့ရင်ခွင်ထဲ မှေးအိပ်လို့ ကောင်းဦးမည့် အရွယ်ကလေး။ သူတို့လို ပန်းကောက် ထွက်နိုင်သည့် အရွယ်မဟုတ်။

“ဖေ … ဟောဒီမှာကြည့် … ခရေပန်းလေးတွေက ကြယ်လေးတွေနဲ့ မတူလား … သမီးတို့ ကောက်နေတာ ကြယ်လေးတွေပေါ့ … နော် …”
“ဒါပေါ့ သမီးရဲ့ … သမီးလေး ကောက်နေတာ ကြယ်မွှေးမွှေးလေးတွေ …”
“ဟုတ်တယ်နော် … ကြယ်မွှေးမွှေးလေးတွေ”
အဖေ့စကားကို သံယောင်လိုက်ပြောရင်း လက်ထဲက ပန်းပွင့်လေးတွေကို မွှေးမိတော့မလို ဖြစ်သွားသည်။ ဘုရားမကပ်ခင် မမွှေးရဘူးဟု အမေ ပြောထားသည်ကို သတိရ၍ ပန်းလေးတွေ နှာခေါင်းနား မရောက်ခင် လက်ကို ပြန်ရုပ်လိုက်ရသော်လည်း ဝေ့၀ဲ သင်းပျံ့လာသော ခရေရနံ့လေးကို တိတ်တခိုး ရှူလိုက်မိသေးသည်။

“ကြယ်လေးတွေက ဘာလို့ ကြွေနေကြတာလဲဟင်”
“သမီးတို့ ကောက်ရအောင်လို့ နတ်သမီးလေးတွေက ကြယ်တွေကို ခြွေချပေးနေတာလေ …”
အဖေက ကောင်းကင်ထက် မော့ကြည့်ရင်း ပြောတော့ သူလည်း ရောယောင်ပြီး မော့ကြည့်မိ၏။ ကြယ်တွေစုံတဲ့ မိုးကောင်းကင်အစား ခရေရွက် စိမ်းရင့်ရင့် တွေကိုသာ မြင်ခဲ့ရသည်။ နတ်သမီးလေးတွေက သူတို့ကို မြင်မှာစိုးလို့ သစ်ရွက်တွေနဲ့ ယှက်မိုးထားတာများလား … ဟု ထိုစဉ်က စိတ်ကူးယဉ်ပြီး တွေးမိပါသေးသည်။ ကြယ်တွေကို ပွေ့ပိုက်ထားသော နတ်သမီးလေးတွေက လေတိုက်တိုင်း ကြယ်ပွင့်လေးတွေ ခြွေချပေးနေပုံကို မျက်စိထဲ မြင်ယောင်ရင်း အဖေ့ကို မေးခွန်းထပ်ထုတ်ခဲ့သည်။

“သူတို့ခြွေရင်းနဲ့ ကြယ်လေးတွေ ကုန်သွားရင်ရော …”
“မပူပါနဲ့ သမီးရယ် … ကြယ်လေးတွေ ကုန်သွားရင် ကြယ်ဖူးလေးတွေ တခါထပ်ဖူးပြီး ကြယ်ပွင့်လေးတွေ ထပ်ပွင့်ဦးမှာပေါ့”
“အဲဒီအခါကျရင် နတ်သမီးလေးတွေက ထပ်ခြွေချပေးဦးမှာလား … ဖေ”
ကောက်လက်စပန်းလေးတွေကို ယွန်းခြင်းတောင်းလေးထဲ ထည့်ရင်း အဖေ့ရင်ခွင်ထဲ မှီတွယ်ခိုဝင်ပြီး မေးခွန်းတွေဆက်တော့ အဖေက ပြန်လည်ထွေးပိုက်ကာ စိတ်ကျေနပ်အောင် ဖြေပေးခဲ့သည်။

“အင်း … နတ်သမီးလေးတွေက ကြယ်လေးတွေပွင့်တိုင်း ခြွေချပေးနေဦးမှာ … တဲ့ … ဘာလို့လဲ ဆိုတော့ … သူတို့ခြွေချပေးတဲ့ ကြယ်ပွင့်လေးတွေကို သမီးလေးက ဘုရားကပ်ရင် … သမီးလေး ကုသိုလ်ရအောင်လို့ … တဲ့ …”
အဲဒီအထိတော့ အဖေ့အဖြေကို ကျေနပ်ခဲ့ပါသည်။ သို့ပေမဲ့ အဖေက ဆက်ပြီးပြောလာသည်က …
“သမီးလေး ကုသိုလ်တွေရရင် နောက်ဘ၀ကျ နတ်သမီးလေး ဖြစ်ရော … အဲဒီအခါကျ … ကြယ်ပွင့်လေးတွေကို သမီး ကိုယ်တိုင် ခူးလို့ ခြွေလို့ရပြီပေါ့ …”
“ဟင့်အင်း … ဟင့်အင်း … ”
အဖေ့ရင်ခွင်ထဲမှ ရုန်းထွက်ရင်း ခေါင်းခါ ငြင်းဆန်မိသည်။ အဖေက ရယ်မောရင်း ဘာဖြစ်လို့လဲ သမီးရဲ့ ဟု မေးတော့ ရုတ်တရက် ဘာပြောရမှန်း မသိခဲ့။

“ဟုတ်ဘူးလေ အဖေရဲ့ … ဟိုဟာ …”
တခုခုဆိုလျှင် မဟုတ်ဘူးက စပြောတတ်တာကို အမေက လုံးဝမကြိုက်။ အဖေကတော့ ဘာမှမပြောပါ။
“သမီးကလေ … ဟိုလေ … သမီး ကိုယ်တိုင် ခူးပြီး ဘုရားကပ်ချင်တာ၊ သူများကို မခြွေပေးချင်ဘူး … အဲဒါ …”
စိတ်ထဲပေါ်လာသည့်အတိုင်းပြောတော့ အဖေက ရယ်ပါလေရော။
“ဟားဟား … သမီးက လူလည်လေးပဲ … သူများကို မခြွေပေးချင်လို့ ဘယ်ရမလဲ သမီးရဲ့။ သမီး နတ်သမီးလေးဖြစ်ရင် တခြားသူတွေ ခုလို ကြယ်လေးတွေ ကောက်ရအောင် ကိုယ်က တလှည့် ခူးပေးရဦးမှာပေါ့ … တခြားသူတွေ ကုသိုလ်ရအောင် လုပ်ပေးရင် သမီးလည်း ကုသိုလ်တွေ အများကြီးပိုရမှာ …”
***
“တခြားသူတွေအတွက် … ကိုယ်ကတလှည့် …”
ထိုစဉ်က အဖေ့စကားကို သေချာလည်း သဘောမပေါက်ခဲ့၊ လေးလေးနက်နက်လည်း မစဉ်းစားမိခဲ့။ အမှတ်တမဲ့ သဘောထားရင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သည်။ လျှောက်လှမ်းခဲ့သော ခြေလှမ်းများ တဖြည်းဖြည်း များပြားလာချိန်မှာတော့ “အလှည့်” ဆိုသည့် စကားလုံးက ခေါင်းထဲ ပြန်ရောက်လာလေ၏။

ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ နေရာတနေရာကို သေချာဆုပ်ကိုင်ပြီး ထာဝရ ပိုင်ဆိုင်ဖို့ဆိုတာ ဖြစ်နိုင်သည်မှ မဟုတ်တာလေ။
ပန်းကလေးတွေသည်လည်း … တပွင့်လန်းဖို့ တပွင့်နွမ်းပေးရသည်ပဲ။
သစ်ရွက်ကလေးတွေလည်း … တရွက်ဝေဖို့ တရွက်ကြွေပေးရသည်ပဲ။
သည်လိုမှလည်း မျိုးဆက်သံသရာ လက်ဆင့်ကမ်း လည်ပတ်ရင်း လောကကြီးကို အလှဆင်ပေးနိုင်မည် မဟုတ်ပါလား။
***
မေဓာဝီ
၁၆၊ ဇူလိုင်၊ ၂၀၀၉
၁၆း၅၉ နာရီ

ပုံယူသောနေရာ

Read More...

Wednesday, July 15, 2009

အေ ဘီ စီ ဒီ မတတ်ဘဲနဲ့ ...

“မဟုတ်သေးဘူး … ပြန်ဆိုအုံး”

“ … … … ”
“သူတို့ ဘယ်လိုဆိုလဲ နားထောင် … ပြီးတော့ ၁၀-ခေါက်ဆို”
“ … … … ”
“၁၀-ခေါက် ဆိုခိုင်းရင် မဆိုချင်ဘူး၊ ၅-ခေါက်လောက်ဆိုပြီးရင် ပျင်းနေပြီ၊ ပြီးတော့ မှတ်မိတာလဲ မဟုတ်ဘူး၊ နောက်တခါဆို အခါနှစ်ဆယ် ဆိုရမယ်”
"အိ" !_!
***
ညတိုင် ၈-နာရီနှင့် ၁၀-နာရီ အတွင်းဆိုရင် အဲဒီအသံမျိုး ကြားရစမြဲ။ တခြားသူတော့ မဟုတ်ပါဘူး၊ ချစ်လှစွာသော ဦးရီးတော်နဲ့ ကျမကိုယ်တိုင် ပါပဲ။ ဖြစ်ပုံက ဒီလိုပါ … ။

ကျမ ဘိလပ်မြေကို ခြေချခါစ (အိမ်ဆောက်တဲ့ ဘိလပ်မြေ မဟုတ်ပါ) တယ်လီဗေးရှင်းက သတင်းတွေကြည့်၊ သတင်းထူးပါရင် စကားပြောတဲ့အခါ ထည့်ပြော … အင်္ဂလိပ်လို မတောက် တခေါက် ညှပ်သုံး၊ ကိုယ့်ဟာနဲ့ ကိုယ်တော့ ဟုတ်နေတော့ တာပေါ့။ တနေ့တော့ ညနေစာ ထမင်းစားရင်း ဦးရီးတော်ကို ပြောမိတယ်။

“ … အဲဒီဘဏ်ကို နေရှင်နယ်လိုက်ဇ် လုပ်လိုက်တယ်တဲ့ နော် … နေ့လည်က သတင်းထဲမှာ နားထောင်လိုက်ရတယ်”
“ဟင် … ဘာ … နေရှင်နယ်လိုက်ဇ် … ဟုတ်လား”
“ဟုတ်တယ်လေ …”
“နေရှင်နယ် မဟုတ်ဘူး … နဲယ်ရှင်နယ် … ငါ့တူမနှယ် …”

ဦးရီးတော်က ပြင်ပေးပေမယ့် တသက်လုံးက မြင်ခဲ့ဖတ်ခဲ့တဲ့ "နေရှင်နယ်ဓာတ်ခဲ" ဆိုတာကြီး မျက်စိထဲ မြင်ယောင်နေတာ တော်တော်နဲ့ မဖျောက်နိုင်ဘူး။ နောက်တခါ … အလွန်စကားများတဲ့ ကျမ ဘောလုံးပွဲအကြောင်း (သူလဲ စိတ်မ၀င်စားဘဲနဲ့) သွားပြောမိပြန်တယ်။
“ဒီနေ့ ပရီးမီးယားလိဂ် လာမှာ”
“ပရီးမီးယား မဟုတ်ဘူး … ပရဲမ်းမီးယား" တဲ့ ...
(မှတ်ချက်။ ။ အသံထွက်များကို အနီးစပ်ဆုံး ရေးထားခြင်းမျှသာ ဖြစ်ပါတယ်။ သေချာအတိအကျလဲ စကားလုံးဖလှယ်ပြီး မရေးတတ်လို့ပါ)

အဲဒီလိုပြောတော့ မြန်မာပြည်တုန်းက ကျမကြိုက်တဲ့ ပရီးမီးယားကော်ဖီ ကြော်ငြာကို သွားသတိရမိတယ်။ မဟုတ်ဘူး ဆိုတော့လဲ … အင်း … မှတ်ထားရပြန်တာပေါ့။ နောက်ထပ် ပြောမိပြန်တာက Wimbeldon တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် လာမယ်ပေါ့ ... ဆိုတော့ ...
"ဆီမီး ဖိုင်နယ် ... ဟုတ်လား ... ဆီမီးဆိုတာ ထွန်းတာ … semi ကို ဆမ္မီးလို့ ဖတ်ရတယ်”

နောက်တခါလဲ အမှတ် မရှိပြန်ပါဘူး။ ကျမအမ အကြောင်းဝမ်းသာ အားရ ပြောမိတာ …
“သူ ဒီလကုန်ရင် ဘောနပ်စ် ရမယ်တဲ့ … သမီးဆီ ဖုန်းဆက်တယ်”
“ဟား ဟား ဟား ဟား”
ရုတ်တရက် ထရယ်တော့ ဘာလို့ပါလိမ့် ကြောင်သွားတာပေါ့။ ဦးရီးတော်က အရယ်ရှိန် သတ်ပြီး ပြောတာက
“ဘောနပ်စ်မဟုတ်ဘူး … ငါ့တူမရဲ့ … ဘိုးနပ်စ် …”
“သြော်…”

သြော် တလုံးထဲပဲ နင်တင်တင် ပြောရင်း ကျမ နှုတ်ဆွံ့အ သွားတော့တယ်။ Thames ကို သိမ်းမြစ်လို့ ပြောလဲ မှားတာပဲ။ Chavelle ကို ဗမာပီပီ ချက်ပလက်ကားလို့ ပြောမိတာလဲ မှားတာပဲ။ ပြောသမျှ အသံထွက်တွေက တလွဲတွေ ချည်းပါလား။ အဲဒီလို ကျမရဲ့ ပြောင်မြောက်လှစွာသော အသံထွက် အရည်အချင်းကို သိသွားတဲ့ နောက်ပိုင်း ဦးရီးတော်က သူ့တူမကို ဒီတိုင်း ထားလို့တော့ မဖြစ်ချေဘူးဆိုပြီး ညဘက်ဆို စာဖတ်ခိုင်း ပါတော့တယ်။

တယ်လီဗေးရှင်းမှာ tele text သတင်းတွေကို တခုပြီး တခု ဖွင့်ပြီး အသံကျယ်ကျယ် ထွက်ဖတ်ရတယ်။ စဖတ်ဖတ်ချင်း ခွေးအကြီး လှည်းနင်းသလို အိအ အိအ နဲ့၊ အသံထွက်တွေလဲ လွဲ … အဖြတ်အတောက် တွေလဲ မှား၊ ဦးရီးတော်က တဟားဟားနဲ့ ပေါ့။ ကျမကတော့ လူကြီးရှက်တော့ ရယ် ဆိုသလို ဟဲဟဲ ဟဲဟဲ စပ်ဖြဲဖြဲ နေရတာပါပဲ။ ကိုယ်က မှားနေတာကိုး။ ရယ်သာ ရယ်နေရပေမဲ့ အဲဒီအချိန်ဆို ရာသီဥတု ဘယ်လောက် အေးနေပါစေ … ဇောချွေးတွေပြန် စိတ်တွေအိုက်ပြီး နေရာမှာတွင် အငွေ့ပျံ မတတ် စိတ်ကျဉ်းကျပ် လွန်းခဲ့ရတယ်။

ကျမ ဖတ်လို့ သတင်းတွေ ကုန်သလောက်ရှိတဲ့အခါ ဘီဘီစီ သတင်းကို ဖွင့်ပြီး သူတို့ပြောတဲ့ အသံထွက်တွေကို လိုက်နားထောင်ရတယ်။ နောက်က ခပ်တိုးတိုး လိုက်ဆိုရင်းနဲ့ပေါ့။ ဘယ်နေရာကို ဖိဆို၊ ဘယ်နေရာကို ဖော့ဆို၊ အဖြတ်အတောက်က ဘယ်လို … စသဖြင့် ဦးရီးတော်က ဘေးကနေ ညွှန်ကြားလို့ … ။ မှားနေရင် နောက်တခေါက် ထပ်ဖတ်ခိုင်း … ကျမကလဲ အမှတ်မရှိ ထပ်ခါ ထပ်ခါ မှားသေးတာပဲ။ အမှားကြီးနဲ့ နှစ်ရှည်လများ ယဉ်ပါးနေတော့ နှုတ်ကျိုး နေပြီလေ။ ဒါကြောင့် ဦးရီးတော်က ငါးခေါက်ဆို … ဆယ်ခေါက်ဆို … ဆိုပြီး ပြောတာ။ ဥာဏ်တုံးလွန်းတဲ့ ကျမကလဲ ဘယ်နှစ်ခေါက်ဆိုဆို မှတ်မိတာမဟုတ်ဘူး။ ဆိုသာ ဆိုနေတာ စိတ်ထဲ သိပ်ပါတာမှ မဟုတ်တာ။

တက်တက်စင် လွဲနေတဲ့ အသံထွက်တခု ပြောရဦးမယ်။ အဲဒါကလဲ မြန်မာ သတင်းစာတွေထဲမှာ ပါတာကို မြင်ဖူးတဲ့ အတိုင်း ဖတ်လိုက်မိတာပါ။ Uruguay ဆိုတဲ့ တောင်အမေရိက တိုင်းပြည်တခုရဲ့ နာမည်။ ကျမက အားရ၀မ်းသာ ဖတ်လိုက်တယ်။ "ဥရုဂွေး" လို့။ ဟုတ်တယ်လေ … ဒီလိုမျိုး သတင်းစာထဲမှာ မြင်နေကျ၊ မြန်မာ့ရုပ်သံ သတင်းတွေထဲမှာ ကြားနေကျကိုး။ ဦးရီးတော်ခမျာ ရယ်လိုက်တာ အူတက်မတတ်ဘဲ။ အမှန်က … ယူရဂွိုင်း ဆိုပဲ။ ကြည့်ပါဦး လွဲချက်က။
***
ကျမရဲ့ အလွဲတွေကို နေ့စဉ် ကြားနေရတဲ့ ဦးရီးတော်ဟာ မြန်မာပြည် ပညာရေး အဆင့်အတန်း အတွက် စိတ်မကောင်း ဖြစ်တယ်။ သူက ဒီကို ရောက်နေတာ အနှစ် ၃၀ ကျော်ပါပြီ။ ကျမနဲ့မှပဲ မြန်မာပြည် ပညာရေး အဆင့်အတန်းကို သူ ကောင်းကောင်း သဘောပေါက် တော့တယ်။ ကျမညံ့တာနဲ့ အားလုံး အထင်သေး ခံရတော့တာပဲ။ (ခွင့်လွှတ်ကြပါရှင်) ကျမတို့ ငယ်ငယ်က ငါးတန်းမှာမှ လေးကြောင်းမျဉ်းကလေးနဲ့ အေဘီစီဒီ စသင်ရတာပါ။ ဒါတောင် အဘိုး (အမေ့အဖေ) က အင်္ဂလိပ် စာသင်တာ ၀ါသနာပါလို့ ကျောင်းမှာ မသင်ရခင် ခပ်ငယ်ငယ်လေး ကတည်းက သင်ပေးခဲ့တယ်။ ကျမကလဲ တတ်သည့်ပညာ မနေသာတော့ အေကနေ ဇက် အထိ မရခင် တွေ့သမျှ စာလုံး လိုက်ပေါင်းပြီး ဖတ်နေကျ။ တရက်တော့ ကျမ စာဖတ်သံ ကြားပြီး လူကြီးတွေ ရယ်ကြတာ မှတ်မိပါသေးတယ်။

“ဘီ-အီး-ဘီ-အီး - နှစ်ပြောင်းပြန် - အေ-စီ”
စင်ပေါ်မှာ တင်ထားတဲ့ နို့မှုန့်ဘူးပေါ်မှာ မြင်ရတဲ့ အင်္ဂလိပ်စာလုံးကို ကျမ ပေါင်းဖတ်နေတာ။ တကယ်တမ်းက BEBELAC ပါ။ ဒါပေမဲ့ ကျမက L ကို အသံမထွက်တတ်ဘူး။ ဒါကြောင့် ဖတ်တတ်သလို နှစ်ပြောင်းပြန် လို့ ဖတ်လိုက်တာလေ။ အဲဒီလောက် တော်တဲ့ ကျမ … ငယ်ငယ်ထဲက ဇ-ကလေးနဲ့။

အဘိုးသင်ပေးလို့ ကျောင်းမနေခင်မှာပဲ ကိုယ့်နာမည်ကိုယ် စာလုံးပေါင်းတတ်တယ်။ နောက်တော့ အိမ်ဘေးက အငြိမ်းစား တိုင်းပညာဝန် ဆရာကြီး ဦးခင်သန်းဆီမှာ အင်္ဂလိပ်စာ သွားသွား သင်ရပါသေးတယ်။ ဆရာကြီးက အင်္ဂလိပ် ကဗျာလေးတွေ သင်ပေးတယ်။ rain rain go away .. တို့ .. bar bar black sheep တို့ စသဖြင့် ပေါ့။ ငယ်ငယ်က အော်သာ ဆိုနေတာ ဘာရယ် ညာရယ် သိပ်သိတာလဲ မဟုတ်ဘူး။ စာသင်ရမယ်ဆိုရင် ပျင်းတဲ့ စိတ်က ကြီးစိုးနေတော့ သင်သာသင်တယ် ဘာမှ မတတ်ခဲ့ဘူး။

ကျောင်းနေတော့ အမေက သူ့လို ကျောင်းတွေ ဟိုပြောင်း ဒီရွှေ့နဲ့ ဒုက္ခ မရောက်ရအောင် သူငယ်တန်းက ဆယ်တန်းအထိ ရှိတဲ့ လသာ-၂ မှာ ထားပေးတယ်။ ကျောင်းကောင်းမှာ ဆရာကောင်းတွေနဲ့ တွေ့ရလို့ မောင်နှမ ၀မ်းကွဲတွေ ကြားမှာ စာပြိုင်ဖတ်ကြရင် ကိုယ်က ဟုတ်လို့ပါပဲ။ ကိုယ့်အင်္ဂလိပ်စာ အသံထွက်က သူတို့နဲ့ယှဉ်ရင် ပိုသာ နေသလိုလို၊ သူတို့မှားရင် ကိုယ်က ဟားချင်သေးတယ်။ တက္ကသိုလ် ရောက်တော့လဲ ဆင်ခြေဖုံး ကျောင်းက အောင်တဲ့သူတွေ နယ်ကျောင်းက အောင်တဲ့ သူတွေနဲ့ ယှဉ်ရင် ကိုယ်က နည်းနည်းတော့ သာသယောင်ပေါ့။ သူတို့ကြားမှာ ကိုယ်က လူတတ်ကြီး လုပ်ပြီး ငြင်းလား ခုန်လား ဝေဖန်လားနဲ့ လုပ်ခဲ့ မိသေးပါရဲ့။

တက္ကသိုလ်ဆိုလို့ တက္ကသိုလ် ပထမနှစ်မှာ ဆရာမတယောက်ရဲ့ ထူးဆန်းသော အသံထွက် အကြောင်း ကြုံလို့ ပြောပြချင်ပါသေးတယ်။ (ဆရာမကို ပစ်မှား စော်ကားခြင်း မဟုတ်ပါဘူး။ ကျမတို့ မြန်မာပြည်ရဲ့ ပညာရေး အဆင့်အတန်းကို ပြောပြချင်ရုံမျှသာ ဖြစ်ပါတယ်) ဆရာမက ရူပဗေဒ သင်တာပါ။ သူက စာတပိုဒ်ကို ဖတ်ရင်း ရှင်းပြတယ်။ အဲဒီထဲမှာ echo ဆိုတဲ့ စာလုံးပါတော့ သူဖတ်လိုက်တာက … “အီးချို” … တဲ့။

ကျမ အံ့သြသွားတယ်။ ရူပဗေဒဆရာမ ဖြစ်ပြီး အဲဒီစာလုံးကို မမှားသင့်ဘူး လို့ စိတ်ထဲက ဝေဖန်နေမိတယ်။ ဆရာမ မှားနေမှန်း ကျမနဲ့တကွ ကျောင်းသားတွေက သိပေမဲ့ မပြောရဲကြဘူး။ ဆရာမ ဆိုတော့ ရှိန်နေတာလဲ ပါတယ်၊ အားနာတာလဲ ပါတယ်။ အဲဒီအသံထွက် အတိုင်း တချိန်လုံး ဆရာမ သင်သွားတာကို စိတ်ကသိ ကအောက်နဲ့ နားထောင်ခဲ့ရတာ ကျမ မမေ့ဘူး။
***
အဲဒီလို သူများတကာကို ဝေဖန်ခဲ့တဲ့ ကျမ … အခုတော့ ဒုက္ခလှလှ တွေ့နေရပါပြီ။ ၀ဋ်ဆိုတာ ဘ၀မကူးဘူး လည်တတ်တယ် ဆိုတာ လက်တွေ့ပဲလေ။ ဒီမြေကို ရောက်တော့ ဒီဘာသာစကားက မပြောမဖြစ် ပြောရတယ်၊ နားမထောင် မဖြစ် နားထောင်ရတယ် ဆိုတော့ကာ … တချိန်လုံး “အလွဲများနဲ့ မေ” ဖြစ်တော့တာပါပဲ။ တရက် ကျောင်းအဆင်းမှာ သူငယ်ချင်းတွေနဲ့ အတူ လမ်းလျှောက်ပြန်ရင်း တရုတ်ကလေး တယောက်က ကျမကို မေးတယ်။ Are you working? တဲ့။ ကျမက Yes, I’m walking လို့ ပြန်ဖြေလိုက်တယ်။ အဲဒီလောက်ထိ။

ကျမက မြန်မာ အသံထွက်တောင် မှန်အောင် သိပ်မထွက်တတ်ဘူး။ ကျမ သူငယ်ချင်း “လတ်လတ်” ကို “လက်လက်” လို့ ခေါ်လိုခေါ် “လပ်လပ်” လို့ ထွက်လို ထွက်နဲ့မို့ အဖေနဲ့ အမတွေက အမြဲ ကျီစယ် လှောင်ပြောင်ခဲ့ ကြဖူးတယ်။ အခု အင်္ဂလိပ် အသံထွက်မှာ ပိုဆိုးတော့တာပေါ့။ work နဲ့ walk, heard, hurt နဲ့ heart, … an နဲ့ un ကွဲပြားအောင် မထွက်တတ်ဘူး။ ဦးရီးတော်က t သံ နဲ့ d သံ ဘယ်လို ကွာပုံ။ an ဆို ဘယ်လို … un ဆို ဘယ်လို … သေချာ ပြောပြတယ်။ လိုက်ဆိုခိုင်းတယ်။ ဘယ်ဟာက Scottish လေသံ။ ဘယ်ဟာက Spanish လေသံ၊ ဘယ်ဟာက Irish လေသံ စသဖြင့် ရှင်းပြတယ်။ (ပြောသာ ပြောတာ ကျမက ကျွဲပါးစောင်းတီး ... အခု ပြန်မေးကြည့် မသိတော့ဘူး)

ဒီနိုင်ငံမှာ လူတယောက်ရဲ့ အဆင့်အတန်းကို စကားပြောတဲ့အခါ နားထောင်ကြည့်ပြီး အကဲခတ် တတ်ကြကြောင်း၊ ကိုယ်က ဗမာမို့ ဗမာလေသံက ဖျောက်လို့ မရပေမဲ့ အသံထွက်ကို မှန်မှန် ထွက်နိုင်ဖို့ လိုကြောင်း၊ စကားပြောရင် ဖြည်းဖြည်း မှန်မှန် လူအများ နားလည်အောင် ပြောရမှာ ဖြစ်ကြောင်း၊ ဘယ်လို အသံထွက်မျိုး ဘယ်လို အသုံးအနှုန်းမျိုးဆို မပြောသင့် မသုံးသင့်ကြောင်း … စသဖြင့် ရှင်းပြပြီး အသံထွက် ကောင်းတဲ့ documentary တွေ ကြည့်ရတယ်။ သူတို့ ပြောသလို လိုက်ပြော ခိုင်းတယ်။ ကွန်ပျူတာထဲက dictionary ကိုဖွင့်၊ အသံထွက်ကို အခေါက်ခေါက် ရွတ်ရတယ်။

စိတ်ရှည်တဲ့ ဦးရီးတော်တောင် ကျမက တုံးလွန်းတော့ စိတ်တိုလာသလား မသိပါဘူး။ ဟိုးအစမှာ ရေးခဲ့သလို စိတ်မရှည်တဲ့ လေသံတွေ ထွက်လာပါတော့တယ်။ ကျမလဲ ကိုယ်က တချိန်လုံးမှားနေတော့ သူ့ရှေ့မှာ အင်္ဂလိပ်လို ညှပ်ပြောရမှာ မ၀ံ့မရဲ တော့ဘူး။ တလောက သူ ဖလော်ရီဒါက ပြန်လာတော့ အဲဒီမှာ sea food တွေ ပေါသလား၊ စားခဲ့လား၊ စသဖြင့် မေးချင်တာ။ ဒါပေမဲ့ sea ကို စလုံးနဲ့ စီးရမလား ဆလိမ်နဲ့ ဆီးရမလား၊ food ကရော d သံ နဲ့ t သံ လွဲရင် ဒုက္ခလို့ ရှည်ရှည်ဝေးဝေး တွေးပြီး သကာလ အင်္ဂလိပ်လို မညှပ်တော့ဘဲ …

“ဖလော်ရီဒါမှာ ပင်လယ်စာတွေ စားခဲ့သေးလားဟင်” လို့ ဘာသာလေး ပြန်ပြီး မေးလိုက်မိတယ်။ ဒီတော့ ဦးရီးတော်က
“ဘာ ပင်လယ်စာလဲ … sea food လို့ ပြောပါလား …” တဲ့
ကျမလဲ “တိန်” ခနဲ ဖြစ်သွားတော့တာပဲ။
***
ဒီလိုနဲ့ ကျမလဲ ညညဆို တယ်လီဗေးရှင်းက tele text တွေကို မျက်မှန်ကြီး တပ်ပြီး အိုးနင်းခွက်နင်းဖတ်ရင်း စဉ်းစားမိတယ်။ မြန်မာပြည်မှာ ဘွဲ့တွေ၊ ဒီပလိုမာတွေ ရခဲ့ပေမဲ့ ဒီနိုင်ငံ ရောက်တော့ ကျမရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းဟာ ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ "ဘီ-အီး-ဘီ-အီး နှစ်ပြောင်းပြန် အေ-စီ" အဆင့်လောက်ပဲ ရှိသေးပါလားလို့ … ၀မ်းနည်း ပက်လက် တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၁၅၊ ဇူလိုင်၊ ၂၀၀၉
၁၁း၁၆ နာရီ

ပုံယူသောနေရာ

Read More...

Tuesday, July 14, 2009

အမှောင်ထဲသို့ တိုးဝင်ခြင်း

အတိတ်ရဲ့ အရိပ်တွေ
တစ္ဆေလို ခြောက်နေသလား
ဝိုးတ၀ါး ညလယ်မှာ …။

လ-ကွယ်လွန်သွား
အလင်းအားချိနဲ့
အမိုက်ရဲ့ အဆုံး
အမုန်းများစွာနဲ့နက်မှောင်
ဟိုး … တောင်ဘက်မှာတော့
မိုးတွေရွာစွေလို့ … ။

လေခြွေသစ်ရွက်
တဖြတ်ဖြတ်ကြွေ
ညဥ့်ငှက်တွေငို
ညိုညို့ညိုဆိုင်း
တလောကလုံး မှောင်မှိုင်းနေဆဲ … ။

မရဲတရဲ
အမှောင်ထဲတိုး
ဆိုးသည်ထက် ဆိုးမလား …
အားကိုးစရာ
ဘယ်မှာမှ မတွေ့
အားလုံးကိုသာ မေ့လိုက်ပါရစေတော့ … ။

ဘ၀ဆိုတာ တိုတိုလေး
ငိုကြွေးရုံနဲ့ ခရီးမရောက်
လမ်းလျှောက်ရင်း လမ်းပျောက်တဲ့အဆုံး
အမုန်းတရားကို ပယ်ဖျက်
အရှုံးများကို တွယ်ဖက်ရင်း
အလင်းကိုကျောခိုင်း
နက်ရှိုင်းတဲ့ အမှောင်လမ်းကို
ယောင်ယမ်းတိုးဝင် မိလေရဲ့ … ။ … ။
***
မေဓာဝီ
၁၄၊ ဇူလိုင်၊ ၂၀၀၉
၁၄း၃၇ နာရီ

Read More...

Monday, July 13, 2009

Reunion, Rebecca နှင့် ... လူကြီးတွေ ပျော်တဲ့ပွဲ

စနေ တနင်္ဂနွေဆို ကျမတို့ တူဝရီး နှစ်ယောက် အိမ်မှာ နေရတယ် ရယ်လို့ မရှိပါဘူး။ ဟိုက သည်က ဖိတ်တဲ့ ပွဲတွေ သွားနေရတာနဲ့ပဲ ပိတ်ရက်တွေကို ကုန်ဆုံးခဲ့ရတယ်။ ဒီတပတ် စနေနေ့က မွေးနေ့အလှူ ဆွမ်းကျွေးကို သွားရပြီး တနင်္ဂနွေနေ့မှာတော့ ဦးရီးတော်တို့ ငယ်သူငယ်ချင်းတွေ တွေ့ဆုံပွဲ reunion ကို သွားရတယ်။

အဲဒီ reunion ဖြစ်လာခြင်းရဲ့ အဓိက အကြောင်းကတော့ Rebecca Win ကြောင့်ပါပဲ။ ဘာကြောင့် ဆိုတော့ ရေဗက္ကာဝင်းနဲ့တကွ မြန်မာပြည်က အဆိုတော် တချို့ အင်္ဂလန်ကို လာပြီး နာဂစ်ရန်ပုံငွေ ဖျော်ဖြေပွဲ လုပ်ကြတယ်။ ရေဗက္ကာဝင်းနဲ့အတူ သူ့ရဲ့မိဘ နှစ်ပါးလည်း လိုက်လာကြပါတယ်။ သူ့အဖေ ဒေါက်တာဌေးဝင်းက ဦးရီးတော် တို့နဲ့ အတူတူ ဆေးကျောင်းမှာ တနှစ်ထဲ တက်ခဲ့သူပါ။ ဒီတော့ သူ့အဖေလာတုန်း လာခိုက် သူငယ်ချင်းတွေ ပြန်ဆုံကြမယ် ဆိုပြီး လန်ဒန်က ဆရာဝန်ကြီး ဒေါက်တာအောင်ကြည်မြင့်က စီစဉ်ပါတယ်။ နေရာကတော့ West Midlands ဘာမင်ဂန်မြို့အနီး Sutton Coldfield အရပ်က ဒေါက်တာကျော်မြင့်ရဲ့ နေအိမ် … ။

ဒီလိုနဲ့ ၁၂၊ ဇူလိုင်၊ ၂၀၀၉ ရဲ့ သာယာလှပတဲ့ တနင်္ဂနွေနေ့မှာ ၁၉၆၈ ခုနှစ်က ဆေးကျောင်းတက်ခဲ့ကြတဲ့ ဆေးကျောင်းသားလေးတွေ ပြန်လည်တွေ့ဆုံပွဲကို ကျင်းပဖြစ်ခဲ့တယ် ဆိုပါတော့။

၁၉၆၈ ခုနှစ် က ဆေးကျောင်းသားလေးတွေ … ခုချိန်မှာတော့ ပင်စင်ယူခါနီး ဆရာဝန်ကြီးတွေ ဖြစ်နေကြပါပြီ။

အားလုံးရဲ့ မျက်နှာမှာ အပျော်တွေဖုံး အပြုံးတွေ ဝေ … လို့။ ငယ်ငယ်တုန်းကလိုပဲ ပျော်နေလိုက်ကြတာလေ … ။ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြ၊ နောက်ကြ ပြောင်ကြ၊ တချို့ကလည်း တရားဓမ္မတွေ ဆွေးနွေး … အေးအေးလူလူ အပူအပင် နည်းပါးသွားတဲ့ တတိယအရွယ် ဘ၀တွေ ... ။
မိသားစုတွေနဲ့အတူ …

ရေဗက္ကာဝင်း မိသားစုနဲ့ အိမ်ရှင် (ဒေါက်တာကျော်မြင့်) မိသားစု

ရေဗက္ကာဝင်း မိသားစုနဲ့ စီစဉ်သူ (ဒေါက်တာအောင်ကြည်မြင့်) မိသားစု

ရေဗက္ကာဝင်းရဲ့ ဖျော်ဖြေမှု

ရေဗက္ကာဝင်းက ဓာတ်ပုံ ၂ ပုံနဲ့ စီဒီတခွေ လူတိုင်းကို လက်ဆောင်ပေးပါတယ်။ ဓာတ်ပုံနောက်ကျောမှာ အမှတ်တရ လက်မှတ်ထိုးပေးတယ်။ (သူ့ရဲ့ အမှတ်တရ လက်မှတ်ကို လိုချင်လို့ တန်းစီစောင့်နေကြတဲ့ ဆရာဝန်ကြီးတွေ)

မြန်မာပြည်က ကောင်းဘွိုင် သေနတ်မပစ်ပါ .... တဲ့။
(ရေဗက္ကာဝင်းနဲ့ တွဲဖက် သီဆိုသူ အင်္ဂလန်က ဒေါက်တာ ကောင်းဘွိုင်များ)

သံပြိုင် ဟစ်ကျွေး country တေး ...
¶ ¶ ¶ take me home .... country road .... ¶ ¶ ¶
***
“ပြန်လိုချင်တယ် … ဆေးကျောင်းသားဘ၀ …”
ရန်ကုန် ဆေးတက္ကသိုလ် (၁) ကျောက်ပန်းချီကားချပ် နောက်ခံနဲ့ သီချင်းသံ ထွက်လာလို့ ကြည့်လိုက်တော့ ….
“ဘယ်တော့မှ မမေ့ဘူး” ဆိုတဲ့ ကျော်ဟိန်းရဲ့ သီချင်းကို စာသားအနည်းငယ်ပြောင်းပြီး သီဆိုနေတဲ့ အန်ကယ်ကျော်မြင့်။ သီချင်းနောက်ခံက ရန်ကုန်ဆေးတက္ကသိုလ် (၁) ကျောက်ပန်းချီကားပုံ၊ ရန်ကုန်ဆေးရုံကြီး၊ လိပ်ခုံးနဲ့ ဆေးကျောင်းသားတို့ရဲ့ အမှတ်တရ နေရာလေးတွေ … ။ ပြီးတော့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ကျောင်းတက်ဖော် သူငယ်ချင်း တချို့ … ။ ဓာတ်ပုံလေးတွေ တခုပြီး တခု … …. ။

အားလုံး ဆိတ်ငြိမ်ပြီး နားထောင်နေကြတယ်။ သူတို့ မျက်ဝန်းတွေမှာ ရောင်စဉ်တွေ တဖျပ်ဖျပ် ပြေးလို့။ ခွဲခွါခဲ့ရတဲ့ ဒေသနဲ့ ကျောင်းတော်ကြီးကို သတိရ လွမ်းတဲ့စိတ် … သွားလေသူ သူငယ်ချင်းများအတွက် နှမြောတမ်းတ ၀မ်းနည်း စိတ်တွေ ရောပြွမ်းနေ လေရော့ သလား …. ။

“ဘယ်တော့မှ … မမေ့ဘူး …. ဘယ်တော့မှ မမေ့ဘူး ….”
တေးသံအဆုံးမှာ အားလုံးငိုင်တွေ နေကြတယ်။ ပြီးတော့ လက်ခုပ်သံတွေ ထွက်လာတယ်။ သူတို့ရင်ထဲမှာ ဘယ်လိုခံစားနေရမလဲ … ကျမကတော့ တိတ်တဆိတ် ကြေကွဲ နေမိတယ်။ မြန်မာပြည်က တော်တဲ့ ပညာရှင်တွေ … တချို့ တိမ်းပါး သွားကြတယ် … တချို့ တိုင်းတပါး ရောက်နေကြတယ် … တချို့ကတော့ ပြည်တွင်းမှာ … ရုန်းကန် နေကြရတယ်။ သူတို့ရဲ့ ကြိုးစားမှုတွေက ဘယ်သူ့အတွက်လဲ … ။ ဘာအတွက်လဲ … ။ သူတို့ချစ်တဲ့ တိုင်းပြည်ကြီးကတော့ ထုံးစံအတိုင်း ဆင်းရဲနေဆဲ။
***
“အားလုံးပြီးဆုံးသွားတော့ … ရင်တခုလုံး ကြေသွားမလား …”
ဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက် သီချင်းကို ရေဗက္ကာဝင်းနဲ့ ဆရာဝန်ကြီး ၃ ယောက် အတူ သီဆိုကြတယ်။
“သူငယ်ချင်း … ရှေ့ဆက် မင်းဘ၀မှာ အမြဲပျော်ရွှင်ပါစေ … သာယာပါစေ … တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ … ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော .. ပင်လယ်လိုစီးပါစေ … အားတင်းကာ လျှောက်လေ …”
“အားတင်းကာ ….. လျှောက် ………….. လိုက် ….”

“မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို အားတင်းထားကြပါလို့ … ပြောပေးပါ … 2010 နောက်ပိုင်းမှာ ကျနော်တို့ အားလုံး ပြန်ဆုံကြဖို့ မျှော်လင့်ပါတယ်။”
အန်ကယ်ကျော်မြင့်ရဲ့ စကားအဆုံး အားလုံး လက်ခုပ်တီးကြတယ်။ သူတို့ရင်ထဲမှာ မျှော်လင့်ချက်တွေကိုယ်စီနဲ့ …. ။
***
ကောင်းကင်ပြာပြာကြီးရဲ့ အောက်မှာ … ။
အားလုံးပျော်ရွှင်နေကြတယ်။
တချိန်က သူတို့ဟာ ကြိုးစားခဲ့ကြရတယ်။ ရုန်းကန်ခဲ့ကြရတယ်။ ပေးဆပ်ခဲ့ကြရတယ်။
ခုချိန်မှာတော့ သာယာအေးချမ်းတဲ့ ဘ၀အသီးသီးမှာ နေသားတကျ ဖြစ်နေကြပြီ။ သံသရာခရီးအတွက် ပြင်ဆင်တဲ့သူက ပြင်ဆင်နေကြပြီ။ တွေ့ကြ ဆုံကြတဲ့ အခိုက်အတန့် လေးမှာ ဟန်ဆောင်ခြင်းတွေ မာနတွေ ပကာသနတွေ ဖယ်ခွါပြီး ငယ်ငယ်ကလို လွတ်လပ် ပျော်ရွှင် နေကြတဲ့ လူကြီးတွေရဲ့ တွေ့ဆုံပွဲလေးက အဲဒီနေ့ ည ၈ နာရီကျော်မှာ အဆုံးသတ်ခဲ့ပါတယ်။
***
မေဓာဝီ
၁၃၊ ဇူလိုင်၊ ၂၀၀၉
(၁၂၊ ဇူလိုင်၊ ၂၀၀၉ တွင် ပြုလုပ်သော ၁၉၆၈ ခုနှစ် ဆေးတက္ကသိုလ် (၁) ကျောင်းသားများ တွေ့ဆုံပွဲ နေ့အမှတ်တရ)
မှတ်ချက်။ ။ ဆေးတက္ကသိုလ် (၁) ဓာတ်ပုံကို ဤနေရာမှ မပြောမဆို ယူသုံးထားပါသည်။
ကျန်ဓာတ်ပုံများ အားလုံး ကိုယ်တိုင်ရိုက်သော ပုံများဖြစ်ပါသည်။

Read More...