Thursday, May 31, 2007

မေ၏ နိဂုံး

ဒီကနေ့ ကျမသုံးနေကျ ကွန်ပျူတာ ပျက်သွားလို့ ဆိုင်ကိုသွားအပို့ မိုးတွေအရမ်းရွာနေချိန်နဲ့ တိုးပါတယ်။ လမ်းမပေါ်မှာ ရေတွေက တဖွေးဖွေး၊ ပျက်နေတဲ့ ကွန်ပျူတာကြီးပိုက်ပြီး အငှားကားပေါ်မှာ ငေးရင်း ဟိုဟိုဒီဒီ တွေးနေမိတယ်။ ဒီကနေ့ မေလ ၃၁ … ပဲ။ မေကို နှုတ်ဆက်တဲ့ မိုးက ဆိုးလှချည့်လို့ စိတ်ထဲ မချိတင်ကဲနဲ့၊ ဒီလိုနဲ့ ဆိုင်မှာ စက်ကိုအပ်ပြီး အိမ်မပြန်သေးဘဲ မိုးရေထဲ လျှောက်သွားနေမိတယ်။ ဗိုလ်အောင်ကျော်လမ်းတလျှောက် ရေတွေပြည့်လို့။ လမ်းပေါ်ကရေတွေ မသန့်ဘူး၊ ညစ်ပတ်တယ်။ ကောင်းကင်က ရေတွေကရော … လုံးဝသန့်စင်ပါရဲ့လား။ ကျမ မသိပါဘူး။

အိမ်ပြန်ရောက်တော့ ညနေစောင်းနေပြီ။ မိုးလည်း တိတ်ပြီပေါ့။ စာလည်း မရေးချင်ဘူး။ ဘလော့လည်း မဖတ်ချင်ဘူး။ ညစ်တစ်တစ်နဲ့ နေနေရာက … ဟိုဟိုဒီဒီ လျှောက်သွားရင်း ကိုပုထုဇဉ်ရဲ့ “မေလနိဒါန်း” ကဗျာကို ဖတ်လိုက်မိတယ်။ သူ့ကဗျာက အားမာန်အပြည့်ပဲ။
ကျမက အားနည်းနေတယ်။ စိတ်ဓာတ်တွေ ယိမ်းယိုင် မခိုင်မာချင်တော့ဘူး။ ဒါနဲ့ပဲ … ဒီကဗျာတပုဒ် ရေးဖြစ်သွားတယ်။ သူက နိဒါန်းပဲ ရှိသေး .. ကျမက နိဂုံးချုပ်လိုက်ပြီပေါ့။
***
မေ၏ နိဂုံး

သုံးဆယ့်တစ် …မေ
အရှုံးအတွက် ဖြစ်လေသလား
အမုန်းအတွက် ဖြစ်နေသလား
အဆုံးသတ်ရစ်ပေတော့ …မေ … ။

အစကတည်းက
မကောင်းခဲ့တဲ့ဘဝ
အနှောင်းကျမှ သေချာချင်နေလို့
ရဦးမတဲ့လား … ။

ဘ၀ဆုံးခါမှ
အပူလုံးတကြွကြွ
ယူကျုံးမရဖြစ်လိုဖြစ်
နောင်တနွံထဲ နစ်လိုနစ်
ကဲ …
ဖြစ်ချင်ရာဖြစ် … ဆိုပြီး
လေနှင်ရာခရီး
တကိုယ်တည်း သွားခဲ့ခိုက်
လိုက်လို့ရွာတဲ့ မိုးတွေထဲ
တကိုယ်လုံးလည်း ရွှဲရွှဲစို
မတ်တပ်ရပ်လို့ လမ်းမှာ မငိုမိပေမဲ့
မိုးသည်းသည်းအောက်မှာ
လမ်းစ ပျောက်ခဲ့ရပြန်ပြီလေ။

မေ …
နေခဲ့ပေတော့ …
အဆုံးသတ်မှာ
အမုန်းအတွက်ဖြစ်ဖြစ်
အရှုံးဆက်နစ်နစ်
ပြုံးလျက်သာ လမ်းခွဲရစ်ပါရစေ
သုံးဆယ့်တစ် …မေ … ။

***
မေဓာဝီ

၃၁၊ မေ၊ ၂၀၀၇
ည ၈ နာရီ ၃၀ မိနစ်
(သရုပ်ဖော်ပုံကလေးကို “ဒီနေရာ” က ယူသုံးထားမိပါတယ်။)

Read More...

Wednesday, May 30, 2007

ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးနေ့

ဒီကနေ့ မေလ ၃၀-ရက်နေ့ (နယုန်လပြည့်နေ့) ဟာ ဗုဒ္ဓဘာသာဝင်တွေအဖို့ ငြိမ်းချမ်းရေးမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တဲ့ နေ့ထူးနေ့မြတ် တရက် ဖြစ်ပါတယ်။ မြတ်စွာဘုရားဟာ နယုန်လပြည့်နေ့မှာ ကပိလ၀တ်ပြည် မဟာဝုန်တောထဲမှာ မဟာသမယသုတ်တော်ကို ဟောကြားတော်မူခဲ့တဲ့ အတွက် ‘မဟာသမယနေ့’ လို့ သတ်မှတ်ခဲ့ကြပါတယ်။
***
“မဟာသမယ သမိုင်း”

မြတ်စွာဘုရားလက်ထက်က ကပိလ၀တ်ပြည်က လယ်သမားတွေနဲ့ ကောလိယပြည်က လယ်သမားတွေဟာ ရောဟိနီမြစ်ရေကို အကြောင်းပြုပြီး ရေလုပွဲကြီး ဖြစ်ခဲ့ကြပါတယ်။ လယ်သမားတွေကနေ စစ်သည်တော်တွေ မင်းညီမင်းသားတွေပါ ရေလုပွဲမှာ ပါဝင်လာကြပြီး နှစ်ပြည်ထောင်သားတွေဟာ လက်နက်အသီးသီး စွဲကိုင်လို့ ရောဟိနီမြစ်အနီး ရောက်လာကြကာ စစ်ဖြစ်တော့မယ့် အခြေအနေကို ဆိုက်ရောက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ မြတ်စွာဘုရား ရောက်ရှိလာပြီး နှစ်ပြည်ထောင် ချစ်ကြည်ရေးအတွက် ငြိမ်းချမ်းရေးတရားကို အောက်ပါ သာဓကအမျိုးမျိုး ပြကာ ဟောတော်မူခဲ့ပါတယ်။
၁) ၀က်ဝံနဲ့ ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှားလို့ နှစ်ဦးစလုံး ပျက်စီးကြပုံ။
၂)မြေပြိုပြီ အထင်နဲ့ အော်ဟစ်ထွက်ပြေးတဲ့ ယုန်တကောင်ရဲ့ စကားကို ယုံမှားမိလို့ တိရစ္ဆာန်အများအပြား ဆင်းရဲဒုက္ခရောက်ရပုံ။
၃) အားနည်းသော နှံပြည်စုတ်ငှက်မက အားကြီးသော ဆင်ပြောင်ကြီးကို အနိုင်ယူဖူးလို့ ရန်သူကို အထင်မသေးသင့်ပုံ။
၎) ငုံးငှက်တွေဟာ ညီညွတ်စဉ်အခါက ရန်သူလက်မှ လွတ်မြောက်ပေမယ့် စိတ်ဝမ်းကွဲပြီး အချင်းချင်း မညီမညွတ် ဖြစ်တဲ့အခါမှာ မုဆိုးရဲ့ ပိုက်ကွန်တွင်းမှာ အမိခံရပုံ။
၅) သက်မဲ့ဖြစ်တဲ့ သစ်ပင်များပင် တစုတဝေးတည်း တည်နေတဲ့အခါမှာ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ။
၆) မိမိကိုယ်ကို ထိန်းသိမ်းဆုံးမသင့်ပုံ ….
စတဲ့ သာဓကများနဲ့ ဟောကြားတဲ့ မြတ်စွာဘုရားရဲ့ တရားတော်ကို နာကြားရတဲ့ နှစ်ပြည်ထောင်သားတွေဟာ တောက်လောင်နေတဲ့ ဒေါသမီးတွေ ကင်းငြိမ်းသွားပြီး လက်နက်တွေစွန့်ပယ် လိုက်ကြပါတယ်။ ဒါ့အပြင် နိုင်ငံတနိုင်ငံက မင်းသား ၂၅၀ စီ၊ စုစုပေါင်း နှစ်ပြည်ထောင်မှ မင်းသား ၅၀၀ တို့ဟာ မြတ်စွာဘုရားရဲ့ တပည့်သား သံဃာအဖြစ် ရဟန်းပြု လိုက်ကြပါတော့တယ်။

ရဟန်းငါးရာလုံးဟာ မဟာဝုန်တောကြီးထဲမှာ တရားအားထုတ်ရင်း ရဟန္တာတွေဖြစ်သွားပြီးတဲ့နောက် မြတ်စွာဘုရားကို ဖူးမြော်လျှောက်ထားဖို့ နယုန်လပြည့် ညချမ်းမှာ ဘုရားထံတော်မှောက်ကို စုရုံး ရောက်ရှိလာကြပါတယ်။ အဲဒီလို ရဟန္တာသံဃာတော် ငါးရာ စုဝေးရောက်ရှိမှာကို ကြည်ညိုလိုကြတဲ့ နတ် ဗြဟ္မာတွေ နဂါး ဂဠုန်တွေဟာလည်း မဟာဝုန်တောထဲကို စုရုံးရောက်ရှိလာကြပြန်ပါတယ်။

နယုန်လပြည့်နေ့မှာ နတ်ဗြဟ္မာတွေ နဂါး ဂဠုန်တွေ စုရုံးစည်းဝေးမိတဲ့ အချိန်အခါမို့ မဟာသမယ လို့ ခေါ်ဆိုရခြင်း ဖြစ်ပါသတဲ့။ နတ် ဗြဟ္မာတွေရဲ့ အမည်နာမ အမျိုးမျိုးကို ထုတ်ဖော် မြွက်ကြား နှုတ်ခွန်းဆက်သော အားဖြင့် မိန့်ကြားတဲ့ စကားတော်များကို မဟာသမယသုတ်လို့ ခေါ်ပါတယ်။

မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက်မှာ သတ္တ၀ါတွေရဲ့ စရိုက် ၆-မျိုးအလိုက် သုတ်တော် ၆-သုတ် ကို ဆက်လက် ဟောကြားတော်မူပါတယ်။
***
ဒါကြောင့်မို့ ဒီကနေ့ဟာ ကျမတို့ ဗုဒ္ဓဘာသာဝင်တွေအတွက် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးနေ့လို့ ဆိုရင် မမှားဘူး ထင်ပါတယ်။ တကယ်တမ်း ကမ္ဘာမှာ လိုအပ်နေတာလည်း ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါပဲ။ ဘယ်ဘာသာဝင်မဆို … ဘယ်လူမျိုးမဆို … ဘယ်သတ္တ၀ါမဆို ညီညွတ်မှ ငြိမ်းချမ်းမယ် .. ငြိမ်းချမ်းမှ သာယာမယ် … မဟုတ်ပါလား။

ဒါကြောင့် ကမ္ဘာသူ ကမ္ဘာသားအားလုံး သတ္တ၀ါအားလုံး ငြိမ်းချမ်းစေဖို့ ငြိမ်းချမ်းရေးအတွက် တောင်းဆုပြုလိုက်ပါတယ်။
***
မဟာသမယ ဆုတောင်း

မဟာသမယ သမ္ပန္နော၊
မဟာသမယ ဒေသကော။
မဟာသမယံ ဒေတု သော၊
မဟာသမယ အတ္ထိနော။


မဟာသမယ သမ္ပန္နော၊ ကောင်းမွန်မြင့်မြတ် ညီညွတ်စည်းလုံးသော တပည့်သာဝကတို့နှင့် ပြည့်စုံတော်မူသော။ မဟာသမယ ဒေသကော၊ ကောင်းမွန်မြင့်မြတ် ညီညွတ်စည်းလုံးခြင်းငှာ အခါခပ်သိမ်း တရားဓမ္မကို ဟောပြဆုံးမ တော်မူတတ်သော။ သောဗုဒ္ဓေါ၊ မဟာသမယ ဒေသကမည်တွင် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မဟာသမယ အတ္ထိနော၊ ကောင်းမွန်မြင့်မြတ် ညီညွတ်စည်းလုံးခြင်းကို အလိုရှိသော အကျွန်ုပ်အား (အကျွန်ုပ်တို့အား)။ မဟာသမယံ၊ ကောင်းမွန်မြင့်မြတ် ညီညွတ်စည်းလုံးကြောင်း နည်းလမ်းကောင်းကို။ ဒေတု၊ ကရုဏာထား မေတ္တာပွား၍ ပေးသနားတော်မူပါ အရှင်မြတ်ကြီး ဘုရား။ … ။
***
သတ္တ၀ါအားလုံး ညီညွတ် ငြိမ်းချမ်းကြပါစေ …

မေတ္တာဖြင့် …

မေဓာဝီ
၃၀၊ မေ၊ ၂၀၀၇
နယုန်လပြည့်
မဟာသမယအခါတော်နေ့

(၀န်ခံချက် ။ … ။ မာဂဓီ (သာစည်) ၏ အခါတော်နေ့များ စာအုပ် မှ ကောက်နုတ်ဖော်ပြပါသည်။)

Read More...

Tuesday, May 29, 2007

ပန်းတပွင့်တောင်သို့ …

ဒီနေ့မနက် မိုးလေကင်းစင်ပြီး ရာသီဥတုသာယာတာနဲ့ မနက် ၆ နာရီခွဲသာသာလောက်မှာ မှော်ဘီမြို့နယ် ၀ါးနက်ချောင်းကျေးရွာစု အပိုင် ပန်းတပွင့်တောင် ဘုရားဆီ သွားဖို့ ကျမတို့ မိသားတစု အိမ်ကထွက်ခဲ့ကြပါတယ်။ ပန်းတပွင့်တောင်ဆိုတာ မှော်ဘီမြို့အ၀င်ကနေ လေထီးတပ်ဘက်ကိုသွားတဲ့ လမ်းခွဲအတိုင်း တော်တော်လေး ၀င်ရပါတယ်။ သားငါးးယူလို့မရဘူး သက်သတ်လွတ်ပဲ စားလို့ရတာကြောင့် မနက်ကတည်းက ကောက်ညှင်းပေါင်း နဲ့ နှမ်းထောင်း၊ ပဲပြုတ်နဲ့ အကြော်၊ မြေပဲကြော်၊ ပဲပုတ်ကြော်စတဲ့ စားသောက်စရာတွေ သယ်သွားကြတယ်။

မိုးရာသီပေမယ့် မိုးသိပ်မကြီးသေးတဲ့ အချိန်မို့ လမ်းက သာပါတယ်။ မိုးသိပ်ကြီးရင် လမ်းတွေပျက်ပြီး ကားသေး သွားမရဘူး။ သူက ဖူးကြီးရေလှောင်တမံ အနားမှာပါ။


ဒါက ပန်းတပွင့်တောင် ဘုရားကို တက်ရမယ့် အ၀င် မုခ်ဦးပေါ့။

ဆရာတော်ရဲ့ စံကျောင်းပါ။ ဆရာတော်ကို လှူဖွယ်ဝတ္ထုတွေနဲ့ ဦးခိုက်ကန်တော့ပြီး တောင်ပေါ်က ဘုရားဆီ တက်ခဲ့ကြတယ်။
အခုတော့ ဒီဘုရားက ထီးတင်ပြီးပါပြီ။ ဒီပုံက ထီးတော် မတင်ခင်က ရိုက်ထားတဲ့ပုံ။

တောင်တိုင်းမှာ ခုလို စေတီတဆူစီ ရှိပါတယ်။ တောင်တက်လမ်းက အဲဒီလို မြေလမ်း။ တောင်တက်လမ်းမှာ ကားက ပြန်လျှောကျလို့ လူတ၀က်ဆင်းပြီး လမ်းလျှောက်တက်ရတယ်။

တောင်ပေါ်ကဘုရားတွေအတွက် ပြင်ဆင်နေကြပုံပါ။

ဟိုဘက်တောင်ပေါ်က နဂါးရုံဘုရားကို ပန်းတပွင့်တောင်ပေါ်ကနေ လှမ်းမြင်ရတဲ့ပုံ။
နဂါးရုံဘုရား ပကတိမြင်ကွင်း။ ဒီတခေါက်တော့ ကားနဲ့ တောင်ပေါ်ကို တက်လို့မရခဲ့ဘူး။ လမ်းတ၀က်မှာ ကားက သစ်ငုတ်နဲ့ငြိပြီး ပြန်ဆင်းမရလို့ အရပ်ကူပါ လူဝိုင်းပါ လုပ်ခဲ့ရသေးတယ်။

တောင်ပေါ်က စေတီရဲ့ မုခ်လေးမုခ်မှာ ကျမတို့ လှူထားတဲ့ ကျောက်ဆင်းတု ရုပ်ပွားတော်။

ပန်းတပွင့်တောင် ဆရာတော်က အနီးအနားရွာက ကလေးတွေကို အခမဲ့ပညာ သင်ကြားပေးပါတယ်။ ခုကတည်းက ကျောင်းဖွင့်နေပြီ။ စာအံသံတွေ ဝေေ၀ဆာဆာနဲ့။ ဒီနှစ် ကျောင်းသူ ကျောင်းသား ၇၀၀ကျော် ရှိမယ်လို့ ဆရာတော်မိန့်ကြားခဲ့တယ်။

မုခ်လေးမုခ်က ရုပ်ပွားတော်တွေကို ပါလာတဲ့ ကောက်ညှင်းပေါင်းနဲ့ ရေချမ်းကပ်၊ လမ်းက၀ယ်လာတဲ့ ပန်းတွေနဲ့ ဖယောင်းတိုင် အမွှေးတိုင်တွေ ကပ်လှူပူဇော်ပြီး ကျမတို့လည်း ဘုရားရှိခိုး ခဏတဖြုတ် နားနားနေနေ နေပြီးနောက် ပြန်လာခဲ့ကြပါတယ်။
***
ပြန်ရောက်ရောက်ချင်း နားတောင် မနားဘဲ ဘလော့မှာ အမြန်လာတင်လိုက်တာပါ။ ဒီကနေ့ ပြုခဲ့တဲ့ ကုသိုလ် ကောင်းမှု အဖို့ဘာဂကို ကျမဘလော့ဖတ်သူ အပေါင်းအား အမျှပေးဝေပါတယ်ရှင်။
***
မေဓာဝီ

၂၉၊ မေ၊ ၂၀၀၇
နေ့လည် ၁ နာရီ ၃၀

Read More...

Monday, May 28, 2007

ရေစက် ...

၂၈၊ မေ၊ ၁၉၉၅
လွန်ခဲ့တဲ့ ၁၂ နှစ် ဒီလိုနေ့မှာ ဘွားဘွား (အဖေ့မိခင်) ကွယ်လွန်သွားခဲ့ပါတယ်။
၁၂ နှစ်ဆိုတာလည်း တကယ်တော့ မကြာလိုက်သလိုပါပဲ။ တခါတလေကျ … ဘွားဘွား ရှိနေသေးသလို … ထင်မိသေးတယ်။ ဘွားဘွားအကြာကြီး နေသွားခဲ့တဲ့ မေမြို့က ငွေစန္ဒာ အိမ်ကြီးကို လိပ်မူပြီး ငယ်ငယ်တုန်းကလို စာပို့ချင်သေးတယ်။ ဘွားဘွားရဲ့ မညီမညာ လက်ရေးလေးတွေနဲ့ စာလေးတွေကို ဖတ်ချင်ပါသေးတယ်။
ခုဆို … ဘွားဘွား ဘယ်များ ရောက်နေမှာပါလိမ့်။

ဘဘ (အဘိုး) က ၂၃၊ မေ၊ ၁၉၈၃ မှာ ကွယ်လွန်ခဲ့တာ … ဆိုတော့ ဘွားဘွားနဲ့ နှစ်အားဖြင့် ၁၂ နှစ် ကွာပေမယ့် ရက်အားဖြင့် ၅ ရက်ပဲ ကွာတယ်။ ဒါကြောင့် နှစ်ပတ်လည် ဆွမ်းကျွေးရင် ဘဘနဲ့ ဘွားဘွား ကို တရက်ထဲ တူတူ လုပ်လေ့ရှိတယ်။ ဒီကနေ့ အဘိုးအဘွား ကွယ်လွန်ခြင်း နှစ်ပတ်လည်အဖြစ် ခြောက်ထပ်ကြီးမှာ သံဃာတော်တွေကို ဆွမ်းကျွေးခဲ့တယ်။ ကျေးဇူးရှင် ဘိုးဘွားတွေကို မမေ့ကောင်းဘူး မဟုတ်လား။
အဲဒီအဘိုးနဲ့ အဘွားကတော့ အဖေ့ဘက်ကပေါ့။

အမေ့ဘက်က အဘိုးနဲ့အဘွားလည်း ဒီလိုပါပဲ။ နှစ်တွေသာ ကွာခြားပေမဲ့ အဘွားက ဇူလိုင် ၁၉၊ အဘိုးက ဇူလိုင် ၁၇ .. ရက်အားဖြင့် ၂ ရက်ပဲ ကွာခဲ့တယ်။ သူတို့ နှစ်လည်ဆိုလည်း အဲဒီ ၂ ရက်ထဲက တရက်ရက်မှာ အတူတူ လုပ်ခဲ့ကြတာပဲ။

ဒါကြောင့် စဉ်းစားမိတယ်။ ရှေးရှေးက ရေစက်ပါလို့ ဒီဘ၀မှာ လာရောက်ဆုံဆည်းကြတဲ့ ဖူးစာဘက်တွေဟာ … ဒီလိုပဲလား… လို့။ သေတာတောင် ရက်ချင်း နီးနီးကပ်ကပ် သေကြရတယ်။
နောက်ဘ၀တွေမှာလည်း သူတို့ ရေစက် ဆုံကြလေဦးမလား … သိချင်စမ်းပါဘိ။
***
ဒီနေ့ စာရှည်ရှည်ရေးချင်ပေမယ့် … စိတ်ထဲ မကောင်းလို့ ဒီလောက်ပဲ ရေးလိုက်နိုင်တာကို ခွင့်လွှတ်ကြပါတော့။
***
မေဓာဝီ
၂၈၊ မေ၊ ၂၀၀၇
နေ့လယ် ၂ နာရီ ၁၅

Read More...

Sunday, May 27, 2007

ပေးစာ နဲ့ ပြန်စာ

ပေးစာ …
***
… … …. …. … … … …
မနက်က အွန်လိုင်းက သတင်းတွေ ဖတ်နေရင်း … စိတ်နောက်ကျိလာလို့ ပြတင်းပေါက်ကိုသွားရပ်နေမိတော့ ပလပ်စတစ်ကောက်တဲ့ သားအမိနှစ်ယောက်ကို တွေ့ရတယ်၊ ကုလားလူမျိုးတွေ၊ မြန်မာပြည်သားတွေပါပဲ။ သူတို့က ပလင်းခွန်၊ ပစ္စည်းဟောင်း တွေ့တာ အားလုံးကောက်တယ်။ သမီးလေးက ၅-နှစ်လောက်၊ အမေက ၃၅-လောက်၊ သူတို့မှာ သုံးဘီးတပ် လက်တွန်းလှည်း အသေးလေးတစ်ခုနဲ့၊ လက်တွန်းလှည်းလေးပေါ်မှာ ထီးတစ်ချောင်း ဖွင့်တင်ထားတယ်။ ကျနော်တို့ အိမ်ဘေးအိမ်က ရဟန်းခံအလှူ လုပ်တယ်။ အလှူ အပြီးဆိုတော့ ပက်စီပလင်း၊ ဘီယာပလင်း၊ အရက်ပလင်းခွံတွေ အိမ်ရှေ့မှာ ပြန့်ကျဲနေတယ်။ သူတို့က အလှူမဏ္ဍပ်ထဲမှာကို နေ့ခင်းကြောင်တောင် အရက်နဲ့ ဧည့်ခံကြတာ။ ကျနော်တို့ဆီနဲ့ ဓလေ့မတူဖူး။

ပလတ်စတစ်ကောက်တဲ့ သားအမိ အိမ်ရှေ့ကို ရောက်လာတော့ ၀မ်းသာအားရ ပလင်းခွံတွေကို လိုက်ကောက်တယ်။ ခြံထဲအထိ လိုက်ကောက်တယ်။ အဲဒီအချိန်မှာ မိုးရွာချလိုက်တော့ ကလေးထငိုတယ်။ လက်တွန်းလှည်းလေးထဲမှာ ကလေးလေး ပါလာတာကိုး။ အမေလုပ်တဲ့သူက ထီးကို ဟိုရွှေ့ ဒီရွှေ့လုပ်ပီး ကလေးကို မိုးလွတ်အောင် လုပ်တယ်။ ကလေးက ဆက်ငိုနေတယ်၊ သူ့အမေက ကောက်ချီလိုက်ရတယ်။ အဲဒီအချိန်မှာ အကြီးမလေးက ခြံထဲမှာ ပလင်းခွံတွေ လိုက်ကောက်နေတယ်၊ ကျွတ်ကျွတ်အိတ်နဲ့ နှစ်လုံးရတော့ မနိုင်မနင်းနဲ့ သူ့အမေရှိရာကို ဆွဲသွားတယ်၊ ကောင်မလေးမှာ ဖိနပ်မပါဖူး၊ အုပ်ထုတ်လည်းမပါဖူး။ အဲဒီအချိန်မှာ အိမ်ရှင်ကောင်လေးနဲ့ မဏ္ဍပ်ဖျက်ပီး နားနေတဲ့ လူငယ်တစ်သိုက် သူတို့ဘာသာစကားနဲ့ ပလပ်စတစ်ကောက်တဲ့ သားအမိကို လှမ်းအော်ကြတယ်၊ အဓိပါယ် မသဲကွဲပေမဲ့ မလိုလားကြောင်း ထင်ရှားတယ်။

ကောင်မလေး သားအမိ ထပ်ပီး မကောက်ရဲတော့ဖူး၊ ကျီးကြည့်ကြောင်ကြည့်နဲ့ ကြည့်နေကြတယ်။ ထီးကလေးက သူတို့သားအမိကို မိုးလုံအောင် မလုပ်နိုင်ခဲ့ဖူး၊ ကျနော် အတွေးနယ်ချဲ့နေမိတယ်။ အိမ်ရောက်ရင် သူတို့သားအမိ တစ်ယောက်ယောက်ဖျားမလား၊ ဆေးကုဖို့ ပိုက်ဆံရှိရဲ့လား။ လက်မှတ်မရှိရင် ဆရာဝန်က ကုပေးမှာမဟုတ်ဖူး၊ ဒီကြားထဲမှာ အိမ်အပြန် သို့မဟုတ် ဆေးခန်းအသွား ရဲဖမ်းသွားခဲ့ရင် … ။


ကျနော့်စားပွဲကို ကျနော်ပြန်လာလိုက်တယ်၊ ကျနော့်ကွန်ပြူတာကို ကိုင်လိုက်ဖို့ မ၀ံ့မရဲ ဖြစ်နေတယ်။
ဟုတ်တယ် … ကျနော့်ကွန်ပြူတာက ဈေးကြီးကြီးပေးဝယ်ထားရတာ၊ ကျနော်တို့ နိုင်ငံသားတွေ ငတ်နေကြတယ်။

မေ - မနက်က ကျနော်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကလေးကို မေနဲ့ မျှဝေလိုက်ပါတယ်၊

ငြိမ်းချမ်းပါစေ …
-------
14th May, 2007
***
ကျမဆီ ရောက်လာတဲ့ စာတစောင်ပါ။
ဒီစာကိုဖတ်ပြီး ကျမစိတ်ထဲ ကြေကွဲ ၀မ်းနည်းသလို … ဆို့နင့်နင့် ဖြစ်နေမိတယ်။
ကျမ ဘာလုပ်ပေးနိုင်မှာလဲ။
ကျမ … ဘာလုပ်ပေးရမလဲ … ။
ကျမ ….. ဘာလုပ်ပေးတတ်သလဲ …. ။
စဉ်းစားနေမိတယ်။
တွေဝေစွာ …
တုံ့နှေးစွာ …
တွန့်ဆုတ်စွာ နဲ့ပေါ့။
***
“ကျနော်တို့ နိုင်ငံသားတွေ ငတ်နေကြတယ်” တဲ့ … ။
ဘာကြောင့်လဲ … ????

နိုင်ငံရေး ရှုထောင့်က ကြည့်မယ်ဆိုရင် တိုင်းပြည်တပြည်မှာ ပြည်သူလူထု ဒုက္ခဆင်းရဲ ရောက်ရတာဟာ တိုင်းပြည် အုပ်ချုပ်သူ အသုံးမကျလို့ပဲ မဟုတ်လား။ အထူးသဖြင့် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံက တိုင်းသူပြည်သားတွေဟာ ဆင်းရဲဒုက္ခ မရောက်သင့် အောက်တန်း နောက်တန်း မကျသင့်တာ အမှန်ပါ။

ကျမ သူငယ်ချင်းတယောက်က ပြောဖူးပါတယ်။
လူတယောက် ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားရင်း ခလုတ်တိုက်ပြီး ချော်လဲရင်လည်း … တိုင်းပြည် အုပ်ချုပ်သူတွေရဲ့ အပြစ်ပဲ … လို့ ပြောလို့ရသတဲ့။
“ဘာကြောင့်လဲ …” ကျမက ဇဝေဇ၀ါ ပြန်မေးတော့ … သူက ရှင်းပြတယ်။
“ဟုတ်တယ်လေ … သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူသွားလမ်း ပလက်ဖောင်းကို ညီညီညာညာ ပြေပြေပြစ်ပြစ် လုပ်ထားရင် အဲဒီလို ခလုတ်တိုက်ပြီး ချော်လဲမှာမှ မဟုတ်ဘဲ။ ဒါကြောင့် ….”

နိုင်ငံရေး ရှုထောင့်က မကြည့်ဘဲ ဘာသာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ …. ကိုယ်လုပ်လို့ ကိုယ်ဆင်းရဲတာ … ကိုယ်လုပ်လို့ ကိုယ်ဒုက္ခရောက်တာ လို့သာ ဆိုရမှာပါပဲ။ ကံ - ကံ၏ အကျိုး ဆိုတာ ရှိတယ်မဟုတ်လား။ ကိုယ်က အတိတ်တုန်းက မကောင်းတာတွေ ပြုမိမှားခဲ့လို့ မကောင်းကျိုးကို ခံစားရတာပဲ။ လက်ရှိ ကောင်းတာလုပ်ပါမှ ..နောင်အနာဂတ်မှာ ကောင်းကျိုးခံစားရမှာပေါ့။ ဒါဆို ဘယ်သူ့ကိုမှလည်း အပြစ်တင်စရာ မလိုတဲ့အပြင် ပိုပြီး လက်တွေ့ကျတယ် လို့ ကျမခံယူထားပါတယ်။

ဒါနဲ့ပဲ သူ့ဆီ ခုလို စာပြန်ရေး လိုက်တယ်။
***
ပြန်စာ...
***
… … …. …. …..
ပလတ်စတစ်ကောက်တဲ့ မိသားစုအကြောင်း ဖတ်ရတာ စိတ်မကောင်းစရာပဲ။ လူတွေရဲ့ ဘ၀က အမျိုးမျိုးပဲနော်။ ကံတွေက အမျိုးမျိုးရှိလို့ ဘ၀တွေလည်း အမျိုးမျိုးရှိတာ ထင်ပါရဲ့။ တယောက်နဲ့ တယောက် ကံချင်းက မတူကြဘူး မဟုတ်လား … ။
ကိုယ့်အောက် နိမ့်ပါးတဲ့သူတွေကို တွေ့ရင် သူတို့ကို ဒီလိုဘ၀မျိုးက လွတ်မြောက်အောင် ဘယ်လိုလုပ်ပေးနိုင် မလဲလို့ ကိုယ်လည်း စဉ်းစားမိပါတယ်။ လက်ရှိ ဆင်းရဲချို့တဲ့တဲ့ ဘ၀က ချက်ချင်း လွတ်မြောက်အောင် လုပ်မပေးနိုင်ရင်တောင် နောက် ဘ၀တွေ ဘ၀တွေမှာ ဒီလိုအဖြစ်မျိုး ထပ်မရောက်အောင် လုပ်ပေးနိုင်တာက ဗုဒ္ဓရဲ့ တရားတော်ပဲ ရှိတယ်လေ။ ဒါတွေ သူတို့သိအောင် လုပ်ပေးရမယ် မဟုတ်လား။ အနည်းဆုံးတော့ သီလလုံခြုံဖို့ပေါ့။


“အူမတောင့်မှ သီလစောင့်နိုင်တယ်” ဆိုတဲ့ မြန်မာစကား အမှားကြီးကိုလည်း ပြင်ချင်သေးတယ်။ တကယ်တမ်းက သီလစောင့်တဲ့သူအတွက် အူမ-တောင့်ပါတယ်။ သီလစောင့်ထိန်းသူ အတွက် ပစ္စုပ္ပန် သံသရာ နှစ်ခုလုံးမှာ အကျိုးရှိတယ်။ နိမ့်ကျတဲ့ဘ၀ ဘယ်တော့မှ မရောက်နိုင်ဘူး။ ဒါပေမဲ့လည်း ဒါတွေကို သူတို့သိအောင် ဘယ်လိုပြောရမလဲ … ။
… … …. …. …..
… … …. …. …..
… … …. …. …..
***
၂၇၊ မေ၊ ၂၀၀၇
၀၀း၀၅ နာရီ

(ပေးစာကို စာထဲမှာပါတဲ့ စာလုံးပေါင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါတယ်)

Read More...

Saturday, May 26, 2007

ခေါင်းစဉ် မရှိတဲ့ ကဗျာ

…. …. ……
***
မျှော်လင့်ချက် …
ပျက်ပြီလား ?????

ကြားရတဲ့သတင်း
နားသာပင်းလိုက်ချင်ပါရဲ့ …
တကယ့်ကို ဆိုးဝါး
ရိုးသားသူကိုမှ အပြစ်ပေး
ညစ်ထေးသူတွေက အနိုင်ယူ
မပြိုင်သူကို ဖိနင်း …
ဒင်း တို့တတွေ …
…. ….. …...

အားလုံးရဲ့ ရင်ထဲ
ကြေကွဲနေကြပြီ
ဖြေဆည်လို့မရ
ဒေါသတွေထွက်လိုထွက်
တက်ခေါက်လိုခေါက်
“ … …. …. ”

နောက်ဆုံးမှာတော့
သက်ပြင်းကိုအသာချ
ဘ၀ဆိုတာ ဒီလိုပဲလား …
ပြုသူများက အသစ် …
ဖြစ်သူများက အဟောင်းတဲ့ …
မကောင်းခြင်းတွေ ကင်းစေဖို့
ငါတို့ ဆုတောင်းကြပါစို့လား …

အားလုံး ရင်ထဲကဆုတောင်း …
ကောင်းတဲ့အမှု ပြုသူများအတွက်
တောင်းတဲ့ဆု ပြည့်ပါစေသား … ။
တောက်ပတဲ့ ကြယ်တစင်း
ထာဝစဉ် လင်းလက်စေသား … ။
အေးမြတဲ့ လတမင်း
ကမ္ဘာကို ထွန်းလင်းစေသား … ။
ငြိမ်းချမ်းရေး နတ်သမီး
အပူမီးများ ဝေးစေသား … ။
.… .… …. …. ….
.… .… …. …. ….
.… .… …. …. ….
***
စိတ်ထဲမှာ ခံစားမှုတွေ ရောထွေးနေလို့ ညက စာလည်း မရေးနိုင်ခဲ့ဘူး၊
မနက်မိုးလင်းမှ ဒီ ခပ်ချာချာ ကဗျာလေးတပုဒ်ကိုပဲ ရင်နာနာနဲ့ ရေးဖွဲ့လိုက်ပါတယ်။
ခေါင်းစဉ်လည်း မတပ်ချင် … အဆုံးလည်း မသတ်ချင် …
.… .… …. …. ….
.… .… …. …. ….
.… .… …. …. ….

၂၆၊ မေ၊ ၂၀၀၇
နံနက် ၉ နာရီ ၂၅

Read More...

Friday, May 25, 2007

ညွှတ်မိသည့် ဒေါင်း ...

ဒီကဗျာကို ရေးဖြစ်ရခြင်း အကြောင်းကို ပလ္လင်ခံပါရစေဦး။
ကိုပုထုဇဉ်က “နှစ်ဆယ့်တစ်ရာစု ဒေါင်းဋီကာ” ဆိုပြီး ဒေါင်းတက်ကနီကာလာ တွေနဲ့ ရေးဖွဲ့ခဲ့ပါတယ်။
ကိုပုထု ပြီးတဲ့နောက် ကိုနတ္ထိရဲ့ အမည်ပေးကင်ပွန်းတပ် ကောင်းမှုကြောင့် ပန်ဒိုရာက “ဒန်းစီးတဲ့ဒေါင်း” (၂၁-ရာစု ဒေါင်းအနုဋီကာ) ကို ဆက်ပြီးရေးတယ်။
ပန်ဒိုရာဒေါင်းပြီးတဲ့နောက်မှာ ကိုနတ္ထိက “ဒေါင်းမဓုဋီကာ” ဆိုပြီး ဒန်းစီးရင်း down တဲ့ ဒေါင်းတွေ အကြောင်း ထပ်ရေးပြန်တယ်။

သူတို့ရေးပြီးနောက်ပိုင်း ဘယ်သူတွေ ရေးသေးလဲတော့ လောလောဆယ် မသိပါဘူး။ ဒါပေမဲ့ … ကျမလည်းပဲ ဒေါင်းကဗျာတပုဒ် ရေးချင်စိတ် ပေါက်လာတယ်။ ခက်တာက … ကျမ ရေးချင်တဲ့ ဒေါင်းဟာ … သူတို့လို ဒေါင်းမျိုးတော့ မဟုတ်ပါဘူး။ (သူတို့လို ဒေါင်းတွေအကြောင်း မရေးတတ်တာလဲ ပါပါတယ်။) ဒါနဲ့ပဲ ကျမစိတ်ထဲ အမြဲရှိနေတဲ့ ဒေါင်းအကြောင်း ရေးဖြစ်သွားတယ်။ ဒေါင်း strategy က သွေဖည်တယ်ပဲဆိုဆို ကျမရဲ့ ဒေါင်းက ၂၁-ရာစု ဒေါင်းတော့ မဟုတ်ပါဘူး။
နိပါတ်တော်ထဲက ဒေါင်း … ။

အဲဒီဒေါင်းကတော့ ….
ဟိုးရှေးရှေးက ဟိမ၀န္တာတောထဲမှာ ကျင်လည်ကျက်စားခဲ့တဲ့ ဥဒေါင်းမင်းပါ။
အားလုံးသိပြီး ဖြစ်တဲ့အတိုင်း မောရသုတ်မှာပါတဲ့ ဘုရားလောင်း ဥဒေါင်းမင်းပါပဲ။ နေ့စဉ်မပြတ် ရွတ်ဖတ်နေတဲ့ ဂါထာတန်ခိုးနဲ့ နှစ်ပေါင်းများစွာ အန္တရာယ်ကင်းခဲ့ပေမယ့် နံနက်ခင်းတခုမှာ ဒေါင်းပျိုမရဲ့ မြှူဆွယ် ဖြားယောင်းမှုကြောင့် ဂါထာမရွတ်မိလို့ ညွတ်ကွင်းကို သက်ဆင်းခဲ့ရတဲ့ ဘုရားလောင်း ဥဒေါင်းမင်း အကြောင်း တွေးမိရာက … ဒီကဗျာလေးတပုဒ် ရေးဖွဲ့မိပါတော့တယ်။
***
“ညွှတ်မိသည့် …ဒေါင်း”

တောမြိုင်ယံ ဟေမ၀ါတွင်း
ဥဒေါင်းမင်း နေကိုမြင်
ဘုရားရှင် သူရှိခိုး၊
*ဥဒေတယံနဲ့
အန္တရာယ် ရန်စွယ်ကင်း
ရွတ်ခြင်းအကျိုး။

ဘယ်မုဆိုး အထွေထွေ
ဒေါင်းကိုလေ ဖမ်းပါဘိ
မမိနိုင်ပေ၊
မင်းဆက်တွေ ဘယ်လိုပြောင်းသော်လဲ
ဥဒေါင်းပျို ဂါထာရွတ်
ညွှတ်ကွင်းကလွဲ။

သို့ပေသည့် မုဆိုးလျင်
ဒေါင်းမပျို သူသင်ကြား
မြှူမျှားဖို့ပင်၊
နံနက်တွင် ငှက်ဘုရင်အပါး
ဥဒေါင်းပျို မေအလှရယ်က
တွန်ကပါလား။

ဒေါင်းပျိုမေ့ တွန်သံချို
ဥဒေါင်းဖို နားကိုခတ်
မှင်တက်သလို၊
ဆိုနေကျ ဂါထာကို
ဥဒေါင်းဖို မရွတ်အား
ဒေါင်းမပျို ရူပါကျောမှာ
မျောပါလို့သွား … ။

သည်အခိုက် မုဆိုးလျှင်
ဥဒေါင်းဖို လာမည့်လမ်းမှာ
ညွှတ်ကွင်းကိုဆင်၊
ညွှတ်ကိုပင် မမြင်ဘိလေတောင်း
ကာမဂုဏ် အာရုံငြိလေတော့
ညွတ်မိသည့် ဒေါင်း။ … ။

***
တကယ်တမ်းတော့ ကဗျာက မပြည့်စုံ သေးပါဘူး။ ဒီနိပါတ်တော်က အားလုံးလိုလို သိပြီးဖြစ်တာမို့ ဇာတ်ကြောင်းအကုန်ခင်းရင် ရှည်လျား ထွေပြားနေမှာစိုးတာနဲ့ ဒီလောက်ပဲ ရေးလိုက်တာပါ။

အလောင်းတော်မြတ် ကိုယ်တိုင်တောင်မှ မ-အာရုံနဲ့တွေ့ရင် ခုလိုကြုံရသေးတာမို့
ပညာရှိ မဟာပုရိသများ သတိထားကြပါလို့ပဲ … ။
***
မေတ္တာဖြင့် …

မေဓာဝီ
၂၄၊ မေ၊ ၂၀၀၇
ညနေ ၆ နာရီ ၃၀ မိနစ်

*(မောရသုတ်မှ)

Read More...

Thursday, May 24, 2007

ကျမနှင့် မျက်မှန်


ကျမ မျက်စိတွေ ဘယ်အချိန်ကတည်းက စပြီး မှုန်နေခဲ့တယ်ဆိုတာ မမှတ်မိတော့ပါဘူး။
မျက်မှန်စတပ်ရတာကတော့ မှတ်မှတ်ရရ ၁၉၉၉ ခုနှစ်ဆီကပါ။
ဒီ့အရင်ကတည်းက ကျမ မျက်စိတွေ ကြည့်လို့ သိပ်မကောင်းခဲ့ပေမယ့် အမှတ်တမဲ့သာ နေနေမိတယ်။
လသာနေတဲ့ည မိုးပေါ်ကိုမော့ကြည့်ရင် လမင်းက နှစ်ထပ်ဖြစ်နေတယ်။ နံရံမှာချိတ်ဆွဲထားတဲ့ ပြက္ခဒိန်ကို ခပ်လှမ်းလှမ်းက ကြည့်ရင် စာလုံးတွေက နှစ်ထပ်နှစ်ထပ်။ မျက်လုံး တလုံးချင်းမှိတ်ပြီး ကြည့်တဲ့အခါ ဘယ်ဘက်မျက်လုံးက အဆင်ပြေပြီး ညာဘက်မျက်လုံးက မှုန်တုန်တုန်။

အဲဒါကို အထက်တန်းကျောင်းသူ ဘ၀လောက်ကတည်းက သိပေမယ့် လူတိုင်းရဲ့ မျက်စိက ဒီလိုပဲလို့သာ ထင်ခဲ့မိတယ်။ အဲဒီလောက်ထိ နုံတဲ့ ကျမပေါ့။ ဒီလိုနဲ့နေလာလိုက်ရင်း ကွန်ပျူတာစသုံးဖြစ်တဲ့ ၁၉၉၆ ခုနှစ် နောက်ပိုင်းကစပြီး ဇက်ကြောတွေ တက်တယ်။ ခေါင်းတွေကိုက်တယ်။ အဲဒီလို ဇက်ကြောတက် ခေါင်းကိုက်တာဟာ မျက်စိနဲ့ ပတ်သက်တယ်ဆိုတဲ့ ဗဟုသုတ မရှိတာကြောင့် ဒီတိုင်း ဆေးလိမ်းပြီး နေခဲ့လိုက်တာ ၁၉၉၉ ခုနှစ်ထိအောင်ပါပဲ။

အဲဒီနှစ်ပိုင်းရောက်မှ မထင်မှတ်ဘဲ ကြုံကြိုက်တာနဲ့ အမေရိကန်ဗီးရှင်းမှာ မျက်စိစမ်းသပ်မိပါတယ်။ စမ်းသပ်ထိုင်ခုံပေါ်ထိုင်၊ ဆရာဝန်တပ်ပေးတဲ့ စမ်းသပ်မျက်မှန်ကြီးကိုတပ်၊ ဟိုးခပ်လှမ်းလှမ်းမှာ ရေးထားတဲ့ “ဂ ပ ၁ င ၀” စတဲ့ စာလုံးတွေကို ဖတ်ဖတ်ပြရတယ်။
“ကဲ … ဖတ်ကြည့်ပါအုံး ...အောက်ဆုံး စာတန်းက ဘာလဲ”
“ … … … … …”

ကျမ မျက်စိရှေ့က စမ်းသပ်မျက်မှန်ရဲ့ မှန်ထည့်တဲ့ နေရာလေးထဲ ပါဝါမှန်ချပ်လေးတွေ တခုပြီးတခု ထည့်ရင်း ဆရာဝန်က မေးပါတယ်။
“ဒါနဲ့ အဆင်ပြေလား”
“ဟုတ် ...ပြေပါတယ်”
“ဒါဆိုရင်ရော … ခုနက တခုနဲ့ ဘယ်လိုနေလဲ … ပိုမြင်သလား”
“ခုနက ပိုမြင်တယ် ….ဟင် မဟုတ်ဘူး .. ဒါလည်း မြင်တာပါပဲ … ဒါကပိုမြင်တာ ထင်တယ်”
“သေချာကြည့်နော် … ဒီတခု ဆိုရင်ရော … ပိုပြတ်သားသလား”
“ဒီတခုနဲ့ ဟိုတခု … တူတူလောက်လို့ ထင်တာပဲ”

မေးသမျှ မေးခွန်းတွေကို ကျမသေချာ မဆုံးဖြတ်နိုင်ဘူး။ ဇဝေဇ၀ါသာ အဖြေပေးနေရပါတယ်။
မှန်ချပ်လေးတွေ ပြောင်းထည့်တယ် ဆိုတာတော့ သိတယ်၊ အမြင်အာရုံ ဘယ်လိုကွဲပြားတယ်ဆိုတာ ကျမ တကယ်ကို မပြောတတ်ခဲ့ဘူး။ ခပ်ကြာကြာမေးနေရတော့ ဆရာဝန်လည်း စိတ်သိပ်ရှည်ပုံ မပေါ်တော့ပါဘူး။ ကိုယ့်နောက်မှာကလည်း ပြဖို့ စောင့်နေသူတွေက တပုံကြီး။ တကယ်တော့လည်း စက်နဲ့ စမ်းသပ်ပြီးသားပါ။ အတိအကျ ဖြစ်အောင် အတိမ်းအစောင်း မရှိအောင် ပြန်စစ်နေတာ ထင်တာပါပဲ။

မျက်စိဆရာဝန် ရှေ့မှာ မေးမြန်းသမျှတွေကို အူကြောင်ကြောင် ဖြေရင်း ဟိုးငယ်ငယ် ၈-တန်း ကျောင်းသူဘ၀က ကြုံခဲ့ဖူးတာကို သွားပြီးအမှတ်ရမိတယ်။
***
အဲဒီတုန်းက ကျမ မျက်နှာသစ်ရင်ဖြစ်ဖြစ် ရေချိုးရင်ဖြစ်ဖြစ် ဆံပင်ညှပ်ဆိုင်တွေမှာ ခေါင်းလျှော်ရင် လုပ်ပေးသလို နားထဲကို ရေထည့်ထည့်ပြီး ဆေးလေ့ရှိတယ်။ မလုပ်တတ်တော့ နားထဲမှာ ရေကကျန်နေရော။ အဲဒါကို ဂွမ်းကလေးနဲ့ ကြပ်လိုက်၊ ထိုးလိုက် ဆွလိုက် လုပ်တော့ နားက နာပါလေရော။ နားကိုက်တယ် နားကိုက်တယ်ဆိုပြီး ဂျီကျနေတာနဲ့ ရွှေဘုံသာလမ်းက နားအထူးကု ဆရာဝန်ကြီးဆီ အမေက ခေါ်သွားပါတော့တယ်။ ဆရာဝန်က ကျမ နားအတွင်းထဲကို မီးနဲ့ ထိုးကြည့် ပြီးတော့ tuning fork .လေးကို ဒေါင်ခနဲ မြည်အောင် ရိုက်ပြီး ကျမ နားနားကပ်ပေးကာ နားထောင်ခိုင်းတယ်။

စစချင်း နားရွက်ရှေ့မှာ။
နောက်တခါ နားရွက်ရဲ့ အနောက် နားအုံဘက်မှာ။

“ကြားလား … သမီး”
“ဟုတ်ကဲ့”
“ရှေ့က နားထောင်ရတာနဲ့ နောက်က နားထောင်ရတာ … ဘယ်ဟာက ပိုကြားလဲ”
အဲ … အဲဒါမှ ဒုက္ခ၊ ကျမက မဝေခွဲတတ်ဖူး။ ကြားတာတော့ ၂-ခုလုံး ကြားနေတာပဲ။ ဒါပေမဲ့ …. ဉာဏ်ကူမှပဲ … ဆိုပြီး ခပ်ထူထူ ဦးနှောက်နဲ့ အတုံးလိုက် အတစ်လိုက် အပြေးအလွှား စဉ်းစားပါတော့တယ်။

သာမန်ဆိုရင် ရှေ့ကတော့ လူတိုင်းကြားမှာပဲ။ ငါက နောက်ကကြားတယ်လို့ ပြောလိုက်ရင် ငါ့ရဲ့ အကြားအာရုံတွေက ပိုပြီးအစွမ်းထက်တယ်လို့ ဆရာဝန် ထင်သွားနိုင်တယ် … ဟုတ်ပြီ ….။

အဲဒီလို ရွှေဉာဏ်တော် စူးရောက်ပြီးသကာလ ခုလို အဖြေပေးလိုက်ပါတယ်။
“နောက်က ကြားတယ်ဆရာ”
နောက်က ပိုကြားတယ်လို့ ပိုတလုံးလည်း မထည့်လိုက်မိဘူး။ ကျမရဲ့ အဖြေကို ရသွားတဲ့ဆရာဝန်ဟာ စိတ်မချမ်းမြေ့တဲ့ မျက်နှာနဲ့ အမေတို့ကို တီးတိုးပြောနေပါတယ်။ သောက်ဆေးတွေ ထည့်ဖို့ဆေးတွေ တပုံတပင် ၀ယ်ရပါသေးတယ်။

အိမ်ရောက်တော့မှ အမေ့ကို ဆရာဝန်ဘာပြောတာလဲ လို့မေးတော့ …
ကျမ နားတွေက တော်တော်ကို အခြေအနေဆိုးနေပြီ … တဲ့။ ခွဲစိတ်ကုသရင်တောင် ပြန်ကောင်းချင်မှ ကောင်းနိုင်မယ် ဆိုပဲ။ အမေကလည်း ကျမအတွက် တော်တော်လေး စိတ်မကောင်းဖြစ်နေရှာပါတယ်။ မွေးထားတုန်းက အကောင်းလေး။ ခုတော့ အပင်းလေးဖြစ်ရတော့မယ်ပေါ့။ အဲဒါနဲ့ပဲ ကျမက ကျမရဲ့ လျှို့ဝှက်ချက်ကို ပျာပျာသလဲ ပြန်ရှင်းပြရတယ်။
ဒီလိုပါအမေ … တကယ်တော့ …. ။
အမေတို့မှာ ကျမကို စိတ်ဆိုးရအခက် ရယ်ရအခက် … ။
ဘာမှမဖြစ်တာဘဲ တော်သေးဆိုပြီး ကျမကို ဆူလည်း မဆူကြပါဘူး။
ဒီလိုနဲ့နေလာလိုက်တာ ခုချိန်ထိအောင်တော့ နားက မပင်းသေးပါဘူး။ အေးဆေးပဲ။ အကုန်ကြားနေရတုန်း။
***
အဲ … အဲဒါက ရှစ်တန်းကျောင်းသူ အူကြောင်ကြောင်ဘ၀ နားဆရာဝန်နဲ့ ကြုံခဲ့ရတာပါ။
မျက်စိဆရာဝန်နဲ့ ပထမဆုံး အကြိမ် ကြုံရချိန်မှာတော့ တက္ကသိုလ်က ဘွဲ့ရပြီးနေပါပြီ။ ဒါပေမဲ့လည်း ထူတူတူနဲ့ အူကြောင်ကြောင် နိုင်နေတုန်းပါပဲ။
နောက်ဆုံး စမ်းသပ်စစ်ဆေးချက်အရ ညာဘက်မျက်လုံးမှာ ဆလင်ဒါတုံးကြီး ရှိနေပါသတဲ့။ ပါဝါလည်း နည်းနည်း ရှိတယ်။ မျက်မှန်တပ်ရမယ်။ ဘယ်တော့မှ မချွတ်နဲ့။ ရေချိုး ချိန်နဲ့ အိပ်ချိန်ကလွဲလို့ အမြဲတပ်ပါ။
ဒါနဲ့ပဲ မျက်မှန်တလက် ရွေးချယ်ပြီး တပ်ခဲ့ရပါတော့တယ်။
***
ဒီ့နောက်မှာတော့ မျက်မှန်ကြီးနဲ့ ကိုယ့်ကိုယ်ကို ကြည့်မရ၊ လျှောလျှောကျနေတဲ့ မျက်မှန်ကို ပြန်ပင့်ပင့်တင်ရတာ အလုပ်တခု၊ ဒါနဲ့ပဲ စာကြည့်ချိန်၊ တီဗီကြည့်ချိန်၊ ကွန်ပျူတာကြည့်ချိန်က လွဲပြီး ကျန်တဲ့အချိန်မှာ မျက်မှန် မတပ်တော့ဘူး။ မျက်မှန်သာ သိပ်မတပ်တာ၊ မျက်မှန်က တလက်ပြီး တလက် ကုန်နေတာပါပဲ။
ဝယ်ပြီးခါစ အသစ်စက်စက် ကလေးကို အင်္ကျီရင်ဘတ်မှာ ချိတ်ထားပြီး ဟိုဟာ ဒီဟာ ကုန်းကောက်မိတော့ အောက်ကိုပြုတ်ကျ .. ကွဲအက်။ တခါတလေ မျက်မှန်ကို ကုလားထိုင်ပေါ် တင်ထားမိတာ မသိဘဲ တက်ထိုင်လိုထိုင်မိ။ မျက်နှာနဲ့ မတော်လို့ ကိုင်းကို adjust လုပ်ရင်း ကိုင်းကျိုး။ အဲဒီလိုနဲ့ မျက်မှန်တွေ တလက်ပြီး တလက်ပြောင်းခဲ့ရပါတယ်။

ကျွဲကော်ကိုင်း ခေတ်စားတော့ ကျွဲကော်ကိုင်းမျက်မှန်ကြီး ခပ်တည်တည် တပ်လို့။ သူများ frameless ဆိုတော့ ကိုယ်လည်းပဲ ခေတ်နောက်မကျရလေအောင် လိုက်ပြီး less ရသေးသပေါ့။ တလက်ပြီး တလက်ပြောင်းပြီး ခုနောက်ဆုံး ကျမမျက်မှန်ကလေးကတော့ ဒဏ်ရာ ဒဏ်ချက်ပေါင်း များစွာနဲ့ ဖွတ်ဖွတ်ညက်ညက် ကြေမတတ် ဖြစ်နေပါပြီ။ အသစ်သွားလုပ်ရမှာ ပျင်းတာနဲ့ အဲဒါလေးကိုပဲ ပေတေပြီး တပ်နေမိတယ်။ တခြားအချိန်တော့မတပ်ပါဘူး။ ကွန်ပျူတာရှေ့ထိုင်မှ တပ်ဖြစ်တာပါ။

မျက်မှန်ခပ်စုတ်စုတ်နဲ့ ကွန်ပျူတာရှေ့မှာ တချိန်လုံး မှုန်ကုပ်ကုပ် ထိုင်နေတဲ့ ကျမကို အမြင်မတော်တဲ့အမေက သူမျက်စိဆရာဝန်သွားပြရင်း ကျမကိုပါ အတင်းစစ်ဆေးခိုင်းပါတယ်။
“အရင်က မျက်မှန်တပ်လား”
“တခါတလေ တပ်တယ်”
“အရင်တုန်းက ပါဝါဘယ်လောက်ရှိလဲ”
“ဟင့်အင်း … မသိဘူး”
“အရင်တပ်တဲ့ မျက်မှန်ပါလာလား”
“ကျိုးနေလို့ ယူမလာခဲ့ဘူး”

အဲဒီလိုနဲ့ ဆရာဝန်ရှေ့မှောက် တဖန်ရောက်ခဲ့ရပြန်ပေါ့။ ထုံးစံအတိုင်း .. ဆရာဝန်မကြီးက … ဘုတ်ပြားပေါ်က ဟိုလှည့်ဒီလှည့် အပေါ်ဖွင့် အောက်ဖွင့် ဆင်တူရိုးမှား မြန်မာစာလုံးတွေ ဖတ်ခိုင်းပြီး
“အခုတပ်တဲ့ဟာနဲ့ ခုနကဟာ ဘယ်ဟာက ပိုကြည်လင်သလဲ …” အစချီပြီး မေးခွန်းတွေထုတ်တော့တာပါပဲ။

ကျမကလည်း အဲဒီမေးခွန်းတွေကို အလွန်စိတ်ညစ်ပါတယ်။ ငယ်ငယ်ကတည်းက မဖြေတတ်တဲ့ ဒီမေးခွန်းတွေဟာ ခုထိအောင်လည်း မဖြေတတ်သေးပါဘူး။ ဘယ်ဟာပိုမြင်လဲ ဆိုရင် နောက်ဆုံးပြတာ ပိုမြင်တယ်ချည်းပဲ ဖြေနေလို့ ဆရာဝန်မကြီးက သူ့ဟာသူ ဆုံးဖြတ်ပေးလိုက်ပါတော့တယ်။

“တဖက်နဲ့တဖက် သိပ်ပြီးကွာတာ မကောင်းဘူး။ ထိန်းပြီး ကြည့်လို့ရတာပဲ။ ဒါလောက်ဆို ရပါပြီ …” တဲ့။ ဒီလိုနဲ့ ဆရာဝန်မကြီး ဆုံးဖြတ်ပေးတဲ့ ပါဝါနဲ့ပဲ မျက်မှန်တလက် လုပ်လိုက်တယ်။ ဟိုကိုင်း ဒီကိုင်း ရွေးရင်း နောက်ဆုံးမှာ …ချွေးလည်း မစား၊ ပေါ့လည်း ပေါ့ပါး၊ အကြမ်းလည်း အတန်အသင့်ခံနိုင်တဲ့ ကိုင်းမျိုးနဲ့၊ ကွန်ပျူတာကြည့်ရင် အဆင်ပြေစေမယ့် မှန်မျိုးရွေးချယ်ပြီး မှာခဲ့လိုက်တယ်။
***
ဒီကနေ့တော့ မျက်မှန်ကလေးရပြီမို့ အမေရိကန်ဗီးရှင်းမှာ သွားရွေးရပါတယ်။
သွားတုန်းကတော့ ဘာမျက်မှန်မှ တပ်မသွားပါဘူး။ မျက်မှန်အသစ်ကလေး ရပြီဆိုမှဖြင့် … ဆရာဝန်မကြီးပြောသလို ရေချိုးချိန်နဲ့ အိပ်ချိန်သာ ချွတ်ရမယ်ဆိုတဲ့ စကားကို ကြားယောင်ပြီး ကိုယ့်မျက်နှာနဲ့ နေသားကျအောင် ကိုင်းကိုချိန်ဆပြီးတဲ့နောက် တခါတည်း တပ်လာခဲ့လိုက်ပါတော့တယ်။

“အမလေး ဗုဒ္ဓေါ”

အခန်းထဲကအထွက် … အမြင်အာရုံတွေ တအား လင်းလက်နေသလိုမို့ ရုတ်တရက် လန့်သွားတာပါ။
အောက်ငုံ့ကြည့်လိုက်တယ်။ ကြွေပြားခင်းထားတဲ့ ကြမ်းပြင်က ကိုယ်နဲ့ ပိုနီးနေသလို။
ခြေတလှမ်းချင်း အလှမ်းမှာ … ကိုယ့်အမြင်နဲ့ ကိုယ့်ခြေလှမ်းက သဟဇာတမဖြစ်။ ယိုင်တိုင်တိုင်နဲ့။ ဘေးနားက မှန်ရှိုးကေ့စ် တွေကို ကိုင်ကာ ကိုင်ကာ ခပ်ဖြည်းဖြည်း သွားနေရတယ်။ အပေါက်ဝ ရောက်ပြီ။
အဲ …လှေခါးထစ်။ မြင်ရတဲ့ နေရာမှာ ရှိပါ့မလား။ ခြေလှမ်းကို စမ်းတ၀ါးဝါး စမ်းရင်း တထစ်ချင်း ဆင်းနေမိတယ်။ ၀ှူး … မလွယ်ပါ့လား။

အင်း … တချိန်လုံး မှုန်နေတဲ့ဘ၀မှာ ကျင့်သားရနေတော့လည်း တကယ့် ပကတိ အမှန်ကို မြင်ရပြီဆိုတဲ့အခါ အံမ၀င် ခွင်မကျမှုလေးတွေ ရှိတတ်ပေတာပဲ။ သုံးလေးရက်ဆိုရင်တော့ အသားကျသွားမှာပါ။ မသကာ တပတ်ပေါ့။ ဒီလို အံဝင် ခွင်ကျမဖြစ်တာကို ခံနိုင်ရည် မရှိဘဲ ခါတိုင်းလို မျက်မှန်ကို ပုံမှန်မတပ်ဘူးဆိုရင်တော့ ကျမမျက်စိတွေ ဒီ့ထက်ဒီ အခြေအနေ ပိုဆိုးလာလေမလား … လို့ … ကြည်လင်နေတဲ့ အမြင်အာရုံမှာ နေသားမကျသေးတဲ့ ကျမ … တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၂၄၊ မေ၊ ၂၀၀၇
၀၀း၂၅ နာရီ

Read More...

Wednesday, May 23, 2007

မွေးနေ့ ဆုတောင်း .....

မေလမှာ ကျမနဲ့ ပတ်သက်သူ တော်တော်များများရဲ့ မွေးနေ့တွေ ရှိနေပါတယ်။
မေလ ၁-ရက် .. အထက်တန်းကျောင်းတုန်းက အချစ်ဆုံး သူငယ်ချင်း မန္တလေးသူ နီလာမြင့်။ (ကွဲကွာသွားခဲ့တာ ကြာပါပြီ၊ ဘယ်များရောက်နေလဲ မသိ)
မေလ ၄-ရက် .. ကျမလေးစားပြီး ကျမကို ဆုံးမနေကျ ဆရာမ ဒေါ်မေလေးဆွေ။ (ဆရာမ မွေးနေ့တုန်းက ဖုန်းတောင် မဆက်ဖြစ်လိုက်ဘူး၊ ခွင့်လွှတ်ပါ ဆရာမ)
မေလ ၅-ရက် .. ကျမနဲ့ အဝေးတနေရာမှာ ရောက်နေပြီး ချစ်ကြောက် ရိုသေရပါသော ကျမအဒေါ်။ (နောက်ကျပြီးမှ မေးလ်နဲ့ ဆုတောင်းလိုက်ရတယ်)
မေလ ၁၀-ရက် .. ကျမနဲ့ အနီးမှာရှိနေပြီး ကြောက်လို့ အမြဲခပ်ခွါခွါနေမိတဲ့ ကျမ အစ်မကြီး။
မေလ ၁၂-ရက် .. ကျမနဲ့ အဝေးကြီးမှာ ရှိပြီး ကျမအောက် ငယ်ပေမယ့် အကိုတယောက်လို ဆရာအမြဲလုပ်တတ်တဲ့ ကျမရဲ့ မောင်လေး။
(သူတို့ ၂ ယောက်ပေါင်းရဲ့ မွေးနေ့ပွဲကို အိမ်မှာပဲ ဘုန်းကြီး ၄၅ ပါး ဆွမ်းကျွေးလိုက်ပါတယ်။ မောလိုက်တာ)

မေလ ၂၃-ရက် .. ဒီကနေ့ ကတော့ …
ကျမဘက်က အမြဲရပ်တည်ပြီး ကျမ စိတ်ညစ်ခြင်း ပျော်ရွှင်ခြင်းတွေကို မျှဝေခံစား နားလည်ပေးတဲ့ ကျမရဲ့ မိတ်ဆွေကြီး …. ကိုသံလွင် (ခေါ်) ကိုစေးထူး။

မွေးနေ့ရှင်ကို သောကတွေ ကင်းစေလိုတယ်။ အားလုံးအပေါ်မှာ တူညီမေတ္တာ ထားစေချင်တယ်။
ထစ်ခနဲဆို စိတ်တိုတတ်သူမို့ စိတ်အခန့်မသင့်မှုမျိုးနဲ့ ကြုံတဲ့အခါ သည်းခံစေချင်တယ်။
မကောင်းခြင်းတွေ ကင်းဝေးပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာတွေ ရရှိခံစားကာ လိုရာပန်းတိုင်ကို ဆက်လက် ချီတက်စေချင်ပါတယ်။

ဒါကြောင့် …
သူ့အတွက် ဆုတောင်းမေတ္တာ မှာတမ်း ကဗျာတပုဒ် ရေးဖွဲ့ပြီး ကျမ ဘလော့မှာ အမှတ်တရ တင်လိုက်ပါတယ်။
မွေးနေ့ရှင် ကျေနပ်လောက်ပါရဲ့။
***
“မွေးနေ့ ဆုတောင်း”

ချစ်ခြင်းမေတ္တာ၊ ရင်မှာပြည့်ဝ
သောကကွာကင်း၊ ဘေးရန်ရှင်းလို
ကိုယ်စိတ်နှစ်ပါး၊ ဖြောင့်ငြားပါစေ
သူငါတွေသို့၊ မေတ္တာပို့လျက်
မွေးနေ့ရက်မှာ၊ ဘာဝနာများ
နေ့ညပွားပြီး၊ သည်းခံစေလို
မှာတမ်းဆိုချင်၊ အသင်မိတ်ဆွေ …
ပျော်ပါစေသား …
ရွှင်လန်းပါစေ၊ ငြိမ်းအေးစေသား …
ပါပညစ်ထေး၊ ကင်းစင်ဝေးကာ
စေတနာကဲ၊ လုံ့လဇွဲဖြင့် ….
…. …. ….. …… …… အားခဲ ချီတက်နိုင်စေသား။

***
မေတ္တာဖြင့်

မေဓာဝီ
၂၂၊ မေ၊ ၂၀၀၇
ည ၁၁ နာရီ ၃၅

(ဒီမေလမှာပဲ မွေးနေ့တွေကျရောက်တဲ့ ကျမရဲ့ အွန်လိုင်း မောင်နှမများဖြစ်ကြသော လလေး (ခ) နွယ်မာ (၉-ရက်)၊ အောင်ဘု (၁၀-ရက်)၊ ပါစီတူး နှင့် သာလိကာ (၂၁-ရက်) တို့ကိုလည်း စိတ်ချမ်းသာစွာဖြင့် ကျန်းမာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဖြည့်စွက်ချက်။ … ။
အလွန်စာရေးကောင်းသော ဘလော့ရေးဖော်ရေးဖက် ပန်ဒိုရာ (မေလ ၂-ရက်) ကျန်ခဲ့သည့်အတွက် ဖြည့်စွက်လိုက်ပါတယ်။ ပန်ပန် တယောက် ကျန်းမာ ရွှင်လန်းစွာဖြင့် ဘလော့စာများ ဆက်လက်၍ ဖန်တီးရေးသားနိုင်ပါစေ … ။

Read More...

Tuesday, May 22, 2007

မိုးသည်းညနေ ....

အုံ့မှိုင်းနေသော ကောင်းကင်က စိတ်အလိုမကျသည့် အပျိုမ၏ မျက်နှာထားနှယ် တသုန်သုန် တမှုန်မှုန်။ ကောင်းကင်က သုန်မှုန်နေတော့လည်း ၀န်းကျင်တခွင်လုံးက ရှုလေတိုင်း ညို့ညို့ဆိုင်းဆိုင်း မှိုင်းမှိုင်းပျပျ။ ခြေခင်းလက်ခင်း မသာလှသော ဒီညနေမှာမှ အပြင်ထွက်ရန် အကြောင်းက ဖန်လာတာမို့ ဆောင်းနေကျ ထီးကလေးကို ဆွဲကာ အိမ်မှ ထွက်ခဲ့ရလေ၏။ အိမ်မှ ထွက်ခါစကတော့ မိုးက မရွာသေး။ တလှမ်းနှစ်လှမ်း လျှောက်ခါမှ မိုးစက်တွေတဖွဲဖွဲ ရွာကျလာတော့သည်။

သွားရမည့်ခရီးက သိပ်တော့ မဝေးလှ။ အိမ်မှ လမ်းလျှောက်လျှင် အလွန်ဆုံး ၁၅-မိနစ်မျှသာ။ အငှားကားလည်း စီးရန်မလိုအပ်၊ ဆိုက်ကားဖြင့်လည်း မသွားချင်သဖြင့် လမ်းပဲလျှောက်မည်ဟု စိတ်ကူးပြီး ထွက်ခဲ့သည်။ မိုးက ဖွဲရာမှ တဖြည်းဖြည်း သည်း၍လာချေပြီ။ ကားလမ်းမထက်မှာ ရေတွေတဖွေးဖွေး။ ကလေးတချို့ မိုးရေထဲ ပြေးလွှား ကစားနေကြသည်။ မိုးကာခြုံထည် ၀တ်ဆင်ထားသော ဆိုက်ကားနင်းသူတဦး သည်းထန်နေသော မိုးကိုဆန်ကာ အားစိုက်နင်းနေ၏။ ထိုဆိုက်ကားပေါ်မှ ကျောချင်းကပ် ခရီးသည် နှစ်ဦးကတော့ ထီးတချောင်းတည်းနှင့် မလုံမလဲ စိုစိုရွှဲနေကြပြီ။

လူသွား ပလက်ဖောင်းပေါ်မှာ စည်ပင်သာယာမှ တက်စိုက်ထားသော ရေတမာပင်ပျိုလေးတွေက လေအထန် မိုးအဝှေ့မှာ လှုပ်ယမ်း ခါတိမ်း ယိမ်းတနွဲ့နွဲ့။ ဒီသစ်ပင်တွေကို ရှောင်ရင်း၊ ရေအိုင် ရွှံ့ဗွက်တွေကို ကျော်လွှားရင်း ကွဲအက် ယိုယွင်းနေသော ပလက်ဖောင်းခင်း များပေါ် သတိထားလျှောက်နေရင်းက စီးထားသည့် ကတ္တီပါဖိနပ် တခုလုံး မိုးစွတ်ကာ ရွှတ်စိ ရွှတ်စိ ဖြစ်လို့နေ၏။ ဒီကြားထဲ ခြေခုံပေါ်ကို သဲမှုန်တွေက ခုန်ခုန် တက်ကြသေးသည်။ မိုးတွင်းဘက် အပြင်ထွက်တာ ကတ္တီပါ ဖိနပ်စီးတော့လည်း ဒီိလိုပဲ ဖြစ်ပေတော့မပေါ့။ ဒါကြောင့်လည်း လူကြီး သူမတွေက … “ဒီခရီး ဒီထီးနဲ့၊ ဒီအရပ် ဒီဖိနပ်နဲ့” … လို့ ပြောခဲ့သည်ပဲ ဖြစ်မည်။ ဘယ်အရာမဆို သူ့နေရာနှင့်သူ အသုံးချမှလည်း အဆင်ပြေနိုင်မည် မဟုတ်လား။

ကားတစီးက ၀ီးခနဲ ကပ်ဖြတ်သွားသဖြင့် ရေစက်တွေစင်ကုန်သည်။ လုံချည်အောက်ဖျားပိုင်းက မိုးရေထိလို့ ကပ်တပ်တပ်ဖြစ်နေသဖြင့် ခြေလှမ်းတွေက တုံ့ဆိုင်းတုံ့ဆိုင်း။ လေရိုင်း ခပ်ကြမ်းကြမ်း တိုက်လိုက်သောကြောင့် လေလာသည့်ဘက် ထီးကို ဦးတည်ကာ မြဲမြဲဆုပ်ကိုင် ထားလိုက်ရ၏။ လေပြင်းဒဏ်ကြောင့် နဂိုက မခိုင်သည့် ထီးခရိုင်တွေက ညွတ်ကယ် ညွတ်ကယ်။ လျှောက်နေရင်း မိုးရောလေပါ သည်းထန်လာပြန်တာမို့ လမ်းလျှောက်ရတာ နှေးကွေးပြီး ခရီးက သိပ်မတွင်လှ။ စက်ဘီးတစီးနှင့် အမျိုးသမီးတယောက် မိုးကာမပါ ထီးမပါဘဲ မိုးတွေထဲမှာ သွားနေတာကို မြင်ရ၏။ ဒါလည်းပဲ တမျိုးအကောင်းသား၊ လွတ်လပ်ပေါ့ပါးသည့် ထိုမိန်းမသူကိုပင် အားကျမိသေးသည်။ မျက်နှာနှင့် ဆံပင်တွေ ရေစိုရွှဲနေပေမဲ့ သူ့ကြည့်ရတာ အပူအပင် ကင်းလွန်းပေစွ။

ကြည့်နေရင်း စက်ဘီးကလွန်သွားပြန်သည်။ လမ်းတလျှောက်က ဆိုင်တန်းကလေးတွေရဲ့ အမိုးစွန်းအောက် ခရီးသွားတချို့ မိုးခိုနေကြသည်။ မိုးခိုနေသော လူတွေကိုကြည့်ရင်း ငှက်ကလေးတွေလည်း ဘယ်ရောက်နေကြပါလိမ့် … ဟု ပူပန်နေမိပြန်သေး၏။ သည်စဉ်မှာပဲ ဆောင်းထားသည့်ထီးက မိုးရေစက်တွေ တပေါက်ပေါက် ကိုယ်ပေါ်သို့ ကျလာလေသည်။ ထီးရွက်ကပါး၊ ထီးခေါင်က မလုံတော့ မိုးကြီးတဲ့ ဒဏ်ကို မခံနိုင်သဖြင့် တစက်စက် ယိုကျလာ ခြင်းပင်။ ခေါင်ကမလုံပြီဆိုမှဖြင့် … ဒီထီးက ဘယ်လိုလုပ် အသုံးကျတော့မှာလဲ။ မိုးသည်းလာလေ မိုးစက်တွေက ပိုယိုကျလာလေ။ ခေါင်တည့်တည့်က ယိုကျသည့် ဒီမိုးစက်တွေကို ဘယ်ညာယိမ်းပြီး တိမ်းရှောင်လို့လည်း မရ။ ယိုကျလာသည့် မိုးရေတွေက ဦးခေါင်းပေါ်၊ ပုခုံးပေါ်၊ လက်ပေါ်။ တစက် ပြီးတော့ တစက် …နောက် တစက်စက် ။

ဆက်လက် လျှောက်နေစဉ်မှာ ရှေ့ခပ်လှမ်းလှမ်းက အမျိုးသမီးကြီး တယောက် ထီးမပါ ဘာမပါ ခေါင်းပေါ်မှာ တစုံတခုတင်ပြီး အပြေးတပိုင်း လျှောက်နေသည်ကို မြင်ရ၏။ ဒီ့နောက်တော့ စက်သုံးဆီတွေကို တရားမ၀င် ပေါ်ပေါ်ထင်ထင် ရောင်းသည့် လမ်းဘေး ဆိုင်ကလေး တဆိုင်၏ အမိုးအောက် ၀င်ရောက် မိုးခိုသွားသည်။

“တူမကြီးရေ … အဒေါ် ထီးမပါလို့ ခဏလိုက်ခဲ့ပါရစေ”
ထိုဆိုင်ရှေ့မှ ဖြတ်ကျော်အသွားမှာ သူကပြေးထွက်လာပြီး ထီးရိပ်လာခိုလေ၏။
“ဟုတ်ကဲ့ … အဒေါ်က ဘယ်သွားမှာလဲ”
“ရှေ့နားက ကားဂိတ်တင်ပါပဲ”

ဒီလိုနဲ့ ယိုင်တိယိုင်ထိုး ကျိုးမတတ် ထီးကလေးဖြင့် နှစ်ကိုယ်စာ မလုံ့တလုံ မိုးရင်း ရှေ့ဆက်လျှောက် ခဲ့ရပြန်၏။
မိုးကသည်းသည်ထက် သည်းလာတော့ ထီးက လွင့်မတတ်၊ လန်မတတ်။ ခေါင်ကကျသည့် ရေကလည်း မဆုံးနိုင်အောင် တစက်စက်။ ပလက်ဖောင်း အပေါက်တွေကို မနည်းတိမ်းရှောင်ရင်း တယောက်ချင်း သွားမှအဆင်ပြေမည့် ဒီပလက်ဖောင်း လမ်းကျဉ်းလေးထက်မှာ နှစ်ယောက်သား ပူးတုံ ခွါတုံ သွားနေကြရသည်။ နှစ်ယောက်လုံး၏ ဆန့်ကျင်ဘက် ကိုယ်တခြမ်းစီမှာ မိုးတွေရွှဲနေမှာ အသေအချာပင်။

“မိုးမရွာလောက်ဘူးထင်ပြီး ထီးကို ထားခဲ့တာ၊ မိုးက ရုတ်တရက်ရွာတော့ ဒုက္ခကို ရောက်ရော၊ ငါ့တူမကြီးလို ဆံပင်တိုရင် အကြောင်းမဟုတ်ဘူး။ အဒေါ်က ဆံပင်ရှည်တော့ မိုးထိပြီးရင် …. ….. …..”
စသဖြင့် မိုးသည်းထဲမှာ စကားတွေ မစဲအောင် ပြောနေတော့၏။ လမ်းတဖက် ကားဂိတ်ဆီ သူသွားလိုသော နေရာ ရောက်အောင် ပို့ပေးပြီး ကားတစီးပေါ် တက်သွားသည်ထိ စောင့်ကြည့်နေမိသည်။ အပြေးအလွှား ကားပေါ်တက်သွားသူက တချက်ကလေးပင် ပြန်ငဲ့မကြည့်ခဲ့။ ထိုကားထွက်သွားမှ ကိုယ်လိုရာခရီးကို လမ်းဆက်လျှောက် ရပြန်သည်။

ခိုနားသူတို့ သဘာဝဆိုတာ ဤသို့နှင်နှင်ပင်။
နောက်တော့လည်း ဒီအရိပ်မှာ ခဏတာ ခိုဝင်ခဲ့ဖူးပါလားဆိုတာ သတိရချင်မှ ရပေဦးတော့မည်။
ကိုယ်တိုင်လည်း ဒီလိုပါပဲ။ အရိပ်ပေါင်းများစွာအောက် နားခိုခဲ့ဖူးသည်၊ ပျော်မွေ့ခဲ့ဖူးသည်၊ ပြီးတော့ လစ်လျူရှုခဲ့ဖူးသည်၊ မေ့လျော့ခဲ့ဖူးသည်။ နောက်ထပ်တဖန် ခိုနားစရာ အရိပ်များ သွားရင်းလာရင်း ထပ်မံ ကြုံတွေ့ရလိမ့်ဦးမည် မဟုတ်ပါလား။

ဒီလိုနှင့် ဖြတ်သန်းခဲ့သော လမ်းတလျှောက်မှာ နေပူထဲရောက်လိုက်၊ အရိပ်အောက်ဝင်လိုက်၊ မိုးသည်းနေ့တွေကို ကြုံတွေ့လိုက်နှင့်ပင် …. မဆုံးတမ်း တရွေ့ရွေ့ ဆက်သွားနေရဆဲ။
မည်သို့ပင်ဖြစ်စေ … လိုရာခရီး မရောက်မချင်းတော့ မလုံ့တလုံ နုံချာလှသော ဒီထီးကလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ကာပင် ဆက်လက် လျှောက်လှမ်းနေရဦးမည်သာတည့်။
***
မေဓာဝီ
၂၁၊ မေ၊ ၂၀၀၇
ည ၁၁ နာရီ ၄၆

Read More...

Monday, May 21, 2007

အဖေပြောတဲ့ ကဗျာပုံပြင် (၁)

ညက စာအသစ်ရေးမယ်ကြံတုန်း မီးကပျက်သွားတယ်။ အချိန်ကတော့ ည ၁၁ နာရီထိုးနေပါပြီ။ အိပ်မယ်ဆို အိပ်လို့ရနေတဲ့ အချိန်ပါပဲ။ ဒါနဲ့ပဲ ကွန်ပျူတာပိတ်ပြီး အိပ်ရာဝင်လိုက်တယ်။ အိပ်ရာထဲရောက်ပြီး ခဏနေတော့ မီးကပြန်လာပါလေရော။ မီးပြန်လာပေမဲ့လည်း ကွန်ပျူတာဖွင့်ပြီး စာပြန်မရေးချင်တော့ဘူး။ ဒါကြောင့် အိပ်ရာထဲမှာ အိပ်မပျော်ဘဲ လှဲနေရင်း ငယ်ငယ်တုန်းက အဖေပြောပြတဲ့ အိပ်ရာဝင် ပုံပြင်လေးတွေကို သတိရနေမိတယ်။

ငယ်ငယ်တုန်းက အဖေက ပုံပြင်လေးတွေ အမြဲပြောပြလေ့ရှိပါတယ်။ ဘုရားဟော နိပါတ်တော်တွေကို ပြန်ပြောပြတဲ့ ပုံပြင်တွေကအစ၊ နိုင်ငံတကာ ပုံပြင်တွေအလယ်၊ ရယ်စရာပုံပြင် .. လံကြုတ် ပုံပြင်တွေအဆုံး ပုံပြင်လေးတွေ ပြောပြတဲ့အခါ ကျမတို့လည်း မမုန်းတမ်း နားထောင်ခဲ့ရတယ်။
ညတိုင်ဆိုရင် … “အဖေ … ပုံပြောပြ” လို့ ဆိုးနွဲ့ဂျီကျ ခဲ့ရတာလည်း အမြဲပေါ့။
ခုတော့လည်း အဖေပြောတဲ့ ကလေး ပုံပြင်လေးတွေနဲ့ ဝေးနေတာ ကြာခဲ့ပါပြီ။ တခါတလေတော့လည်း ငယ်ငယ်တုန်းက ကလေးဘ၀လို အပူအပင်ကင်းကင်း စိတ်ရှင်းရှင်းနဲ့ အိပ်ရာထဲမှာ အဖေပြောလာမယ့် ပုံပြင်လေးတွေ နားဆင်ချင်ပါသေးတယ်။

အဖေ့ပုံပြင်လေးတွေ သတိရရင်း အိပ်ပျော်သွားရာက မနက်မိုးလင်းတော့ ကျမစာအုပ်စင်ပေါ်က အဖေ့မှတ်စု စာအုပ်ဟောင်းလေးကို လှန်လှောရှာဖွေမိတယ်။ အဲဒီထဲမှာ အဖေရေးထားတဲ့ ကဗျာပုံပြင်လေးတွေ ရှိတယ်လေ။ ပုံပြင်တွေကို ကဗျာအဖြစ်ပြန်ရေးထားတဲ့ ကဗျာ ပုံပြင်လေးတွေ ဆိုပါတော့။
အဲဒီကဗျာလေးတွေ အဖေရေးခဲ့စဉ်က ၁၉၇၅ ခု ပတ်ဝန်းကျင်လောက် ဖြစ်ပါလိမ့်မယ်။ အဖေက သမီးတွေနဲ့ တကွ ကလေးတိုင်းအတွက် ရည်ရွယ်ပြီး ရေးခဲ့တာတဲ့။ ဖတ်ကြည့်ကြပါအုံး။
***
“လူမိုက် …ကျေးဇူးမသိဘူး”

တခါတုန်းက တောထဲမှာ၊
ဝံပုလွေကြီး ရှိလေတာ။
အစာစားရင် ငမ်းငမ်းတက်၊
သူ့လည်ချောင်းမှာ အရိုးမျက်။

အရိုးမျက်တဲ့ ၀ံပုလွေ၊
ကယ်ပါယူပါ အော်လို့နေ။
နုတ်ချွေကယ်သူ ဖြစ်လျှင်ပ၊
ဆုချီးမြှင့်မည် သူနှုတ်ဟ။

ခဏအကြာ သူရှိရာ၊
ငှက်ကြီးဝံပို ရောက်လို့လာ။
နှုတ်ကိုဟကာ ခေါင်းကိုသွင်း၊
မျက်တဲ့အရိုး နုတ်ချက်ချင်း။

အခင်းပြီးတော့ ငှက်ကြီးဝံ၊
ပေးမည့်ဆုကို သူတောင်းခံ။
မမှန်မကန် ဉာဏ်သိမ်ဖျင်း၊
ဝံပုလွေက ဆင်ခြေခင်း။

“မင်းရဲ့ ဦးခေါင်း ဘေးကင်းစွာ၊
ငါ့ပါးစပ်က ထွက်နိုင်တာ။
တင်ပါအထူး ငါ့ကျေးဇူး
မင်းက ဆပ်ဦး .. ဆပ်ရဦး”
…. …. …. ….
လူမိုက် ..ကျေးဇူး မသိဘူး။ … ။
***
ကဗျာပုံပြင်လေးကတော့ ဒီမျှပါပဲ။
ငယ်ငယ်တုန်းကတော့ ဒီကဗျာလေးကို ဒဏ္ဍာရီ ပုံပြင်တပုဒ်လိုသာ နားထောင်တတ်ခဲ့ပါတယ်။
ခုတော့ ….
လောကမှာ ၀ံပုလွေလို လူစား အများကြီးဆိုတာ … အသက်အရွယ် ကြီးပြင်းလာတာနဲ့အမျှ ကြုံရ တွေ့ရ သဘောပေါက်လာရပါပြီ။
ဒီတော့လည်း ….
ဝံပုလွေလို လူစားမျိုးနဲ့ ကြုံရတဲ့အခါ သူ့ခံတွင်းထဲက ကိုယ့်ဦးခေါင်း အန္တရာယ်ကင်းစွာ ပြန်ထွက်နိုင်တာကိုပဲ ….ကျေးဇူးတင်လို့ … သူ့ကို ကျေးဇူးရှင်အဖြစ် … သတ်မှတ်ရတော့မှာပဲပေါ့။
***
မေဓာဝီ
၂၁၊ မေ၊ ၂၀၀၇
မနက် ၉ နာရီ ၄၅

Read More...

Sunday, May 20, 2007

ဗိုလ်လုပ်လိုသလား

ဒီကနေ့မနက် အဖေ့အခန်းက စာအုပ်စင်ကို မွှေနှောက်ရင်း ဒီစာအုပ်ကလေးကို တွေ့တော့ အဖုံးပေါ်က စာအုပ်နာမည်ကို ကြည့်ပြီး စိတ်ဝင်စားသွားတယ်။
အောက်နားမှာ ၀ံသာနု-ဦးပျိုင် လို့တွေ့တော့ ၀ံသာနုဦးပျိုင် ရေးတာများလားလို့ ထင်မိပါသေးတယ်။ နာမည်ကို ဖတ်ပြီး … နိုင်ငံရေးနဲ့ဆိုင်တဲ့ စာအုပ်လား … တက်ကျမ်းလိုမျိုးလား … ဇဝေဇ၀ါ အတွေးနဲ့ အတွင်းစာမျက်နှာကို လှန်လှောကြည့်တော့ ရေးတဲ့ပုဂ္ဂိုလ်က “အရှင်ကေလာသဖ” တဲ့။ ဓာတ်ပုံနဲ့တကွ တွေ့ရပါတယ်။ ၀ံသာနု-ဦးပျိုင်က စာအုပ်ရဲ့ မူပိုင်ရှင်ပါ။ ထုတ်ဝေတဲ့ခုနှစ် သက္ကရာဇ် တခုကိုမှ ရေးထားတာ မတွေ့ရပါဘူး။ အဘိုး ၁-ကျပ် ၈-ပဲ ဆိုတာပဲ တွေ့ရတယ်။

ဒါနဲ့ပဲ နိဒါန်းကို အရင်ဖတ်ကြည့်ပြီး သဘောကျတာနဲ့ ဘလော့မှာ တင်လိုက်တာပါ။
ထုတ်ဝေထားတဲ့ ကာလကြာရှည်ပြီ ဖြစ်တဲ့အတွက် စာအုပ်ကလေးကတော့ မြင်တဲ့အတိုင်းပါပဲ၊ ရုပ်ဆင်းအင်္ဂါ ချို့တဲ့မွဲတေနေရှာပေမဲ့ အတွင်းက စာတွေကတော့ အလွန်အဖိုးတန် အနှစ်သာရရှိတဲ့ စာတွေဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ဖူးသူများ ရှိချင်လည်း ရှိပါလိမ့်မယ်။ အခုလို ဘလော့မှာ တင်ရခြင်းဟာ ကျမကဲ့သို့သော မဖတ်ဖူးသေးသူများကို ဝေမျှလိုတဲ့ အတွက်သာ ဖြစ်ပါတယ်။ လောလောဆယ်တော့ နိဒါန်းသာ အရင်တင်ပါဦးမယ်။ ကျန်တာတွေကိုတော့ အနှစ်ချုပ်ပြီး တပတ်ခြားဖြစ်ဖြစ် နည်းနည်းချင်း တင်နိုင်အောင် ကြိုးစားပါမယ် … ။

***
နိဒါန်းစကား

“ဗိုလ်လုပ်လိုသလား” ဆိုသော စာအုပ်ကို ရေးသားလိုက်ရခြင်းကား လူ့ရွာလောက၌ ဗိုလ်လုပ်ချင်သော သူတို့ကို တွေ့မြင်ကြားသိ ရသောကြောင့် ဖြစ်ပေ၏။ ဗိုလ်လုပ်လိုသော သူတို့သည် ဗိုလ်စစ်နှင့် ဗိုလ်တုကို ခြားနားစွာ သိဖို့ အရေးကြီပေ၏။ ဗိုလ်တုကို ဗိုလ်စစ် မှတ်ထင်နေကြကုန်သော သူတို့သည် ဗိုလ်လမ်းလွဲကာ ဗိုလ်ကောင်းမဖြစ်နိုင် ကြပေ။ ယခု ရေးသားသော စာအုပ်သည် ဗိုလ်တုနှင့် ဗိုလ်စစ် ကွဲပြားခြားနားစွာ သိနိုင်ပေသည်။ ဗိုလ်လုပ်လိုသော သူများသည် ဤစာအုပ်ကို ဖတ်ရှုက တကယ်ဗိုလ်ကောင်း ဗိုလ်စစ် ဖြစ်ပေလိမ့်မည်။

ဗိုလ်လုပ်လိုသလား ဆိုသော စာကို ရေးလိုသောအချိန်က ဆရာကြီး ဦးအောင်မြတ်ထွတ်ကို သတိရမိလေ၏။ အကြောင်းမှာ ဆရာကြီး ကွယ်လွန်မည့်ရက်နှင့် ၂-လ ကွာလောက်မှာ ကျွန်ုပ်၏ ချောင်းဆိုလျှင် သွေးထွက်ခြင်း၊ ၀မ်းတွင်းမှာ နေထိုင်မကောင်း, ကသိကအောက် ဖြစ်နေသော ရောဂါတို့ကို ပျောက်ကင်းအောင် ကုသပေးသော ရန်ကုန်မြို့ ၁၁၉-လမ်း အမှတ် ၄၃နေ ဆေးဆရာကြီး အဘိဓမ္မာ ဆရာကြိုင်, အရှင်ဣန္ဒောတို့နှင့် အတူ၊ ဆရာကြီးထံသို့ သွားရောက်၍ တကြိမ်တွေ့ဘူးလေ၏။

ရှေးမဆွက မတွေ့မမြင်ဘူးသော်လည်း မြင်လျှင်မြင်ခြင်း ဆရာရင်း တပည့်၊ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်လေးစားစွာနှင့် ကျွန်ုပ်အလိုရှိသော အမေးပြဿနာတို့ကို (ဟုတ်မှ ဟုတ်ပါ့မလားဆိုသော တွေးတောမှုမှ ကင်းမဲ့သော အဖြေတို့ကို ပြောဆို ဖြေလေ၏။) ထိုဆရာကြီး ဖြေဆိုလိုက်သော အဖြေတို့တွင် ကျွန်ုပ်အဖို့ တန်ဖိုးများလှသော ဂါထာသုံးပုဒ် ပါရှိလေ၏။

ကျွန်ုပ်ဤစာကို ရေးလိုသောအချိန် ဆရာကြီး ပေးဖြေလိုက်သော ဂါထာတို့ကို ဗျဉ္ဖနဗုဒ္ဓိ ညှိ၍ သံစုံကြူးလိုက်သောအခါ တဖြတ်ဖြတ်နှင့် လန့်မတတ် ဖြစ်သော အံ့သြဖွယ်တို့သည် ကျွန်ုပ်၏ ကြည်လင် ပြောင်လက်လှသော နှလုံးအိမ်အတွင်းသို့ စူးစိုက်ခိုအောင်း တည်နေလျက် ကင်းမဲ့သော ကြောက်ရွံ့ခြင်းကို မျက်နှာပြုနေသော ကျွန်ုပ်ဉာဏ်နှင့် ညာလက်တို့သည်ကား တခါတည်း သွက်လက်လာ၍ ဤဗိုလ်လုပ်လိုသလား စာအုပ်ကို ရုတ်ချည်း ပြီးအောင် စိုင်းပြင်းလေ၏။ ထို့ကြောင့် - ဆရာကြီး ဦးအောင်မြတ်ထွတ်ကို သတိရ၍ ကျေးဇူးတင်ခြင်း ဖျောက်မရအောင် ဖြစ်ပေ၏။

ပေးလိုက်သော ဂါထာများကား အောက်ပါအတိုင်း ဖြစ်၏။

၁။ တတ်အောင် သင်။
၂။ မြင်အောင် ကြည့်။
၃။ သိမှ ရေး။
…. …. …. …. ဆိုသော ဂါထာတို့ဖြစ်ပေသည်။ ကျွန်ုပ်၏ မိတ်ဆွေများအဖို့ လက်ဆောင်အနေဖြင့် ဖော်ပြလိုက်ပါသည်။

တတ်အောင်သင်မှ …အောင်မြင်ကြမည်။
မြင်အောင်ကြည့်မှ …. ကိုယ်တွေ့ဖြစ်မည်။
ကိုယ်သိရေးမှ …. ကိုယ်ရေးပါမည်။
ကိုယ်တွေ့ဖြစ်မှ …. ကိုယ်သိပါမည်။


(အရှင်ကေလာသဖ)
***
(အမြည်း)

“ဗိုလ်လုပ်လိုသလား”

ဗိုလ်ဆိုသော စကားလုံးသည် ပါဠိဘာသာမှ ဆင်းသက်လာသော ဗလဟူသော ပုဒ်မှ ဗိုလ် ဖြစ်လာပေသည်။ ၎င်း ဗိုလ်ဆိုသော စကားလုံးသည် မြန်မာလို အဓိပ္ပါယ်မှာ အားဗလသတ္တိကို ဆိုပေသည်။ အားကောင်းသော အားကြီးသော သဘောကို ရပေသည်။ တနည်း- ဗိုလ်ဆိုတာ အနိုင်ဆုံး, အကြီးဆုံး,ရှေ့အကျဆုံး အထက်အရောက်ဆုံးများကိုလည်း ဗိုလ်ဟု ဆိုနိုင်သေး၏။ အမှန်အားဖြင့် အစွမ်းကုန်နှင့် တန်းကုန်, လမ်းကုန်, အဆင့်အတန်းသို့ ရောက်နေသူများကို ဗိုလ်ဟု မှည့်ခေါ်ကြကုန်၏။ ဗိုလ်လို့ သမုတ်ကြသော၊ သို့မဟုတ် ဗိုလ်ဟု သမုတ်ခံရသော သူတို့သည် အားလုံးသော သူတို့ထက် အကြီးဆုံး အထက်တန်း အရောက်ဆုံး သူများ ဖြစ်ကြပေကုန်၏။

ထိုဗိုလ်ဆိုသော အမည်များသည် လောကကြီးတခွင်မှာ အမြဲတမ်း ထင်ပေါ်လို့ နေကြကုန်၏။ အရာဝတ္ထုတိုင်းမှာပင် ဗိုလ်ဆိုသော နာမည်ရှိကြကုန်၏။ ရှိပုံမှာ … ဤတောင်ကြီးသည် အားလုံးသော တောင်တို့ထက် ကြီးသဖြင့် (ဗိုလ်ပဲဟေ့…) ၊ ဤတုံးကြီးသည် အားလုံးသော တုံးတို့ထက် ကြီးသဖြင့် (ဗိုလ်ပဲ …) အစရှိသဖြင့် အကြီးဆုံး များကို ဗိုလ်လို့ သမုတ်ကြကုန်၏။ အသက်ရှိသော သတ္တ၀ါတို့မှာလည်း ထိုဗိုလ်ဟူသော နာမည်ကို မှည့်ခေါ်ကြကုန်၏။ ဒီကျွဲအုပ်ထဲ၌ ဟောဒီကျွဲကြီးဟာ (ဗိုလ်ပဲ …)၊ ဒီနွားကြီးဟာ (ဗိုလ်ပဲ….)၊ ဒီဆင်ကြီးဟာ (ဗိုလ်ပဲ ….) စသည်ဖြင့် တိရစ္ဆာန်များပင်လျှင် ဗိုလ်ဘွဲ့ထူးရှိကြကုန်၏။
***
အမြည်းကိုတော့ ဒီလောက်နဲ့သာ ကျေနပ်ကြပါဦး။
***
စာရိုက်ပြီးချိန် …
၁၉၊ မေ၊ ၂၀၀၇
ည ၁၀ နာရီ ၃၇

Read More...

Saturday, May 19, 2007

မင်္ဂလာနံနက်ခင်း ...

ခါတိုင်းလိုပဲ …
အိပ်ရာထဲက
နိုးထထချင်း
ပြတင်းကိုလှပ်
နံနက်ကို ကြို …
လောကကြီးကို ခွန်းဆက်
မင်္ဂလာနံနက် ဖြစ်ပါစေ … ။

ကောင်းကင်ထက်မှ
စက်စက်ကျနေ
မိုးစက်တွေဟာ
မြေကမ္ဘာကို
မျက်နှာသစ်ပေး
အညစ်အကြေးတွေ ဆေးကြောတယ်။

လန်းဆန်းနုနယ်
စံပယ်ဖြူဖွေး
ကြူကြူမွှေးက
ငြိမ်းအေးရနံ့
ထုံသင်းပျံ့စွာ ဝေဆာတယ်။

ရွက်နုစိမ်းဝေ
မိုးရေစိုစို
ကပိုကရို
ရှက်သွေးပိုတဲ့
အပျိုမလို အလှဖြာတယ်။

မိုးသောက်ရောင်ခြည်
အရှေ့ဆီမှ
ဝါနီအလင်း
အမှောင်ခွင်းကာ
ကမ္ဘာတလွှားကို ဖြန့်ခင်းတယ်။

သစ်ပင်ထက်မှာ
ငှက်ပြာတသင်း
တေးသီချင်းဆို
နေ့သစ်ဦးကို ကြိုကြတယ်။

ချစ်ခြင်း မုန်းခြင်း
ပြုံးခြင်း မဲ့ခြင်း
အလင်း မှောင်မဲ
ဒွန်တွဲဖြစ်ပျက်
ဆန့်ကျင်ဘက်များ
ရှိပါငြားလျက်
အလှမျက်စိ
*ယောနိသော-ထား
ရှုကြည့်ပွားလျှင်
မြင်မြင်သမျှ
လောကကြီးဟာ လှနေမယ်။
***
မင်္ဂလာရှိသော နံနက်ခင်း ပေါင်းများစွာ
ပိုင်ဆိုင်ရပါစေသား … ပိုင်ဆိုင်ကြပါစေသား … ။

မေဓာဝီ
၁၉၊ မေ၊ ၂၀၀၇
နံနက် ၉ နာရီ ၃၀

*(ယောနိသော =ယောနိသော မနသိကာရ = သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်း)

Read More...

Friday, May 18, 2007

ကျမနှင့် ကစ်ကစ်

တညသ၌ … ဆိုပါတော့။
အိပ်တော့မယ်ဆိုပြီး အိပ်ရာထဲမှာ စာအုပ်ဖတ်နေရင်း ပျင်းလာတာနဲ့ အိမ်က ခွေးကလေး ကစ်ကစ်နဲ့ ခဏဆော့မိတယ်။ သူက ကျမ ကုတင်အောက်နားမှာ အရိုးတုတချောင်းနဲ့ အလုပ်ရှုပ်နေလေရဲ့။
ကျမက ကုတင်ပေါ်ကနေ လက်ကိုချပြီး သူ့ကျောလေးကို ပွတ်ပေးတော့ သူက ငြိမ်ပြီး ဇိမ်ယူနေပါသေးတယ်။
အဲဒီအချိန်မှာ ကျမလက်က သူ့အရိုးနားရောက်သွားမိလား မသိပါဘူး။ ရုတ်တရက် ဂီးခနဲ မာန်ဖီပြီး ကျမကို ထဟပ်ပါလေရော။ ကျမက ကုတင်ပေါ်ကနေ အောက်ကိုငုံ့ကြည့်ရင်း ပွတ်ပေးနေတာဆိုတော့ သူ့အဟပ်မှာ မျက်နှာကို ထိသွားပါတယ်။ ရှောင်ချိန်လည်း မရလိုက်ဘူးလေ။




ဒီလိုနဲ့ မျက်နှာမှာ သွေးတွေစို့လို့ ဆေးခန်းပြေးရပါတော့တယ်။ နာရီကြည့်တော့ ည ၁၂ နာရီ တိတိပါ။ ညဥ့်နက်သန်းခေါင်ကြီး မျက်နှာ ခွေးကိုက်ခံရတဲ့ကျမကို ဆရာဝန်က အံ့သြတကြီးနဲ့ ဖြစ်ကြောင်းကုန်စင် မေးပါတယ်။ (ဟိုတလောက မလေးရှားက ခဏပြန်လာတဲ့ ဆရာဝန်ပါ။)မေးမြန်း စိစစ်ပြီးနောက်တော့
“ဆေးထိုးရမယ်” ဆရာဝန်က ပြောတယ်။
“မထိုးချင်ဘူးဆရာ … ကျမခွေးက အိမ်ထဲမှာ မွေးတဲ့ခွေးပဲ၊ ကာကွယ်ဆေးလည်း ထိုးထားပြီးသား၊ ပေါက်လွတ်ပဲစားလည်း လျှောက်မသွားဘူး”
လက်မောင်းကို ဆေးထိုးရမှာကြောက်လို့ ကျမက ဆင်ခြေပေး ငြင်းဆိုမိတယ်။ ဒီအခါမှာ ဆရာဝန်က ကျမကို ရုပ်ပုံကားချပ်တွေပြ၊ ဟိုစာဖတ်ခိုင်း ဒီစာဖတ်ခိုင်းနဲ့ လက်ချာပေး တော့တာပါပဲ။ ဆရာဝန်စကား နားထောင်ရင်း သူဖတ်ခိုင်းတာတွေ ဖတ်ရင်း ကျမမှာ ချက်ချင်းလက်ငင်းပဲ ခွေးရူးပြန်ပြီး သေတော့မလို … နောက်ဆုံးတော့ ကြောက်လန့်ပြီး ဆေးတွေ ထိုးလိုက်ရပါရော။

အိမ်ပြန်ရောက်တော့ အမေက ကရုဏာဒေါသောနဲ့ ပြောပါတယ်။
“အိပ်ခါနီး ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး မအိပ်ဘူး၊ အရာမဟုတ်တာ အရောဝင်တာကိုး။ ခုတော့ ခံရပြီ မဟုတ်လား” … တဲ့။
“အမေကလည်း သမီးက ချစ်လို့ ပွတ်ပေးတဲ့ဟာကို”
“သူ့အစာကို ညည်းယူမယ်ထင်လို့ ကိုက်ထည့်လိုက်တာ နေမှာပေါ့၊ ခွေးဆိုတာ အစာမာန်တက်နေပြီဆိုရင် သခင်သော ဘာသော သိတာမှမဟုတ်ဘဲ”

ကိုယ့်အပြစ်နဲ့ကိုယ် ဆိုတော့လည်း တုဏှိဘာဝေ ဆိတ်ဆိတ်နေလိုက်ရတာပေါ့။
မျက်နှာပေါ်က ဒဏ်ရာက တဆစ်ဆစ်၊ ဆေးထိုးခံထားရတဲ့ လက်မောင်းက အောင့်တောင့်တောင့်။ ဆရာဝန်ပေးလိုက်တဲ့ ဆေးလုံးတွေကို ရှုံ့မဲ့သောက်မျိုရင်း ကစ်ကစ်ကို ကြည့်လိုက်တော့ …
သူက သူမဟုတ်သလို ကြမ်းပေါ်မှာ ၀မ်းလျားထိုးလေး အိပ်လို့။
သူ့ကိုကြည့်ပြီး ကျမ တော်တော် အသည်းယားသွားပါတယ်။ အမြင်ကတ်လို့ မဟုတ်ဘူး။ သူအဲဒီလို အိပ်နေတာလေးက အရမ်းချစ်ဖို့ကောင်းတော့ ထပ်ပြီးပွတ်ပေးချင်လို့။
အဲဒီလောက်ထိ အမှတ်မရှိတဲ့ ကျမလေ…။
***
ဒီနောက်တော့ ဆေးကို့စ်ကုန်အောင် ဘယ်နှရက်လည်း မသိတော့ပါဘူး၊ ဆက်ထိုးခဲ့ရပါတယ်။
ဆရာဝန်ကပြောတယ် … ဒီဆေးက ၃-နှစ် ခံသတဲ့။ ၃-နှစ်အတွင်း ခွေးထပ်ကိုက်ခံရရင် ဆေးထိုးစရာ မလိုဘူးတဲ့။ အဲဒီစကား ကြားသိပြီးတဲ့နောက်မှာ … နင် ကိုက်ချင်သလောက်သာ ကိုက်ပေတော့ ကစ်ကစ်ရေ … လို့ ကျမက ခပ်နောက်နောက် ဆိုခဲ့မိသေးတယ်။ ကျမက သူ့ကို ချစ်တယ်လေ …။ ကျမကို ကိုက်တဲ့ခွေးဆိုပြီး မျက်မုန်းလည်း မကျိုး၊ စိတ်ထဲလည်း မနာမိပါဘူး။ ခွေးဆိုတာ ဘယ်လောက် intelligentဖြစ်တယ် ပြောပြော လူလို ကောင်းဆိုး နှစ်တန် အမှန် အမှား ခွဲခြားနိုင်တဲ့ အသိဉာဏ်မှ မရှိဘဲနဲ့။

သူ့စိတ်ထဲမှာ ကျမဟာ သူ့အစာကို လုမယ့်သူ၊ ဒီတော့ တဒင်္ဂမှာ သူ့ရန်သူ ဖြစ်သွားတယ် … ဒါကြောင့် ကိုက်တယ်၊ ဒါပဲလေ။ သူမှ အတိတ်တွေ ပစ္စုပ္ပန်တွေ အနာဂတ်တွေ မစဉ်းစားတတ်ဘဲ။ အရင်က သူ့ကို အစာတွေ ကျွေးခဲ့ပါလား … အခု သူ့ကို ချစ်စနိုးနဲ့ ပွတ်ပေးနေပါလား … သူ့ကို ကျွေးမွေး စောင့်ရှောက်ဦးမယ့် သူပါလား … ရယ်လို့ ရုတ်တရက် သူမသိတော့ဘူး။ ကျမရဲ့လက်တွေဟာ သူ့အစာကို လုဖို့မဟုတ်ဘူး။ သူ့အပေါ် မေတ္တာစိတ်နဲ့ စေတနာထား ပွတ်သပ်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက် အမှန်ကို သူ မသိဘူး။ ဒါကြောင့် ကျမကို ကိုက်တယ်။ သိရင် သူ ကိုက်ပါ့မလား။ ဒီတော့လည်း ကျမ စိတ်ထဲ ကစ်ကစ်ကို အပြစ်မတင်မိတော့ပါဘူး။ အဲဒီလို အပြစ်မမြင် … အပြစ်မတင်တဲ့အပြင် အမှတ်သည်းခြေမရှိတဲ့ ကျမဟာ ထပ်အရောဝင် ခဲ့မိပါတယ်။
***
တခါတော့ ထောပတ်သီးဖျော်ရည် ဖန်ခွက်လေး ကျမကြောင့် ကျကွဲသွားတယ်။ ဖန်ကွဲတွေရော …ထောပတ်သီး ဖျော်ရည်တွေရော သမံတလင်းပေါ်မှာ ပြန့်ကျဲလို့ပေါ့။ ပြန့်ကျဲပေပွနေတာတွေကို ရှင်းဖို့ ကျမကထိုင်တုန်းရှိသေး ကစ်ကစ်ရောက်လာပြီး ဖန်ကွဲတွေရောနေတဲ့ ထောပတ်သီး ဖျော်ရည်တွေကို လျှာနဲ့လျက်ပါလေရော။ သူဖန်ကွဲရှမှာ ကျမ အရမ်းစိုးရိမ်သွားတယ်။ သူက အန္တရာယ်တွေဘာတွေ သိပ်သိတတ်တာ မဟုတ်ဘူး။ ကမူးရှူးထိုး လုပ်နေကျ။ ဒါနဲ့ သူ့ကို ကျမက ဟန့်ရင်း ဖိတ်နေတဲ့ ထောပတ်သီးတွေကို လှမ်းအသုတ်မှာ ကျမလက်ကို ဂိခနဲ ကိုက်ထည့်လိုက် ပါလေရော။ သူက ကိုက်ရင် တချက်ထဲ ဘယ်တော့မှ မကိုက်ဘူး။ ၃-၄ ချက်ကို ကိုက်တာ။ ကိုက်ပြီး ဆွဲခါယမ်းသေးတယ်။

နာလိုက်တာ ပြောမနေနဲ့။ အသားနာတော့ ရုတ်တရက် စိတ်ထဲလည်း ထောင်းခနဲ ဒေါသဖြစ်သွားတယ်။ သူ့လျှာကို ရှမှာစိုးလို့ စေတနာနဲ့ ဟန့်တားတဲ့ဟာကို ငါ့ကို ကိုက်ရက်လေခြင်းဆိုပြီး ကြမ်းပေါ် ဆောင့်ကြောင့်ထိုင် ငိုနေမိတယ်။ နောက်တနေ့ မနက်ဆို ချောင်းသာကို ခရီးထွက်ကြမလို့ ပြင်ဆင်နေတဲ့ ညကြီးပေါ့။ သွားခါနီး လာခါနီး ဖန်ခွက်က ကွဲ၊ ခွေးကကိုက်၊ ငါ့နှယ် ကံဆိုးလိုက်လေခြင်းလို့ အယူမသည်းတတ်တဲ့ ကျမတောင် အယူသည်းချင်သလိုလို ဖြစ်မိခဲ့တယ်။

နောက်ဆုံးတော့လည်း ကိုယ်ပဲ စိတ်လျှော့ရတာပါပဲ … ။
သြော် … သူလေးက ခွေးပဲလေ။ ဘာမှ နားမလည်ရှာပါဘူး။ သူ့စိတ်ထဲ အစာကိုဟန့်တယ်ဆိုတာသာ သိတာပဲ …. ဆိုပြီး …မေတ္တာစိတ်နဲ့ ခွင့်လွှတ်နိုင်တဲ့အခါ … မျက်ရည်တွေလည်း ခြောက်ခမ်းသွားခဲ့တယ်။ နောက်တခါ သူဘယ်လောက်ကိုက်ကိုက် …. နာပေမဲ့ မျက်ရည်မကျတော့ဘူး။ ဒီလိုနဲ့ … ၃-နှစ်ခံ ဆေးကြီး အားကိုးပြီး ကျမကလည်း အရောဝင်မြဲ … သူကလည်း စိတ်မထင်တိုင်း ခဏခဏ ကိုက်နေဆဲ။ ဒီတော့လည်း ကျမရဲ့ လက်တွေ ခြေထောက်တွေဟာ … သူကိုက်ခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ပြည့်နှက်လို့ပေါ့။
***
ခုတော့ ….
ဆေးထိုးထားတဲ့ ၃-နှစ်လည်း ပြည့်ခါနီးနေပါပြီ။
၃-နှစ်ကျော်မှ ထပ်ကိုက်ခံရရင် ကျမ ထပ်ပြီး ဆေးထိုးခံရ ပါတော့မယ်။
ဒါကြောင့် ခုချိန်မှာ ကျမ စဉ်းစားနေရပါပြီ။
ဆေးထပ်ပြီး အထိုးခံချင်သလား … အထိုး ခံနိုင်သလား။
ဒါမှမဟုတ် သူ့ကို အရင်လို မဆက်ဆံဘဲ ဆင်ဆင်ခြင်ခြင် နေရမလား။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ … ။
သေချာတာကတော့ သူ့အပေါ် ကျမ ဘယ်တော့မှ မေတ္တာမပျက်ဘူး ဆိုတာပါပဲ။
***
(ချစ်သော ခွေးဆိုးကလေး ကစ်ကစ်သို့ … )

မေတ္တာဖြင့် …

မေဓာဝီ
18th May, 2007
00:45 am



Read More...

Thursday, May 17, 2007

ကျမ ၀ဋ်လည်ခြင်း ....

အပိန် အပဲ့ နောက်ဆက်တွဲ ကွန်မန့်တွေ ဖတ်နေရင်းနဲ့ လွန်ခဲ့တဲ့ ၃-နှစ် ကျော်ကျော်က ကျမ ရေးခဲ့ဖူးတဲ့ ဆောင်းပါးတပုဒ် ခေါင်းထဲ ရောက်လာတယ်။ ဒါနဲ့ အဲဒီဆောင်းပါးကို ကွန်ပျူတာထဲ ပြန်ရှာဖတ်ကြည့်ပြီး ကျမတယောက်ထဲ ရယ်နေမိတယ်။ ကျမ ၀ဋ်လည် တာများလားလို့ တွေးမိတယ်။ ဖြစ်နိုင်ပါတယ် … ၀ဋ်ဆိုတာ နောင်ဘ၀ မကူးဘူး၊ လည်ချင်တဲ့အချိန် လည်တတ်တယ် မဟုတ်လား။

ဒီလိုပါ … ။
၂၀၀၄ ခုနှစ်ဆီက ပေါ်ပြူလာဂျာနယ်မှာ တာရာမင်းဝေက “မှားလျှင်ပြင်ပါ” ဆိုပြီး ဆောင်းပါးတပုဒ် ရေးလိုက်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီး တာရာမင်းဝေကို ကျမက တန်ပြန်ဆောင်းပါး ရေးပြီး ဝေဖန်ခဲ့မိတယ်။ အကြောင်းအရာက အခုဖြစ်နေတဲ့ အပိန် အပဲ့ နဲ့ ခပ်ဆင်ဆင်ပါဘဲ။ အဲဒီတုန်းကတော့ ကိုယ်ပြောချင်တာလည်း ပြောရသေး ကိုယ့်စာလည်း ဂျာနယ်ထဲ ပါသေးဆိုတော့ ပျော်ပျော်ပါးပါး မော်မော်ကြွားကြွားပေါ့။ အင်း …. ခုတော့ တာရာမင်းဝေနေရာကို ကျမ ရောက်နေပြီလား လို့ ထင်လိုက်မိတယ်။ ဒါပေမဲ့လည်း ကျမကတော့ တာရာမင်းဝေလောက် sensitive မဖြစ်ပါဘူးလို့ ကိုယ့်ကိုယ်ကို အတွေးထဲက ကာဗာလုပ်နေမိသေးတယ်။
ဘာပဲဖြစ်ဖြစ် ဒါဟာလည်း ၀ဋ်လည်ခြင်း တမျိုးပေပဲ။

နားရှုပ်မှာစိုးလို့ … တာရာမင်းဝေရဲ့ ဆောင်းပါးနဲ့ ကျမဆောင်းပါး ၂-ပုဒ်လုံးကို တင်လိုက်ပါတယ်။ နှိုင်းယှဉ် ဖတ်ကြည့်ပြီး … အာမနာတမ်းသာ ဝေဖန်ကြပေရော့။ မထူးတော့ဘူးလေ … ၀ဋ်လည်မှတော့ ကုန်အောင်သာ လည်ပေရော့ … ခံလိုက်လေမဟဲ့လို့ စိတ်ပိုင်းဖြတ်လိုက်ပါပြီ။
***

***

စကန်ဖတ်ထားတဲ့ စာတွေဖတ်မရရင် ရိုက်ထားပြီးသား တင်ပေးပါမယ်။
အဲဒီ ဆောင်းပါး ၂ပုဒ်ကို နေးတစ်ဖိုရမ်မှာလဲ တင်ဖူးပါတယ်။
***
မေဓာဝီ
၁၇၊ မေ၊ ၂၀၀၇
နံနက် ၉ နာရီ ၃၀

မမြင်ရလျှင် “ဒီနေရာ”မှာ ဖတ်နိုင်ပါတယ်။

Read More...

Wednesday, May 16, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၃)

သို့
ကိုပြူးကျယ်

ပေးစာကို မရေးတာကြာလို့ ရွှေစိတ်တော် ငြိုငြင်နေပြီလား မသိဘူး… ။
စိတ်ထဲမှာ ရှိပေမယ့် လက်က မပါနိုင်တာကြောင့် ဒီပေးစာကို ဆက်မရေးနိုင်တာပါ။ ကိုပြူးကျယ်နဲ့တကွ ဒီပို့စ်ကို ဖတ်ချင်လို့ မျှော်လင့်နေတဲ့သူတွေ ရှိတယ် ဆိုတာ သိရလို့ ကျမ ၀မ်းမြောက်စွာနဲ့ ဒီနေ့တော့ မဖြစ် ဖြစ်အောင် ရေးမယ်လို့ အားခဲပြီး ရေးလိုက်ပါရဲ့။
***
ရှစ်ဆယ်ပေါ်တေးထပ် ပြီးတဲ့နောက် တေးရိုးငယ်နဲ့ တေးရိုးကြီး စပ်နည်း အလှည့်ရောက်ပါပြီ။

တေးထပ်ထက် ရှေးကျတာကြောင့် တေးရိုးလို့ ခေါ်ဟန်တူပါသတဲ့။ တေးရိုးကြီးနဲ့ တေးရိုးငယ်ဟာ အနည်းငယ်သာ ကွာတာကြောင့် စာအုပ်ထဲမှာ တပေါင်းတည်း ပြထားပါတယ်။
လေးချိုးကို တပိုဒ်ဖြုတ်ပြီး အနည်းငယ် ပြင်လိုက်ရင် တြိချိုးဖြစ်လာသလိုပဲ တေးထပ်ကို အချို့အပိုဒ်တွေ ဖြုတ်ပြီး ပြင်ဆင်လိုက်ရင် တေးရိုးငယ်-တေးရိုးကြီး ဖြစ်လာတယ် လို့ ဆိုထားပါတယ်။

ရှင်းသွားစေဖို့ ကြည့်လိုက်ကြရအောင်ပါ။

“တေးရိုးငယ် ပုံစံ”
မနှုန်းတန် စိန္တေယျမို့၊ အနန္တဘုန်းတော်ဂုဏ်၊
မြှောက်ဝှဲချီး အံ့မကုန်သည်၊ မြေ၀သုန် တုနှိုင်း၊
သဗ္ဗညု ထွတ်ဘုန်းသည်ကို၊ ငါဇာနည် ဦးညွတ်လို့ကိုင်း။
စောမြတ်စွာ ထွဋ်ရှိုင်းသည့်၊ မနှိုင်းတန့် တရားတော်၊
ဂိုဏ်းရှစ်ဘို့ သံဃာတော်ကို၊ ရှိပူဇော် ဦးတင်၏လေး။


“ရှေးရေး တန်ခူးလဖွဲ့ တေးရိုးကြီးပုံစံ”
တန်ခူးဂိမှမှာ၊ ဓာတ်တေဇ ယှဉ်မှီ၊
ခါမိဿ အချိန်ညီ၊ သ၀ဏီနက္ခတ်၊
စိတြ မည်မကွာသည်၊ တာရမှာ ကေ၀ဋ္ဋမှတ်၊
ပန်းကံ့ကော် ရင်ခတ်တို့၊ ပွင့်ချပ်ကဲ့စုံလင်၊
သင်းရနံ့ ပျံ့ရွှင်၊ ရေသဘင်ပွဲလမ်း၊
ထိန့်ရိုက်ဆင့် ကျူးကျော်တယ်၊ သင်္ကြန်တော် ကြူးရင့်သည့်တမ်း။ … ။

(တေးရိုးငယ်မှာ ‘လေး’ ဟု တေးထပ်ကဲ့သို့ ချသော်လည်း ဤတေးရိုးကြီးကား အထက်ပိုဒ်က ရှိသော ကာရန်အတိုင်း သံပြင်း လဟုသံနှင့် ချသည်ကို သတိပြုပါ။)
***
တေးတွဲ့စပ်နည်း

တေးတွဲ့ကဗျာဟာ ခုခေတ်မှာ တိမ်မြုပ်နေပြီ ဖြစ်ပေမဲ့ ရေးသားစပ်ဟပ်ရာမှာ အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ ကဗျာမျိုး ဖြစ်ပါသတဲ့။

တေးတွဲ့ကို အမည်အားဖြင့် ဝေဖန်ရရင်တော့
တေး - ဆိုတာ ကဗျာ သီချင်းဆိုတဲ့ အနက်၊ သင်္ချာ ဂဏန်းအရ ၃- ဆိုတဲ့အနက်ကို ဖော်ပြပြီး
တွဲ့ - ဆိုတာကတော့ လေးကန် ဖင့်နွှဲတဲ့ အနက်ကို ဖော်ပြပါတယ်။
ဒါကြောင့် ဖြေးနှေး ဖင့်နွှဲစွာ ရွတ်ဆိုရသော ကဗျာ (သို့မဟုတ်) အပုဒ် ၃-ပိုဒ်ဖြင့် ဖင့်နွှဲ ဖြည်းညှင်းစွာ သီဆိုရသော ကဗျာလို့ အဓိပ္ပါယ်ရပါတယ်။

နောက်တနည်း ..
တေး - ကို ၃-ခု သင်္ချာယူ၍ တွဲ့ - ကိုတော့ တွဲ (ဆက်တွဲခြင်း) အနက်အဓိပ္ပါယ်လို့ ယူဆပြီး အပိုဒ် ၃-ပိုဒ် ဆက်တွဲ ရေးရတဲ့ ကဗျာလို့ အဓိပ္ပါယ်ရပြန်ပါတယ်။

တေးတွဲ့ကို ရေးတဲ့အခါ သုံးပိုဒ် ရေးပြီး အချီအချ တူညီရမှာဖြစ်ပါတယ်။ တပိုဒ် တပိုဒ်မှာ အချိုး ၄-ချိုးစီ ရှိတာကြောင့် ရှေးလေးချိုးကြီး အသွားဆန်ဆန်၊ လေးလုံးစပ်အချို့၊ သံချို အသွားဆန်ဆန် ငါးလုံး,ခြောက်လုံး အချို့ ထားရှိပါတယ်။ အချီမှာတော့ ၃-လုံး ချီနည်းနဲ့ ၄-လုံး ချီနည်း နှစ်မျိုးရှိတယ်လို့ ဆိုပါတယ်။

နမူနာ တေးတွဲ့ ကဗျာတပုဒ် ကြည့်ရအောင်။

(၁) “ဘုံနန်းက-မှန်းဆ ချေလျှင်”
ဃောသ လေးပြန်၊ ဝေးလောက်တန်တွင်၊ နိဗ္ဗာန်ရည်မှန်းလို့၊ တည်သန်းပုံ သဗ္ဗညုလို၊ ရွှန်းနုစုံလင်၊
တက်, သက်,လှေကား၊ နှစ်စုံပွားလို့၊ ထူးခြားသန့်ရှင်း၊ ဘိုးတော်မင်းထက်၊ ဉာဏ်လင်းအင်၊ မမြင် တောင်းပေရသေး။
စူဠာမဏိ၊ မည်တော်ရှိတဲ့၊ သီရိထွေငေါ်၊ စေတီကျော်ကို၊ ပြည်တော်သူ သွတ်လှယ်ကူးလို့၊ ဖူးကြတယ်လေး။

(၂) “ထုံပန်းလှ-ပန်းက ထွေအင်”
ဆွမ်းတော် ရေကြည်၊ ပွဲရံတည်သား၊ တီးစည် ခတ်ရွမ်းလို့၊ ရောင်လျှမ်း အရုဏ်ခပ်လျှင်၊ ဆွမ်းကပ်လို့တင်၊
တန်ဆောင်တိုင်များ၊ ရေတော်ငါးနှင့်၊ နံပါး ပန်းသင်း၊ ညနေခင်းမှာ၊ ထပ်သွင်းတင်၊ ရင်ပြင်တော် လင်းထိန်လို့ မွှေး။
ရှင်လူကစ၊ နံနက် ညတိုင်း၊ ညွတ်ခ ပူဇာ၊ စိန္တေယျာဝယ်၊ မသေရာ နိဗ္ဗာန်နန်းကို၊ မှန်းဆုပန် လေး။

(၃) “စုံဆန်းစွ- ခန်းဝဗွေပြင်”
ကျောင်းတော် အုတ်ဂူ၊ အဆူဆူတွင်၊ နိဗ္ဗူရည်စူးတဲ့၊ ထေရ်ထူးတွေ ကိန်းပျော်ဝပ်တယ်၊ ကွက်လပ်မမြင်၊
တကျောင်းတော်လုံး၊ ရေကြည်သုံးဖို့၊ ပတ်ကုံးရှင်းလင်း၊ တောင်တူးရွင်းက ရေသွင်းလျှင်၊ ကန်တွင် ရေပန်း လျှံလို့ဖွေး။
သောတုဇန၊ စာသင်စ၍၊ ထေရအရာ၊ မြတ်သံဃာတို့၊ ချမ်းသာစွာ မြတ်တရားကို အားထုတ်ကြလေး။ … ။
***
ဒီပုံစံကို ကြည့်မယ်ဆိုရင်
(၁) “ဘုံနန်းက-မှန်းဆ ချေလျှင်”
(၂) “ထုံပန်းလှ-ပန်းက ထွေအင်”
(၃) “စုံဆန်းစွ- ခန်းဝဗွေပြင်”

ဆိုတဲ့ အချီ ၃-ပိုဒ် ကာရန်ညီ ပိုဒ်စုံရတု ကဲ့သို့ စပ်ဆိုထားပါတယ်။ အချီ ၃-ပိုဒ်လုံးကို က-လှ-စွ ဆိုတဲ့ လဟုသံ နဲ့ ချီထားပြီး လျှင်၊ အင်၊ ပြင် ဆိုတဲ့ ဂရုသံ နဲ့ ချထားပါတယ်။

နောက်အပိုဒ်တွေကို ကြည့်ရင်လည်း ရှေးလေးချိုးကြီး ရေးစပ်သလို လေးလုံးစပ်မျိုး အပြင် ငါးလုံး,ခြောက်လုံး သင့်သလို ထည့်ပြီး စပ်ဆိုသွားတာတွေ့နိုင်ပါတယ်။ ပထမချိုးရဲ့ အချနဲ့ ဒုတိယချိုးရဲ့အချမှာ သံလျော့ သံချင်း ညီစေပြီး တတိယချိုးနဲ့ စတုတ္ထချိုးကို (ဧး =အေး) ကာရန်နဲ့ ဆုံးစေရပါတယ်။ ဘာကြောင့်ဆိုတော့ တေးတွဲ့တပုဒ်လုံးရဲ့ အချဖြစ်တဲ့ စတုတ္ထချိုးရဲ့ အဆုံးမှာ (လေး) သဒ္ဒါနဲ့သာ အမြဲ ချရလို့ပဲ ဖြစ်ပါတယ်။

တေးတွဲ့မှာ လေးချိုးလိုပဲ တတိယချိုး၏ ဆုံးခါနီးပိုဒ်မှာ ပထမချိုး၊ ဒုတိယချိုးကို ပြန်ငဲ့တဲ့ ကာရန်ပြန် တချက်စီ ရှိရပါသေးတယ်။
ပထမပိုဒ်မှာ လျှင်-လင် .. ဆိုတာကို (ဉာဏ်လင်းအင် က) အင် နဲ့ ပြန်ငဲ့တယ်။
ဒုတိယပိုဒ်မှာ အင်-တင် … ဆိုတာကို (ထပ်သွင်းတင် က) တင် နဲ့ ပြန်ငဲ့တယ်။
တတိယပိုဒ်မှာ ပြင်-မြင် .. ဆိုတာကို (ရေသွင်းလျှင် က) လျှင် နဲ့ ပြန်ငဲ့တယ်။

အထက်ဖော်ပြပါ တေးတွဲ့က အချီ ၃-ပိုဒ် ညီပြီး အချမညီတဲ့ တေးတွဲ့ဖြစ်ပါတယ်။
အချီအချ ညီတဲ့ တေးတွဲ့ နမူနာကတော့ …
လက်ညောင်းနေပြီမို့ …. သည်းခံကြပါလို့ပဲ …. ။
***
ကိုပြူးကျယ်နှင့်တကွ ဒီပို့စ်ကို စောင့်ဖတ်တဲ့ မြန်မာကဗျာချစ်သူများ … ဒီတပတ်တော့ ဒီမျှနဲ့သာ ကျေနပ်ပေးကြပါတော့ရှင် …ရှေ့တပတ်လည်း တခြားစာ တင်စရာရှိလို့ ဒီပို့စ်ကို ခွင့်ခဏ ယူပါဦးမယ်။
***
မေတ္တာဖြင့်

မေဓာဝီ
၁၆၊ မေ၊ ၂၀၀၇
နံနက် ၁၀ နာရီ ၅၅ မိနစ်

Read More...

Tuesday, May 15, 2007

အပိန် အပဲ့ ...နောက်ဆက်တွဲ

PISI said...
ငယ်ငယ်လေး ကတည်းက ကျွန်တော့အဖေ့ ကသေသေခြာခြာ ကွဲပြားအောင် စလုံး နဲ့ ဆလိမ် အသံကို ထွက်ပြပြီး အသံထွက်ပြင်ပေးပါတယ်..ကျွန်တော်ကိုယ်တိုင်က အဖေ့အသံကိုကွဲပြားအောင် နားမထောင်နိုင်ဘူး.. အကြိမ်ကြိမ် ကြိုးစားကြည့်ပါတယ်...အခုထက်ထိ ပါပဲ .. ဘယ်သူ့ကိုသွားမေး သူတို့ရဲ့အသံကို အတူတူသာကြားပါတယ်.. နောက်ဆုံးကောက်ချက်ချလိုက်ရတာကတော့ ကွဲပြားအောင်နားမထောင်နိုင်လို့ ပြန်ပြောတဲ့အခါမှာလည်းကွဲပြားအောင် မပြောနိုင်တာလို့ထင်ပါတယ်...ကျွန်တော့အထင်တော့ ကျွန်တော်တို့ဗမာစာလုံးတွေက ရှုပ်ပါတယ်.. စလုံးရှိနေရင်... ဘာလို့အသံထွက်တူတဲ့ ဆလိမ်ကို ရှုပ်အောင်ထည့်ပေးလိုက်ရတာလဲ..နကြီးရှိတယ် နငယ် ရှိတယ်၊ ဂကြီးရှိတယ် ဂငယ်ရှိတယ်၊ ဘာလို့ က ကြီး ရှိပြီး ကငယ် မရှိတာလဲ..ဘကို ကုန်းလို့တစ်မျိုး ဘကို အထက်ကချိုင့်လို့တဖုံ..ဒဒွေး(တွေး)နောက်ပြီး ဒအောက်ချိုင့်(ဓ)သရှိတယ်၊ သကြီး... (အက္ခရာ ၃၃ လုံးထဲမပါဘူး)ရ ကို ပဲ ကောက်လိုက်၊ ယကို ပက်လက်လုပ်လိုက်နဲ့ဇကွဲ ကို ဇမျင်(မြင်၊ မျဉ်း)ဇွဲ(ဆွဲ)... ဒါမှမဟုတ် စလုံး ရပင့်လား (သဝေထိုး စလုံး ရပင့် ဝေးစနှစ်လုံးပေါက် -ဈေး။ သဝေထိုး ဇမျဉ်ဇွဲ ဝေးစနှစ်လုံးပေါက် - ဈေး)ရှုပ်ကို ရှုပ်ပါတယ်.. လမ်းဂွေ့ရှ်တွေမှာ အရေးကြီးတာ က ဆိုလိုရင်းကို အဓိပါယ်ပေါ်လွင်အောင် ဖော်ပြနိုင်ရင် ပြီးတာပဲ..ဆင်ပလီဖိုင်းဖြစ်သင့်တယ်လို့ထင်တယ်..
5/14/2007 1:08 PM
***
PISI said...
အင်း...နောက်တစ်ခု စဉ်းစား မိလို့...စာတို့ စကားတို့ ဆိုတာက တဖြည်းဖြည်း နဲ့ အချိန်ကာလကြာရှည်စွာ ပြောင်းလဲဖြစ်ပေါ်လာကြတာပဲ... အင်းအခုကြမှ အတင်းအကျပ် မပြောင်းလဲနဲ့ ပြောင်းလဲရင်မှားတယ် ဆို .. စဉ်းစားစရာပါ...ဘယ်လောက်မြန်မြန် အများစုက လက်ခံနိုင်မယ်ဆိုတာတော့ ခေတ်ကာလ အခြေအနေပေါ်မှာမူတည် မယ်နဲ့တူတယ်..အများစု ကလက်ခံနိုင်သွားရင် တော့ မှန်သွားမယ်လို့ ယူဆပါတယ်..
5/14/2007 4:45 PM

***
ပိစိရဲ့ အထက်ပါ ကွန်မန့်ကို ဖတ်ပြီး .. ကျမ အီလည်လည် ဖြစ်သွားတယ်။
ဘာပြောလို့ ပြောရမှန်း မသိအောင် နှုတ်ဆွံ့သွားတယ်။ အဲ … မဟုတ်ဘူး … ဘာရေးလို့ ရေးရမှန်း မသိအောင် လက်တွန့်သွားတာ။ နောက်တော့ … အင်း …. ဟုတ်လည်း ဟုတ်ပါတယ် လို့သာ ကျမ ဖြေတွေးလိုက်တယ်။ ပိစိ စဉ်းစားလည်း စဉ်းစားချင်စရာပေါ့။ ဒီလို စဉ်းစားတာကို ကြိုဆိုပါတယ်။ (ဒါမှလည်း ရှင်းပြခွင့်ရမယ်လေ။)

ဒါတွေဟာ အကြောင်းမဲ့ ဖြစ်လာရတာတော့ မဟုတ်ပါဘူး ။ ကျမ လေ့လာမိသလောက် ပြောရမယ်ဆိုရင်
ထုံးစံအတိုင်း ရှည်ရှည်ဝေးဝေး ပြောမှ ဖြစ်မှာမို့ … ဖတ်သူများကို အားတော့နာပါရဲ့။ သို့ပေသိ တတ်နိုင်ဘူး။ ဖတ်ထားသည့်စာ မနေသာတော့လည်း ဟိုသည် ကိုးကားပြီး ရေးလိုက်ရပြန်ပြီပေါ့။
***
“ဝေါဟာရ အစ အသံက”
ဝေါဟာရစကား ဖြစ်လာပုံဟာ သဒ္ဒ လို့ ခေါ်တဲ့ “အသံ” ကြောင့်ပါတဲ့။
အသံဖြစ်ကြောင်း ၄-မျိုး ရှိပါတယ်။
စိတ်ကြောင့်ဖြစ်တဲ့ အသံ၊ ဥတုကြောင့်ဖြစ်တဲ့အသံ၊ စိတ်ရဲ့ အထောက်အပံ့ကြောင့် ဖြစ်တဲ့အသံ နဲ့ ဥတုရဲ့ အထောက်အပံ့ကြောင့် ဖြစ်တဲ့အသံ ရယ်လို့ ၄-မျိုးရှိတယ်။

ကျမတို့ နေ့စဉ် စကားပြော နေကြတဲ့ အသံဟာ စိတ်ကြောင့် ဖြစ်တဲ့ အသံပေါ့။ မိုးခြိမ်းသံ လေတိုက်သံ တို့ကတော့ ဥတုကြောင့်၊ စောင်းသံ, ပုလွေသံ စတာတွေကတော့ စိတ်ရဲ့ အထောက်အပံ့ကြောင့်ဖြစ်ပြီး လေတိုက်ခတ်လို့ သစ်ရွက်အချင်းချင်း ထိခတ် မြည်တဲ့အသံကတော့ ဥတုရဲ့ အထောက်အပံ့ကြောင့် ဖြစ်တဲ့ အသံတွေ အသီးသီး ဖြစ်ကြပါသတဲ့။

“အက္ခရာ ဆိုတာ …”
အဲဒီလို ဖြစ်လာတဲ့ အသံတွေ မပျောက်မပျက် တည်နေရအောင် ၀ါးပေါ်မှာ၊ ဖယောင်းပေါ်မှာ၊ သားရေပေါ်မှာ၊ ကြေးပြား ရွှေပြားတွေပေါ်မှာ၊ အုတ်ခွက်,ပေ, ပရပိုက် စတဲ့ ပစ္စည်းတွေပေါ်မှာ အမှတ်သညာ ရေးထိုး ထားကြပါတယ်။ ဒီအသံတွေကို ရေးထားတဲ့ သညာ အမှတ်အသားကိုပဲ အက္ခရာလို့ ခေါ်ခြင်းဖြစ်ပါတယ်။

အက္ခရာ ဆိုတာ “မကုန်ခမ်းနိုင်သော” .. လို့ အနက်အဓိပ္ပါယ်ရပါတယ်။ ဘယ်လို မကုန်ခမ်းနိုင်တာလဲ … ဆိုရင် ခုန ပြောခဲ့တဲ့ အသံတွေ စကားတွေ၊ လောကမှာ ရှိရှိသမျှ အရာဝတ္ထု အစုစုတွေကို ရေးမှတ်သော်လည်း မကုန်ခမ်း နိုင်ဘူးတဲ့။

“ဗျည်း နဲ့ သရ”
ဗျည်းကို သရနဲ့ ပေါင်းမှ အသံထွက်ပါတယ်။ က+အ = က့ ဆိုတဲ့ အသံထွက်တယ်။
က + အာ = ကာ .. စသဖြင့်ပါ။ ဗျည်းတခုတည်းရဲ့ အသံက တိုလွန်းလို့ မပီသပါဘူး။ မထင်ရှားဘူး။ ဒါကြောင့် သရနဲ့ တွဲရပါတယ်။

“က-ခ နှင့် အခြားဘာသာစကား”
ကကြီး-ခကွေး-ဂငယ်ဆိုပြီး (ကြီး၊ ကွေး၊ ငယ် လို့ ထည့်သွင်း) ရွတ်ဖတ်ခြင်းကတော့ မြန်မာဘာသာ မှာသာ ဖြစ်ပါတယ်။
ပါဠိမှာ … က၊ ခ၊ ဂ၊ ဃ၊ င လို့သာ ရွတ်ဖတ်ပြီး သီဟိုဠ်မှာတော့ ကယာန၊ ခယာန၊ ဂယာန လို့ရွတ်တယ်လို့ သိရတယ်။ တမိလ် ဘာသာမှာဆိုရင် ကနာ၊ ခနာ၊ ဂနာ .. တဲ့။ ဗင်္ဂါလီဘာသာမှာကတော့ ကော၊ ခေါ၊ ဂေါ .. လို့ ရွတ်ဖတ်ပြီး မွန်ဘာသာမှာတော့ ကဲ့၊ ခဲ့၊ ဂဲ့ စသည်ဖြင့် ရွတ်ဖတ်ကြပါသတဲ့။ ထိုင်းမှာတော့ ကောကိုင်၊ ခေါခိုင် လို့ ရွတ်ဖတ်တယ်လို့ ကိုသက်ဦးက ကွန်မန့်ထဲမှာပြောဖူးတယ်။

“က-ကြီး လို့ ဘာကြောင့်ခေါ်”
က-ကြီးလို့ ဘာလို့ ခေါ်ရတယ် ဆိုတာတွေကို “ကျမနှင့်ကကြီး ခကွေး ပို့စ်” မှာ ရေးခဲ့ပြီးပါပြီ။ အခု ထပ်ပြောပါဦးမယ်။ ဂငယ် နဲ့ ဃကြီးမှာ ငယ်ခြင်း ကြီးခြင်းဟာ အရွယ်အစားကို ပြောတာ ဖြစ်ပေမယ့် ကကြီးမှာတော့ အရွယ်အစားကြီးခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဦးဆုံးစာလုံး (ဦးဆောင်သူ)ဖြစ်တဲ့အတွက် “ကြီး” ဆိုတဲ့ ၀ိသေသန ထည့်ဆိုခြင်း ဖြစ်ပါသတဲ့။ ဥပမာ - ရပ်ကွက်ထဲမှာ အရာရာ ဦးဆောင်သူကို ရပ်ကွက်လူကြီး ခေါ်သလိုပေါ့။ ရပ်ကွက်လူကြီး ခေါ်တိုင်း အသက်/အရွယ် ကြီးချင်မှလည်း ကြီးမယ် မဟုတ်လား။

“အသံကို အက္ခရာဖြင့် သရုပ်ဖော်ခြင်း”
ဒီတော့ အစကို ပြန်ကောက်ရရင် … အမျိုးမျိုးသော အသံတွေကို စာနဲ့ပုံဖော်တဲ့အခါမှာ နားလည်အောင် ရေးပြဖို့အတွက် အက္ခရာတွေကို တီထွင် လာကြတာပါ။ ခေါ်ဝေါ်ပြောဆို နေကြတဲ့ အသံတွေကို မှီအောင် ဒီဗျည်းတွေ သရတွေနဲ့ ရုပ်လုံးဖော်ကြတယ်။

“ကွာခြားပုံ”
အသံမှာ အရှည်-အတို၊ အလေး-အပေါ့၊ အလျော့-အတင်း .. စသဖြင့် (၁၀) ပါး ရှိပါသေးတယ်။ ဒီနေရာမှာ အားလုံးကို မပြောတော့ဘဲ … အလျော့-အတင်း ဆိုတာကိုပဲ ကြည့်ရအောင်။
တချို့ အက္ခရာတွေရဲ့ အသံကို မာမာတင်းတင်း ရွတ်ဖတ်ရပါမယ်။
ဘယ်အက္ခရာတွေလဲ ဆိုတော့ …
(၁၊ ၂၊ ၃၊ ၄၊ ၅)
က၊ ခ၊ ဂ၊ ဃ၊ င
စ၊ ဆ၊ ဇ၊ ဈ၊ ည (စသည်ဖြင့် စီတန်းရေးတဲ့အခါ နံပါတ် ၂ နဲ့ နံပါတ် ၄ အက္ခရာတွေဖြစ်တဲ့) ခ၊ ဃ၊ ဆ၊ ဈ၊ ဌ၊ ဎ၊ ထ၊ ဓ၊ ဖ၊ ဘ တို့ပါပဲ။

သံဃာတော်တွေ ကမ္မ၀ါဖတ်တဲ့အခါ သတိထား နားထောင်ကြည့်ရင် …. “သံဃော” ဆိုတဲ့နေရာမှာ ဃော ကို မာမာတင်းတင်း ရွတ်ဖတ်လေ့ရှိပါတယ်။ ဒီလိုပဲ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ .. မှာလည်း .. ဗုဒ်ဓမ် (ဓမ်ကိုတင်း) သရဏံ ဂစ်ဆာမိ (ဆာ ကိုတင်း)ပြီး ရွတ်ဖတ် တာကို ကြားနိုင်ပါတယ်။
ကျန်အက္ခရာတွေကို ဖတ်ရာမှာတော့ သံလျော့ နဲ့ ဖတ်ရပါမယ်။ ကျန်အက္ခရာ ဆိုတော့ နံပါတ် ၁၊ ၃၊ ၅ ခုမြောက် အက္ခရာတွေ ဖြစ်တဲ့ က၊ ဂ၊ င၊ စ၊ ဇ၊ ည၊ ဋ၊ ဍ၊ ဏ၊ တ၊ ဒ၊ န၊ ပ၊ ဗ၊ မ တို့ပါပဲ။

ဒါကို ကြည့်မယ်ဆိုရင် … ဂ ငယ်နဲ့ ဃကြီး၊ စလုံး နဲ့ ဆလိမ် အသံထွက်ပုံ ကွာခြားချက်ကို သိနိုင်ပါပြီ။ ဆဋ္ဌသင်္ဂါယနာ ဆိုတဲ့နေရာမှာ သင်္ဂါကို သံဃာ လို ဃကြီးသံနဲ့ ဖတ်ဖို့မလိုပါဘူး။
“ဒီမှာစား” ဆိုတာနဲ့ “ဒီမှာ ဆား” ဆိုတာနဲ့လည်း အဓိပ္ပါယ်ချင်း မတူသလို အသံထွက်ချင်းလည်း မတူပါဘူး။

နောက်တခါ အက္ခရာ ဖို မ ဆိုပြီးလည်း ရှိပါသေးတယ်။
ခုနကလို နံပါတ်နဲ့ ပြောမယ်ဆိုရင် အက္ခရာ နံပါတ် ၁၊ ၃၊ ၅ က ဖိုဖြစ်ပြီး ၂ နဲ့ ၄ က မ-ဖြစ်ပါတယ်။
က၊ ခ၊ ဂ၊ ဃ၊ င (က၊ ဂ၊ င = ဖို) (ခ၊ ဃ = မ) ကျန်အက္ခရာတွေ အဲဒီအတိုင်းပါပဲ။
စာလုံးပါဌ်ဆင့်တွေ ဆင့်တဲ့အခါမှာ ….
* ဖို အချင်းချင်း ဆင့်ခွင့်ရှိတယ်။ မ-အချင်းချင်း ဆင့်လို့မရပါ။
ဥပမာ - က္က၊ ဂ္ဂ (က ၂-လုံးဆင့်၊ ဂ ၂-လုံးဆင့်) ခ နဲ့ ဃ ကို ၂-လုံးဆင့်လို့ မရပါဘူး။ နောက်ဆုံး င-ကတော့ အားလုံးပေါ်မှာ ဆင့်လို့ရပါတယ်။ ဆင့်တဲ့အခါ -င်္ (ကင်းစီး) အနေနဲ့ အသွင်ပြောင်းပြီး ဆင့်ပါတယ်။ ၀င်္ကပါ၊ သင်္ခါရ၊ အင်္ဂါ .. စသည်။
* မ-က ဖိုရဲ့ အောက်မှာ သွားဆင့်ရတယ်။ ဆင့်တဲ့အခါမှာ ၁-အောက်မှာ ၂-သာဆင့်ရတယ်၊ ၃-အောက်မှာ ၄- သာ ဆင့်ရပါတယ်။
ဥပမာ .. အက္ခရာ၊ အနဂ္ဃ .. စသည်။

ဒါကိုကြည့်ခြင်းဖြင့် ဃကြီး ဏကြီး စသည်တို့ဟာ အပိုသက်သက် ထည့်ထားခြင်း မဟုတ်ဘူး၊ တခုနဲ့ တခု ကွာခြားတယ် ဆိုတာ သိနိုင်ပါတယ်။

သကြီး “ဿ” ဆိုတာကတော့ သ နှစ်လုံးကို ဆင့်ထားတဲ့ ပါဌ်ဆင့်ဖြစ်တယ်။ သူက အက္ခရာ မဟုတ်တဲ့အတွက် ဒါကြောင့် ဗျည်း ၃၃ လုံး ထဲ မပါရခြင်း ဖြစ်ပါတယ်။ ဒီလောက်ဆို ပိစိ သဘောပေါက် မလား၊ ပိုပြီးတော့ပဲ ရှုပ်ထွေးသွားမလား မပြောတတ်ပါဘူး။ တကယ်ဆို ဒီ့ထက် ရှည်ရှည်ဝေးဝေး ရှင်းပြချင်ပါတယ်။ အချိန်မရတာက တကြောင်း၊ ဖတ်ရတာ ငြီးငွေ့ မှာစိုးတာက တကြောင်းမို့ ပိစိရဲ့ ကွန်မန့်နဲ့ အနီးစပ်ဆုံး လောက်သာ ဆွဲယူရှင်းပြထားတာပါ။ ဒါတောင် တော်တော် ရှည်လှပြီ။

တလက်စတည်း … ဒီနေရာမှာ … စာဖတ်ခြင်း စာရေးခြင်းနဲ့ ပတ်သက်ပြီး ဆရာမင်းသုဝဏ်ရဲ့ ဟောပြောချက်ကို ကိုးကားပါရစေဦး။
***
ရှေးရှေးအခါက အက္ခရာ အရေးအသား၊ စာအရေးအသား မပေါ်သေးလေတော့ တယောက်နဲ့ တယောက် နားလည်မှုအတွက် နှုတ်ပြောစကားသံဟာ အရေးကြီးခဲ့မှာပါပဲ။ ကိုယ်ပြောလိုတာကို ပီပီသသနဲ့ ပြောနိုင်မှ တဖက်သားက နားလည်မှာပဲ။

နောက် အက္ခရာ အရေးအသား ပေါ်လာတဲ့အခါ ဘယ်ဟာကို ဘယ်လိုရေးရမယ်ဆိုတဲ့ ရေးထုံးစည်းမျဉ်းတွေ ပေါ်လာရပါတယ်။ အဲဒီရေးထုံး စည်းမျဉ်းတွေ သတ်ပုံအတိုင်း ရေးပါမှ လိုရာအနက် ပေါက်ပြီး တဖက်သားက နားလည်မှာပါပဲ။ ဥပမာ မြို့ဝန်ကို နသတ်ရေးရမှာ သေးသေးတင်နဲ့ ရေးရင် မြို့ဝန် မဖြစ်တော့ဘဲ တောက ၀ံသတ္တ၀ါ ဖြစ်ရမှာပါပဲ။

အဲဒီတော့ အက္ခရာပေါ်တဲ့ ခေတ်ကျတော့ တဦးနဲ့ တဦး ဆက်ဆံရာမှာရော အတွေးအခေါ် အကြံဉာဏ်တွေကို ဖလှယ်ကြရာမှာရော နှုတ်မြွက်စကားကိုချည်း မသုံးဘဲ အရေးအသားနဲ့လည်း ကိစ္စပြီးနိုင်တာမို့ ရေးထုံးဥပဒေတွေကို အလွန်ပဲ အလေးပြု ဂရုစိုက် ကြရပါတယ်။
ဥပမာ ပိဋကတ် သုံးပုံဟာ မြန်မာပြည်၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေကို ပျံ့နှံ့လာရာမှာ နှုတ်ပြော စကားကြောင့် သက်သက်မဟုတ် အက္ခရာ အရေးအသားကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီတော့ အက္ခရာကို မှန်မှန်ကန်ကန် ရေးတတ်ကြဖို့ ရှေးက အလွန်ပဲ ကြိုးစားအားထုတ် ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပါဠိသဒ္ဒါ ကျမ်းတွေ အမျိုးမျိုး ပေါ်ခဲ့ရတာပါပဲ။

နောက် ကျွန်တော်တို့ခေတ် ရောက်လာတော့ ပုံနှိပ်စာလုံးနဲ့ ပုံနှိပ်စက်က ရှိလေတော့ အရေးအသားဟာ သိပ်ပြီး တိုးတက်များပြား လာပါတယ်။ ရေဒီယို အသံလွှင့်နည်း အသံဖမ်းနည်းတွေ ထွန်းကားလာပြန်တော့ ဟောချက် ပြောချက် သတင်းလွှင့်ချက် ဆိုတဲ့ နှုတ်ပြော အသံတွေဟာလည်း တနေ့လုံးလိုလို လေထဲမှာ ပျံ့နှံ့နေပါတယ်။ အဲဒီတော့ အခုခေတ်မှာ ရေးထုံးမူမှန်သာ အရေးကြီးတာ မဟုတ်ပါဘူး။ ပြောထုံးမူမှန်ဟာလည်း အရေး အလွန်ကြီးလာပါတယ်။

အခုခေတ် အင်္ဂလိပ်စကားနဲ့ အသံလွှင့်တာကို ကြည့်ပါဦး။ ဘီဘီစီကလည်း လွှင့်ပါတယ်။ နယူးဒေလီကလည်း လွှင့်ပါတယ်။ ဘီဘီအက်စ်ကလည်း လွှင့်ပါတယ်။ တခြားနေရာ အများကလည်း လွှင့်ပါတယ်။ အဲဒီလွှင့်တဲ့ လူတွေဟာ ဘီဘီစီက စံပြအသံကို နမူနာထားပြီး မတူတူအောင် ကြိုးစားပြောဆိုကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အသံထွက်ချင်း မတူရင် လူနားအလည် လွဲမှာစိုးလို့ပါပဲ။ အဲဒါကြောင့် ပြောထုံးမူမှန်ဟာ အခု အထူးအရေးကြီး လာပါတယ်။ အခု ပြည်ထောင်စု မြန်မာနိုင်ငံမှာလည်း မြန်မာစကားဟာ ရုံးသုံးစကား ဖြစ်တဲ့အတိုင်း လွှတ်တော်၊ ရုံးတော်၊ ကျောင်းကြီး ကျောင်းငယ်များမှ စပြီး အသုံးပြုနေရတဲ့ စကားဖြစ်လေတော့ ပီပီသသ ဌာန် ကရိုဏ်းကျကျ ဆိုတတ်၊ ပြောတတ်၊ ရွတ်တတ်၊ ဖတ်တတ်ပါမှ လိုရာအကျိုး ပြီးစီးနိုင်ပါလိမ့်မယ်။
***
ဒီတော့ ပိစိရဲ့ ကွန်မန့်ကို ပြန်ကောက်ရမယ်ဆိုရင် … ပိစိ ဘာကြောင့် အဲဒီလို စဉ်းစားမိတာလဲ … ။ အားမနာတမ်း ပြောရရင်တော့ မူလ ဘူတ အခြေခံကို မသိလို့ စဉ်းစားမိတယ်လို့သာ ပြောပါရစေတော့။ မသိလို့ ဆိုတာကတော့ အကြောင်းမဟုတ်ပါဘူး။ မသိရင် သိအောင် လေ့လာလို့ ရပါတယ်။ (သိလျက်နဲ့တော့ ခုလို မပြောတန်ကောင်းဘူး ထင်ပါရဲ့)

ဒါကြောင့် မြန်မာစာ ရေးဖတ်နေကြတဲ့ သူတိုင်းဟာ မြန်မာစာပေရဲ့ အခြေခံဖြစ်တဲ့ ကကြီး ခကွေး အက္ခရာတွေကို သေချာစွာ လေ့လာသင့်တယ်လို့ ထင်ပါတယ်။
ဒါ့အပြင် ယပင့်၊ ရရစ်၊ ၀ဆွဲ၊ ဟထိုး .. အဲဒါတွေကိုလည်း ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတာ သိသင့်တယ်။ တော်တော်များများ မှားရေးတတ်ကြတာ ခဏခဏ ဖတ်နေရလို့ပါ။ ရပင့်၊ ရရစ်၊ ၀က်ဆွဲ၊ ဟတ်ထိုး တဲ့။
အဲဒီလိုတွေ ရေးကြ ပြောကြတဲ့သူတွေကို ကြည့်လိုက်ရင် ပညာတတ်တွေချည်း ပါပဲ။ ဒီတော့ ဒါတွေဟာ အမှားကြာရင် အမှန်ဖြစ်သွားမှာလား။ ပညာတတ် အများစုက လက်ခံတာနဲ့ အမှန်ဖြစ်သွားရောလား။

ဆရာမ မစန္ဒာ ရဲ့ ၀တ္ထုထဲကလို မြန်မာစာကို ဖျက်သူဟာ မြန်မာတွေ မဖြစ်စေချင်ပါဘူး။ ခေတ်အဆက်ဆက် မပျက်ယွင်းရအောင် တယောက်တလက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ကျမတို့ရဲ့ မြန်မာစာပေဟာ စည်းကမ်းကြီးတဲ့ စာပေ ဖြစ်ပါတယ်။ သေးသိမ်နုတ်ညံ့တဲ့ စာပေ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်အောင်လည်း ပြောင်းလဲ မပစ်ကြပါနဲ့။ စာတို့ စကားတို့ဟာ အချိန်ကြာလာသည်နဲ့အမျှ ပြောင်းလဲတတ်တယ် ဆိုတာ မှန်ပါတယ်။ ပြောင်းလဲရာမှာ မူရင်း မပျောက်ပျက် စေဖို့နဲ့ ကောင်းသော ပြောင်းလဲခြင်းသာ ဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာစာပေ မြင့်မားအောင် မလုပ်ဆောင်ချင် နေပါ၊ ပျက်စီးအောင်တော့ မဖျက်ဆီးပစ်ကြပါနဲ့လို့ ကျမ တောင်းပန်ရင်း … ဒဂုန်ဦးစန်းငွေရဲ့ စာပိုဒ်လေးနဲ့ နိဂုံးချုပ်ပါရစေ … ။

“မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား ဟု ဆိုကုန် ကြွေးကြော်ကြကုန်သည်။ နီတိ ဆောင်ပုဒ် ထုတ်ကြကုန်သည်။ ထိုဆောင်ပုဒ်နှင့် ညီအောင် မင်္ဂလာကျက်သရေ တင့်ဖြိုးဝေလှသော တို့စာ၏ ရေးထုံး ရင်းမြစ်ကိုလည်းကောင်း၊ ပြောထုံး ဖတ်ထုံး ရင်းမြစ်ကိုလည်းကောင်း စနစ်တကျ သိရှိကျွမ်းကျင်အောင် ကြိုးစား၍ လေ့လာဆည်းပူး အားထုတ်အပ်၏။”
***
မေတ္တာဖြင့်
မေဓာဝီ
14th May, 2007
11:35 pm
***
ကိုးကား
(၁) ဒဂုန်ဦးစန်းငွေ၏ သဒ္ဒါကိုလေ့လာခြင်း။
(၂) ဟံသာဝတီဦးဘရင်၏ မြန်မာစာအခြေပြ။
(၃) မင်းသုဝဏ်၏ ပန်းနှင့်ပင်စည်။

(၄) ကိုသက်ဦး၏ ကွန်မန့်။

Read More...

Monday, May 14, 2007

မောင်လေးရဲ့ ကဗျာ

၁၉၉၆ ခုနှစ်က ကျမမောင်လေးနဲ့ သူ့သူငယ်ချင်းတွေ စုပြီး ကဗျာစာအုပ်လေး တအုပ် ထုတ်ခဲ့ကြပါတယ်။
သူ့မွေးနေ့ကတင်လိုက်တဲ့ “အသုံးမ၀င်တော့သော” ကဗျာက အဲဒီ စာအုပ်လေးထဲကပါ။ အဲဒီကဗျာကို ကြိုက်လို့ ဂျာနယ်ထုတ်တုန်းက ပြန်ပြီး သုံးခဲ့ဖူးသေးတယ်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ် ဆိုရမလားတော့မသိဘူး အဲဒီစာအုပ်ထဲမှာ ပါတဲ့ သူ့ကဗျာ ၃-ပုဒ် လုံးကို ကျမကြိုက်ပါတယ်။ “အသုံးမ၀င်တော့သော” ကိုတော့ အကြိုက်ဆုံး ပေါ့။

အခုဖော်ပြမယ့် နောက်တပုဒ်ကတော့ “မှားယွင်းမှု အစစ်အမှန်များ” … တဲ့။ ဖတ်ကြည့်ကြပါအုံး။
***
မှားယွင်းမှု အစစ်အမှန်များ

ဖန်ပေါင်းချောင်ထဲက
အစမ်းသပ်ခံ ပိုးမွှားတစုရဲ့
လွတ်လပ်ရေး ညည်းတွားသံထင်ရဲ့
မိုးကြိုးပစ်သံလို မြည်ဟည်းလို့
နားနဲ့မဆန့်လို့ လျှံကျလာတဲ့အထိ … ။

အဲဒီအသံဟာ
မုသားငှက်တကောင်အသွင်နဲ့
ပြိုကျလုလု တိုက်နံရံတခုထက်မှာ
သွေးအေးစွာ ချိတ်ဆွဲခံရ
ချူချာနေတဲ့ ဂီလာနဆေးသား တချို့ကတော့
ပက်ကြားအက်နေလေရဲ့ … ။

ပီကေလို ကြိတ်ဝါးခံနေရတဲ့
မုသားအစစ်အမှန်တို့
တခါတခါ နန်းတော်ကြီးဖြစ်လိုဖြစ်
ထစ်ခနဲရှိ လှစ်လှစ်ပြတတ်တဲ့
အမှန်တရား အပျိုမကတော့
ပြည့်တန်ဆာ ဖြစ်သွားခဲ့ … ။

ဝမ်းနည်းပါတယ်ကွယ် ….
တကယ့်တကယ် ဖြစ်နေတဲ့
အတုအယောင်တွေကြားထဲ
ဆေးသားမဲ့ ပန်းချီကားတချပ်ဟာ ..
အစစ်ဖြစ်သွားတယ် … ။ … ။


(ပဏ္ဍိ)
***
(အလုပ်မအားလို့ စာအသစ် မရေးနိုင်တာနဲ့ မောင်လေးကဗျာနဲ့ ခုလို အကြံအဖန် လုပ်လိုက်ရတာပါ။)
***
14th May, 2007
9:30 am

Read More...

Sunday, May 13, 2007

ဖတ်ခဲ့မိသော ၀တ္ထုတပုဒ်

မကြာသေးခင်က စာရေးဆရာမ မစန္ဒာရဲ့ “အပိန်နှင့် အပဲ့တို့၏ သမိုင်း” ဆိုတဲ့ ၀တ္ထုလတ်တပုဒ် ဖက်ရှင် အင်းမေ့ခ်ျ မဂ္ဂဇင်းထဲ ဖတ်လိုက်ရပါတယ်။ ဒီဝတ္ထုလေး သဘောကျလို့ ကိုသံလွင်ကဲ့သို့ ကျနော့်အကြိုက်ဆိုပြီး ဘလော့ပေါ် တင်ရကောင်းမလား စဉ်းစားမိသေးတယ်။ ဒါပေမဲ့ သူများဝတ္ထုကို အစအဆုံး ပြန်ရိုက်ရမှာ ပျင်းတာကြောင့် အနည်း အကျဉ်းမျှသာ ကောက်နုတ်ပြီး ဖော်ပြလိုက်ပါတယ်။ အားလုံးလည်း သဘောကျမယ် ထင်ပါတယ်ရှင်။
***
ဒီဝတ္ထုထဲက အဓိက ဇာတ်ဆောင် ဦးဘတူဟာ အငြိမ်းစား ကျောင်းဆရာ တဦးပီပီ လူတကာကို သူ့တပည့်လို့ ထင်မှတ်ပြီး စိတ်တိုင်းမကျရင် မကျသလို အချိန်မရွေး နေရာမရွေး လူမရွေးဘဲ ဆူတတ် ငေါက်တတ်ပါသတဲ့။
ဒါကို စာရေးသူက ခုလို ပုံဖော်ထားပါတယ်။


“နှုတ်ခမ်းလည်း မကွဲ၊ သွားလည်း မကျဲ၊ လျှာလည်း မပြဲဘဲနဲ့ မြန်မာစကားကို မြန်မာက ဘာလို့ ပီအောင် မပြောနိုင်ကြတာလဲကွ ဟေ …
“ဒီခေတ်ကလေးတွေက ဘာဖြစ်နေကြတာလဲကွ ..ဟေ၊ စလုံးနဲ့ ဆလိမ် မကွဲတော့ဘူးလား”
“ဘာမကွဲလို့လဲ ဦးကြီး” ဒါကတော့ သူ့တူတော်မောင် မောင်ကိတ်ဆိုသူရဲ့ အမေးပါ။
“ဆလိမ် အသံထွက်တွေကို စလုံးအသံတွေ ထည့်ပြောနေတာလေ … စွဲစောင်တဲ့၊ စောင်ရွက်တဲ့၊ စုံးမတဲ့၊ စောက်လုပ်တဲ့၊ လုပ်စောင်တဲ့ ကဲ” ..

အဲဒါဖတ်ရင်း ကျမလည်း စလုံးနဲ့ ဆလိမ် ကွဲအောင်မပြောနိုင်တာကို သတိရမိတယ်။ အမေဆို ကျမကို အမြဲပြောနေကျ။ အမေပြောတိုင်းလည်း ကျမက ဆင်ခြေပေးနေကျ။ အင်း .. အဲဒါထားပါတော့ .. ။
ဦးကြီးဘတူ အဲဒီလို ပြောပေမဲ့ သူ့မိန်းမ ဒေါ်ကြီးကိုယ်တိုင်က ဘယ်လို ပြောသလဲ ကြည့်။

“သူ့ဟာသူ ဆောက်လုပ်ချင်လုပ်၊ စောက်လုပ်ချင်လည်းလုပ်၊ နားလည်တာကတော့ နားလည်နေတာပဲ မဟုတ်လား ကိုတူကြီးရယ်” တဲ့။

မိန်းမကိုယ်တိုင်က အဲဒီလိုဆိုတော့ သူက လူနိုင်ဖြစ်တဲ့ မောင်ကိတ်ကို သူ့ဘက် ဆွဲထည့်တဲ့ အနေနဲ့ ပြောပုံက ခုလိုပါ။

“ဟေ့ ဒီမှာ မောင်ကိတ်”
“ဗျာ ဦးကြီး”
“မြန်မာစကားနဲ့ မြန်မာစာကို ဘယ်သူတွေ ဖျက်ဆီးနေတာလဲ သိလား”
“နိုင်ငံခြားသားတွေ”
“မင်း အမေ နိုင်ငံခြားသားလားကွ။ မြန်မာစာ မြန်မာစကားကို ဖျက်နေတာ မြန်မာတွေပဲ ဟကောင်ရ”
…. …. ….
“ပြောပြန်ရင်လည်း အသံမမှန်၊ ရေးပြန်တော့လည်း သဒ္ဒါမမှန်၊ တာတေကို လန်နေကြတာပဲ၊ ခုနတုန်းက မင်းရဲ့ဒေါ်ကြီးက ပြောတယ်၊ နားလည်တာက နားလည်နေကြတာပဲ တဲ့။ မင်းဘယ်လို သဘောရလဲ။ ဆောက်လုပ် ဆိုတာကို စောက်လုပ်လို့ ပြောနေတာကို ဘယ်လိုလုပ်ပြီး နားလည်ရမှာလဲ၊ အဲဒီစကားနှစ်ခွန်းဟာ အများကြီး ကွဲသွားတယ်။ အဓိပ္ပါယ် မတူဘူး။ အသံထွက်လည်း မတူဘူး”

မောင်ကိတ်ကတော့ ထောက်ခံနေရတာပေါ့။ ကြောက်လို့နဲ့ သူ့အမေငှားခိုင်းတဲ့ ဇိနတ္ထပကာသနီ စာအုပ် ငှားချင်လို့ရယ်ပါ။ ဦးကြီးဘတူက ဆက်ပြောသေးတယ်။

“မနေ့တုန်းကပဲ လုံးချင်းစာအုပ် ကောက်ဖတ်မိပါတယ်။ စာရေးဆရာက အရေးအသားလေး မဆိုးပါဘူး။ ဦးတည်ချက်လည်း ရှိပါရဲ့။ ဒါပေမဲ့ သဒ္ဒါတွေ မှားလိုက်တာ သောက်သောက်ကို လဲလို့”

နာမ၀ိသေသနဆိုရင် နာမ်ရဲ့ရှေ့မှာ ကပ်ရမယ်၊ ကြိယာဝိသေသန ဆိုရင် ကြိယာရဲ့ ရှေ့မှာ ကပ်ရမယ် … စသဖြင့် ဦးကြီးက ဥပမာတွေနဲ့ ရှင်းပြပါတယ်။ ဒါကို ဒေါ်ကြီးက နားကြားပြင်း ကတ်လာပြီး ၀င်ပြောပုံကို ဆရာမ မစန္ဒာက ရေးဖွဲ့ထားပုံက …

“မှားရင်လည်း သက်ဆိုင်ရာလူတွေရှိတယ်။ ပြင်ကြလိမ့်မယ်။ ရှင်က အနေသာကြီးပါနော်”
“ငါလည်း မနေသာဘူး။ မင်းလည်း မနေသာဘူး။ ဒါဟာ အားလုံးနဲ့ဆိုင်တယ်”

“ဒီနေ့ မနက် လမ်းလျှောက်တုန်းကတောင် တွေ့ခဲ့ရတာလေ၊ ဟိုသွပ်ပြားကြီး ကာထားတဲ့နေရာ မှာပေါ့၊ စည်းကမ်းမဲ့ အမှိုက်မစွန့်ရ တဲ့။ ကဲ ဒီတော့ စည်းကမ်းရှိတဲ့ အမှိုက်ဆိုရင်တော့ စွန့်လို့ရတယ်ပေါ့ ဟုတ်လား”
“ဒီလိုဆိုရင် စည်းကမ်းမဲ့စွာ အမှိုက်မစွန့်ရ လို့ ရေးရမှာလား ဦးကြီး။ ဒါမှမဟုတ်ရင်လည်း အမှိုက်ကို စည်းကမ်းမဲ့ မစွန့်ရလို့ ရေးရင်ရော”
ဒီတခါတော့ ဦးကြီးဘာမှ မပြောမီ ဒေါ်ကြီးက
“အမှိုက်မစွန့်ရ ဆိုရင် ပြီးပြီဟေ့။ လိုရင်း တိုရှင်းပဲ” ဟု ဦးအောင် ၀င်ပြောသည်။ ထို့နောက် …
“ဘယ်လိုပဲရေးထားထား အဲဒီနေရာမှာ အမှိုက်မပစ်ဖို့ တားမြစ်ထားတယ် ဆိုတာ လူတိုင်းနားလည်ပါတယ်” ဟု ခပ်တင်းတင်းဝင်ပြောကာ ဆိုက်နေကျ ဘူတာကို ကမန်းကတန်း ၀င်ဆိုက်ပစ်လိုက်လေသည်။
***
သူတို့သမီးက မဘူးသီးတဲ့။ မဘူးသီးရဲ့ သူငယ်ချင်း မိုးကေသွယ်က ဒေါ်ကြီးစားဖို့ ကိတ်မုန့်လာပေးတာကို ဦးကြီးဘတူက ကြားဖြစ်အောင် ကြားလိုက်သေးတယ်။

“အဲဒီ ကိတ်မုန့်ဘူးကို နင့်အမေကို လှမ်းပေးရင်း ဒီမှာ အန်တီ့အသွက် .. တဲ့”

တချို့လူတွေ သ-နဲ့ တ-ကို မပီကြဘူး ဆိုတာ ကျမလည်း သတိထားမိတယ်။ ရုပ်ရှင်သရုပ်ဆောင် တွေကအစပေါ့။ တချို့ကတော့ တမင်ကို မပီကလာလုပ်ပြောတာ။ တချို့ကတော့ မပီတာပါ။
“အတွက်” ကို “အသွက်” လို့ မပီကလာ ပြောတတ်တဲ့ မိုးကေသွယ်က မြန်မာ့အသံမှာ သတင်းကြေညာတဲ့ အလုပ် လျှောက်မလို့ဆိုတာ သိရတော့ ဦးကြီးဘတူက ခုလို ပြောပြန်တယ်။


“သတင်းကြေညာတဲ့လူရဲ့ အသံက ထူရမယ်၊ လုံရမယ်၊ ပီရမယ် သမီးရဲ့။ ခုတော့ သူ့အသံက ပါးလျှပ်လျှပ်ကလေးနဲ့ .. ‘စောက်လုပ်ရေးလုပ်သားကြီး အသွက် စန်တအိတ်၊ စီတပုံး ပေးအပ်ခဲ့သည်’ လို့ ကြေညာ မလို့လား။ ‘ကျောင်းအုပ်ဆရာမကြီးက စုံးမ စကားများ ပြောကြားခဲ့သည်’ ‘မြန်မာ့အတံမှ အတံလွှင့် နေပါသည်’ ဆိုတာမျိုးတွေ ကြေညာနေရင် အခက်”

ဒီနောက်မှာတော့ သူတို့အိမ်က အကူကောင်မလေး ၀င်လာတဲ့အခါ ပိုဆိုးတော့တာပါပဲ။ နှင်းဆီမွှေးလို့ အမည်ရတဲ့ ကောင်မလေးက ဆီကုန်နေလို့ ဆီဝယ်ဖို့လာပြောတာက …
“အမေကြီး စီကုန်ခါနီးပြီ”
ဒါကိုကြားတဲ့ ဦးကြီးဘတူက …
“ဆန်ရော ရှိသေးလား”
“စန်ကတော့ ရှိပါသေးတယ် ဘဘကြီး”
“ဆားရော”
“စားလည်း ရှိပါသေးတယ်”
အဲသလိုတွေ လျှောက်မေးနေပြီး အဖြေကိုကြားရတော့ စိတ်တိုလာရော … ။
“နင် ဆန်လို့ မခေါ်တတ်ဘူးလား …”
“ခေါ်တတ်ပါတယ် ဘဘကြီး”
“ကဲ ခေါ်ကြည့်စမ်း … ဆန်”
“စန် အဲ ဆန်”
… … ….
“ကဲ … ကဲ .. သွားတော့ နောက်ကို ပီပီသသပြော .. ဟုတ်လား” လို့ အဆုံးသတ်လိုက်တယ်။
ဒီလိုနဲ့ နှင်းဆီမွှေး ထွက်သွားပြီး ဒေါ်ကြီးက တစခန်း ထရောတဲ့။

“ကိုတူကြီးရယ် .. ရှင့်မလည်း ပြဿနာမရှိ ပြဿနာကိုရှာ။ သူ့ဟာသူ စန်ပြောပြော စီပြောပြော သူပြောတာ နားလည်နေသားပဲဟာ”
“ဟ .. ဒါ ပြဿနာမဟုတ်လို့ ဘာက ပြဿနာဖြစ်ရဦးမှာလဲ။ ဒီအတိုင်းကြည့်နေရင် ဆလိမ်သံတွေ အကုန်ပျောက်ပြီး စလုံးသံတွေ အစားဝင်လာလိမ့်မယ်။ ဒါဟာ အရေးမကြီးဘူးလား”
“အရေးမကြီးပါဘူး။ အရေးကြီးရင်လည်း သက်ဆိုင်ရာက လူတွေ ပြုပြင်ကြလိမ့်မယ်၊ ရှင်ကအနေသာကြီး”
“မင်း အတော်တာဝန်မဲ့တဲ့ မိန်းမ”
“ကျုပ်မှာ ဘာတာဝန်ရှိလို့ ဘာတာဝန်မဲ့တာလဲ ပြောစမ်းပါဦး မဟာပညာရှိ တာဝန်သိကြီးရဲ့”

အဲဒါဖတ်နေရင်း ကျမ ပြုံးမိပါတယ်။ ပြုံးရုံတင်ဘယ်ကမလဲ။ ရယ်ကို ရယ်မိတာ။ အဲဒီတော့ ဦးဘတူက ထပ်ပြောတယ်။

“မင်း အလကား မိန်းမ”
“ဟုတ်တယ် ကျုပ်က အလကား မိန်းမ။ အလကား မိန်းမဆိုတာ အလကား အလုပ်တွေကိုပဲ လုပ်တတ်တယ်။ အလကား စကားတွေကိုပဲ ပြောတတ်တယ်။ သိရဲ့လား”

လို့ အော်ထည့်ပြီး နှင်းဆီမွှေးကို ခုလိုတွေ ပြောသတဲ့။

“လာ နင်နဲ့ ငါနဲ့ ဈေးသွားကြမယ်။ စန်ရယ်၊ စီရယ်၊ စားရယ်၊ စေးရယ်၊ စပ်ပြာရယ် ၀ယ်ကြရအောင်။ နှေးတာကို ငါမကြိုက်ဖူးလို့ စုံးမ ထားတယ် မဟုတ်လား။ ငါပြောတာကို အလျင်အမြန်စောင်ရွက်။ သွား ခြင်းတောင်း အမြန်ယူခဲ့”

ဒေါ်ကြီးရဲ့ အရွဲ့တိုက်ပြောဆိုမှုကြောင့် ဒေါသပိုဖြစ်လာတဲ့ ဦးကြီးဘတူက …
“ကဲ အဲဒါ စန်လို့ခေါ်တယ်ဟ
အဲဒါကတော့ စီနဲ့ စားဟ၊ အဲဒါက စေးဟ …” စသဖြင့် ပြောပြောပြီး သူ့ဘေးက ဒန်ရေနွေးကြမ်း အိုးကြီးကို ကောက်ထုပါလေရော။ အိုးထဲက ရေနွေးကြမ်းတွေ ဖိတ်စင်ကုန်ပြီး ရေနွေးကြမ်း ပန်းကန်လုံးကလေးက ကြမ်းပေါ် လိမ့်ကျသွားတယ်။
နောက်ဆုံး အကြမ်းအိုးလည်း ပိန်၊ ပန်းကန်လုံးလည်း ပဲ့။

အဆုံးသတ်ကိုတော့ စာရေးဆရာမ မစန္ဒာ ရေးထားတဲ့အတိုင်းသာ ဖတ်ကြည့်ကြပါတော့။ ကျမစကားနဲ့ဆို ပေါ့ပျက်ပျက် ဖြစ်နေမှာစိုးလို့ပါ။

နောက်တလလောက် နေတော့မှ မောင်ကိတ်ခမျာ ဦးကြီးတို့အိမ်သို့ ရောက်ဖြစ်တော့သည်။
“အိမ်မှာတော့ မုန်တိုင်းစဲသွားပြီ အစ်ကို။ သူတို့အချင်းချင်းလည်း စလုံး ဆလိမ်အကြောင်း မပြောကြေး ဆိုပြီး သဘောတူထားကြတယ်” ဟု ဘူးသီးက သတင်းပို့သည်။

သူရောက်သောအချိန်တွင် ဦးကြီးနှင့် ဒေါ်ကြီးက ထုံးစံအတိုင်း ယှဉ်တွဲပြီး ထိုင်နေကြသည်။ လက်ဖက်သုပ်ကိုလည်း အတူစားနေကြသည်။

ဦးကြီး၏ဘေးက စားပွဲပေါ်တွင်တော့ ပိန်နေသော ရေနွေးအိုးနှင့် ပဲ့နေသော ပန်းကန်လုံးတို့ ရှိနေကြသည်။ ဦးကြီးက ခပ်ပိန်ပိန်အိုးကို သတိနှင့် ကိုင်ပြီး ခွက်ပဲ့ပဲ့ထဲသို့ ဂရုတစိုက် လောင်းထည့်လေသည်။ နှုတ်ခမ်းပဲ့နေသော နေရာလေးကို ရှောင်ကာ ခပ်ဖြည်းဖြည်းမှုတ်၍ သောက်တတ်သည်။ ထို့နောက် ပင့်သက်ကို မသိမသာ ကြိတ်ပြီး ရှိုက်နေတတ်လေသည်။
***
ဝတ္ထုကတော့ ဒီမျှပါပဲ။
ဆရာမ မစန္ဒာရဲ့ အရေးအဖွဲ့ အကြောင်းအရာ ဇာတ်ကွက်ဆင်ပုံ တင်ပြပုံတွေကို ကြိုက်လွန်းလို့ … ကျမ ဘလော့မှာ ထုတ်နုတ် ဖော်ပြလိုက်တာပါ။ အစအဆုံး မရိုက်ပေးနိုင်တာ သည်းခံခွင့်လွှတ်ပေးပါလို့။
“အပိန် အပဲ့ တို့၏ သမိုင်း” တဲ့ … ။ မေလထုတ် ဖက်ရှင်အင်းမေ့ခ်ျ မဂ္ဂဇင်းထဲက ဖြစ်ပါတယ်။
***
13th May, 2007
00:45 am

Read More...

Saturday, May 12, 2007

သားငယ် မွေးနေ့သို့ ...

သားငယ် …
လွန်ခဲ့တဲ့နှစ်သုံးဆယ်ကို နောက်ပြန်ကြည့်တော့
ဒီလိုနေ့ ဒီလိုရက်မှာ
အမေ့ဝမ်းက မင်းထွက်လာခဲ့တာပေါ့။

မင်းရဲ့ ရုပ်သွင် ဦးဆုံးမြင်ချိန်မှာ
ဆံပင်ထူနက်နက်တွေနဲ့
မျက်လုံးလေးမှိတ် အိပ်စက်နေတဲ့
ငါတို့ရဲ့ မောင်ကလေး
သေးကွေးကွေးကို တိတ်တိတ်ကလေး
မွှေးမွှေးပေးခဲ့မိတယ်။

မင်းရဲ့လက်ချောင်း ဖောင်းကစ်ကစ်လေးတွေ
မင်းရယ်တဲ့အခါ မျက်လုံးလေးပိတ်တဲ့ထိ
ခိုးခိုးခစ်ခစ် ရယ်တတ်တာတွေ
မှောက်ရက် ..လေးဘက် ..
တွားသွားရာက မတ်တပ်ရပ်ခဲ့ပုံလေးတွေ
တဆင့်ပြီးတဆင့် ပြန်မြင်ယောင်မိပါရဲ့။

ညီအမသုံးယောက်ရဲ့ နောက်
ယောက်ျားလေး တယောက်ထဲမို့
အဖေနဲ့ အမေ သဲသဲလှုပ်ခဲ့တဲ့ မင်းကို
တခါတလေ မနာလို ဖြစ်ပေမယ့်
ချစ်လျက်ပါပဲ သားငယ် … ။

ကကြီး ခကွေး .. မင်းကို ငါသင်ပေးတော့
မင်းလက်ရေးတွေ လုံးဝိုင်းဝိုင်းတွေက
ငါနဲ့တူလို့ မလှတာတဲ့
အမတွေက အပြစ်ဖွဲ့ဆိုကြလေရဲ့။

မင်းကြီးပြင်းလာတဲ့အခါ
ငါ့ဒိုင်ယာရီ ခိုးဖတ်
ဘေးကမှတ်ချက်တွေ တပ်ခဲ့တော့
စိတ်တိုလျက်နဲ့ ရယ်ခဲ့မိသေးတယ် .. ။

အငယ်ဆိုပေမဲ့ အမြဲဆရာလုပ်တဲ့မင်း
အငြင်းကလည်း သန်ပါဘိ
မောင်နှမချင်း အချင်းများတဲ့အခါ
မင်းစကားပဲ အမြဲအသာရခဲ့တယ်။

အငယ်ဆုံးသားပေမဲ့
မိသားစုထဲမှာ မင်းကအရင်ခွဲခွါလျက်
ပြည်ပကို ပညာသင်ထွက်ခဲ့တာမို့
မင်းအတွက် ဂုဏ်ယူစွာ
ငါတို့ ၀ံ့ကြွားနိုင်ခဲ့ပါတယ်။

အနေဝေးပေမဲ့
သွေးချင်းကတော့ နီးလျက်ပါ သားငယ် …
မင်းရေးခဲ့တဲ့ ကဗျာတွေ …
ငါနှစ်သက်စွာဖတ်ရှု
ခုထိအောင် အလွတ်ရဆဲလေ .. ။

ကဲ … သားငယ်
မင်းမွေးနေ့ အမှတ်တရ
ငါ့ရဲ့ဘလော့ပေါ်မှာ
ငါနှစ်သက်တဲ့ မင်းကဗျာတပုဒ် တင်လိုက်ပါရစေ … ။

လောကကောင်းကျိုး သာသနာအကျိုး
တတ်နိုင်သလောက် သယ်ပိုးရင်း
မင်းရဲ့ဘ၀လမ်းကို ဖြောင့်ဖြူးစွာ လှမ်းလျှောက်နိုင်ပါစေကြောင်း
ငါဆုတောင်းလိုက်ပါရဲ့ … ။ … ။

***
ဒီကနေ့က ကျမနဲ့ အဝေးကြီးမှာရောက်နေတဲ့ ကျမရဲ့ တဦးတည်းသော မောင်လေး မွေးနေ့မို့ … သူ့ကဗျာလေးကို အမှတ်တရ တင်ပေးလိုက်ပါတယ်။
***
အသုံးမ၀င်တော့သော

ကဲပါလေ …
မြစ်ကမ်းနဘေးက သစ်ပင်အိုလို
လဲပြိုဖို့ အချိန်ကိုပဲ
မျက်နှာမူလိုက်တော့မယ် … ။

အရိပ်ရတယ်တဲ့လား
ငါလည်း မပေးမိဘဲနဲ့
တကယ်ဆို ငါလည်း လိုချင်တာပေါ့
ငါကျတော့ ဘာလို့မရပါလိမ့် … ။

ငါရဲ့ ထူပိန်းပိန်း အခေါက်တွေနဲ့
ဒီပင်စည်ဟာ
တော်ရုံမုန်တိုင်းကြမ်းလောက်တော့
ကျင့်သားရနေပေါ့ … ။

ရေလောင်းစရာမလို
အလိုလိုရှင်သန်လာတဲ့
ငါ့တကိုယ်လုံးဟာ
ဘာမဆို အံတုနိုင်လောက်အောင်
ရပ်ကြည့်နေလေရဲ့

ဒါပေမဲ့
ရာဇ၀င်တခုကို ဘေးတိုက်မြင်နေရတဲ့
ငါ့အဖို့ …
.… .… .…
.… .… .…
.… .… .…

ကဲပါလေ …
မြစ်ကမ်းနဘေးက သစ်ပင်အိုလို
လဲပြိုဖို့အချိန်ကိုပဲ
မျက်နှာမူလိုက်တော့မယ် ။ … ။


(ပဏ္ဍိ)
***
12th May, 2007
11:30 am
***

Read More...

Friday, May 11, 2007

တကယ့်အောင်ပွဲအစစ်

ခုဖော်ပြမယ့်စာက ကျမရေးတာ မဟုတ်ပါဘူး။ ၁၉၉၁-ခုနှစ်က ကျမရဲ့ ဖခင်ကြီး စီစဉ် ရေးသား ထုတ်ဝေခဲ့တဲ့ “ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ မနောဒိဋ္ဌ၀န္ဒနာ ဘုရားရှိခိုး” စာအုပ်ထဲက ကောက်နုတ် ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။

ကျမတို့ဟာ ပုထုဇဉ် လူသားတွေပီပီ ဒေါသနဲ့ မကင်းနိုင်ကြပါဘူး။ ကိုယ့်စိတ်နဲ့ အခန့်မသင့်ရင် ထစ်ခနဲဆို ဒေါသ ဖြစ်ကြတယ်။ ဒေါသဆိုတာ မကောင်းမှန်း သိလျက်နဲ့လည်း ဒေါသကို မထိန်းနိုင်ကြဘူး။ ဒါဆို ဒေါသမဖြစ်အောင် ဘယ်လို လုပ်ကြမလဲ ….။
စဉ်းစားတဲ့အခါမှာ …ဒေါသရဲ့ ဆန့်ကျင်ဘက် အဒေါသဟာ မေတ္တာ ဖြစ်ပါတယ်။ မေတ္တာထားခြင်းဖြင့် ဒေါသကို လျော့နည်းစေနိုင်သလို သည်းခံခြင်းဖြင့်လည်း ဒေါသကို ပယ်ဖျောက်နိုင်တယ်လို့ သိရပါတယ်။

မေတ္တာဆိုတာ အဖန်ဖန်အထပ်ထပ် ပွားများရမှာဖြစ်သလို သည်းခံခြင်းကလည်း အဖန်ဖန်အထပ်ထပ် လေ့ကျင့်ယူရမှာပါပဲ။ “ခန္တီပရမံ တပေါတိ တိက္ခာ” “သည်းခံခြင်းသည် အမြတ်ဆုံးအကျင့်” လို့ ဘုရားရှင်တိုင်းက ဟောတော်မူခဲ့တယ် မဟုတ်လား။ သည်းခံခြင်းနဲ့ ပတ်သက်လို့ ကိုကဒေါင်းက သူ့ဘလော့မှာ ကျမကို တခါမေးဖူးပါတယ်။ ကျမလည်း အဲဒီတုန်းကတော့ လွယ်လွယ်ကူကူ ခပ်တိုတိုပဲ ဖြေခဲ့ပါတယ်။ စိတ်ထဲမှာတော့ ဒီထက်မက ရှင်းလင်း ပြောပြချင်တဲ့စိတ် ကိန်းအောင်းလို့ နေပါတယ်။ ဒါပေမဲ့ ကျမကိုယ်တိုင်လည်း ရှင်းလင်းအောင် မပြောပြတတ်တဲ့အတွက် အဖေ့စာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေကို ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။
***
ခန္တီဂုဏ်

မြတ်စွာဘုရားရှင်၏ အလွန်ကြီးမြတ်သော သည်းခံခြင်းဂုဏ်။

မှတ်ချက်။
လူ, နတ်, နိဗ္ဗာန်ကို ရည်မှန်း၍ ကြမ်းတမ်းပြစ်မှားမှု ဒေါသမှ သည်းခံခြင်း တည်းဟူသော ပါရမီမြောက် ခန္တီတရား ၃-ပါး ရှိသည်။
(၁) ခန္တီပါရမီ =ရွှေ၊ ငွေ၊ ဥစ္စာ စသည့် အပဖြစ်သော ၀တ္ထုပစ္စည်းတို့ အတွက် သည်းခံခြင်း။
(၂) ခန္တီဥပပါရမီ =ခြေ၊ လက်၊ မျက်စိ စသော ကိုယ်တွင်း ၀တ္ထုတို့ အတွက် သည်းခံခြင်း။
(၃) ခန္တီပရမတ္ထပါရမီ = မိမိအသက်ကို သတ်ဖြတ် ဖျက်ဆီးရာ၌ သည်းခံခြင်း။


သည်းခံခြင်းတရားသည် လောက၌ သူတော်သူမြတ်တို့၏ အားတခုဖြစ်ပေသည်။
ဘုရားရှင်သည် အားရှစ်မျိုးကို ဟောကြားရာ၌ …
(၁) ငိုကြွေးခြင်းသည် ကလေးသူငယ်တို့၏ ကိုးစားရာ အားတည်း။
(၂) အမျက်ထွက်ခြင်းသည် မိန်းမတို့၏ ကိုးစားရာ အားတည်း။
(၃) လက်နက်အမျိုးမျိုးသည် ခိုးသူဓားပြတို့၏ ကိုးစားရာ အားတည်း။
(၄) ကျယ်ဝန်းစွာသော နိုင်ငံနယ်ပယ်ကို အစိုးရခြင်းသည် ပြည့်ရှင်မင်းတို့၏ ကိုးစားရာ အားတည်း။
(၅) သူတပါးတို့ကို ကြံကြံဖန်ဖန် ကဲ့ရဲ့ခြင်းသည် လူမိုက်တို့၏ ကိုးစားရာ အားတည်း။
(၆)သေချာစွာ စူးစိုက်ဆင်ခြင်ခြင်းသည် ပညာရှိတို့၏ ကိုးစားရာ အားတည်း။
(၇) အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းသည် အကြားအမြင်များသော သူတို့၏ ကိုးစားရာ အားတည်း။
(၈) သူတပါးတို့ ကျူးလွန်လာသည့် အပြစ်ကို အမျက်မထွက် သည်းခံခြင်းသည် ရဟန်းပုဏ္ဏားတို့၏ ကိုးစားရာ အားတည်း။


ထို့ပြင် မြတ်စွာဘုရားသည် မင်္ဂလာတရားတော်၌ “ခန္တီတရား” ကို ၂၇-ပါး မြောက် မင်္ဂလာအဖြစ် ဟောကြားတော် မူခဲ့သည်။
တဦး၏ ကျူးလွန်မှုကို တဦးက သည်းခံနိုင်ခြင်းသည် ကုသိုလ်တရား တိုးပွားရင့်ကျက်မှု၏ အကြောင်းဖြစ်၍ မင်္ဂလာ မည်၏။

သူတပါးက မိမိအပေါ်၌ ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ ကျူးလွန်ထိပါး လာသည်ကို (အပြစ်အနေဖြင့်)ဗွေမယူဘဲ ကျေနပ်စွာ လက်ခံထားနိုင်ခဲ့လျှင် (အကျူးလွန်) ခံရသူက တုံ့ပြန်ခွင့်ရှိသော အမျက်ဒေါသ သည်လည်း စိတ်ထဲ၌ အမြစ်မတွယ် အလွယ်ပြေပျောက် သွားရတော့၏။

သို့သော် ကျေနပ်မှုသဘော မသက်ဝင်ပါက မနိုင်၍ သည်းခံရသည့်တိုင် နိုင်လောက်သည့်အခါ လက်စားချေမည်၊ တုံ့ပြန်မည်ဟူသော ရန်ငြိုးဖွဲ့မှု သဘောဆိုးများ ကိန်းဝပ်နေမည်မှာ သေချာ၏။ ဤသို့ မကျေနပ်မှု ဒေါသ ပြဋ္ဌာန်းသော ခန္တီသည်ကား ခန္တီ အစစ်မဟုတ်ပေ။ ထို့ကြောင့် သည်းခံခြင်းဟူသည် သူတပါး၏ ကျူးလွန်မှုကို အပြစ်အနေဖြင့် မမှတ်ယူဘဲ ကျေနပ်ခြင်း သဘော ဖြစ်ပေသည်။

သည်းခံမှုတွင် …
(၁) အားရှိသူက အားမဲ့သူအပေါ် သည်းခံခြင်း။
(၂) အားမဲ့သူက အားရှိသူအပေါ် သည်းခံခြင်း။ ဟူ၍ ၂-မျိုး ရှိပြန်၏။


(၁) အမှတ် သည်းခံခြင်းသည် အားရှိသူတို့ ကျင့်ထိုက်သော “ဗလ၀ခန္တီ” ဖြစ်၍ (၂) အမှတ် သည်းခံခြင်းသည်ကား အားမဲ့သူတို့နှင့် သက်ဆိုင်သော “ဒုဗ္ဗလခန္တီ” မျိုး ဖြစ်လေသည်။

ကျမ်းဂန်တို့၌ “နိစ္စံ ခမတိ ဒုဗ္ဗလော” “ရှုံးသူသည် နိုင်သူပြုသမျှကို ခံရမြဲဖြစ်၏” ဟု ဖော်ပြလေသည်။ ထို့ကြောင့် နိုင်သူ (အင်အားရှိသူ) က ရှုံးသူ (အင်အားချိသူ) အပေါ် သည်းခံရခြင်းသည် စိတ်ထား မွန်မြတ်သူတို့၏ ကျင့်ဝတ်တခု ဖြစ်လေသည်။

သုဓမ္မာသဘင်သို့ သိကြားမင်း ၀င်ထွက်နေသည်ကို မြင်တိုင်း ကြမ်းတမ်းစွာ ဆဲရေး တိုင်းထွာလေ့ရှိသော စစ်ရှုံးဘုရင်ဖြစ်သူ ဝေပစိတ္တိ နတ်မင်းကြီးအား သိကြားမင်းက မည်သို့မျှ တုံ့ပြန်ခြင်းမပြုဘဲ
“ငါလို စစ်နိုင်သူ သိကြားမင်းက စစ်ရှုံးသူ ဝေပစိတ္တိ အပေါ်၌ သည်းခံရခြင်းမျိုးသည် နိုင်လောက်လျက် သည်းခံရခြင်း ဖြစ်သောကြောင့် သာလွန်၍ မွန်မြတ်လှသည်” ဟု မာတလိနတ်သားအား သိကြားမင်း ပြောကြားသည်ကို ထောက်ရှုရာသည်။

“အက္ကောဒေန ဇိနေကောဓံ” “အကြမ်းဖက်လာသူကို မိမိက အကြမ်းမဖက်ဘဲ သည်းခံသဖြင့် အောင်မြင်စေရမည်” ဟု ဘုရားရှင် ဟောတော်မူသည်။

ဘုရားရှင်သည် သည်းမခံသူအတွက် ရတတ်သော (မျက်မှောက်၊ တမလွန်) အပြစ်များကို အောက်ပါအတိုင်း ညွှန်ပြတော်မူသည်။
(၁) အများ၏ မုန်းတီးမှုကို ခံရခြင်း။
(၂) ရန်သူများခြင်း။
(၃) အပြစ်အနာ အဆာများခြင်း။
(၄)တွေတွေဝေေ၀သေရခြင်း။
(၅)သေပြီးနောက် အပါယ်သို့ လားရခြင်း … တို့ ဖြစ်လေသည်။

သို့ဖြစ်ရကား မှတ်သားရန် အချုပ်ကို ဆိုရလျှင် သည်းမခံခြင်းကြောင့် ဖြစ်နိုင်သော လောကပြစ်၊ သံသရာပြစ်များကို ဆင်ခြင် သုံးသပ်ပြီးလျှင် ခန္တီတရား လက်ကိုင်ထား၍ အကြမ်းဖက်လာသူကို သည်းခံမှုဖြင့် အနိုင်ယူခြင်းသည်သာ “တကယ့်အောင်ပွဲအစစ်” ဟု မှတ်ယူ နှလုံးသွင်းကြရာသည်။
***
ဦးမောင်မောင် (ဟံသာဝတီ) စီစဉ်သော ဒီပဲယင်းဆရာတော်ဘုရားကြီး၏ မနောဒိဋ္ဌ၀န္ဒနာ ဘုရားရှိခိုး စာအုပ် - (စာမျက်နှာ ၁၆၆-၁၆၉) မှ
***
11th May, 2007
00:10 am

Read More...

Thursday, May 10, 2007

ကိုယ်ကြိုက်တာ ကိုယ်လုပ် ....

“ဗိုလ်”
“ကျား”
“သေနတ်”
“ကိုယ်ကြိုက်တာ ကိုယ်လုပ်”

ငယ်ငယ်က ဆော့ခဲ့ဖူးတဲ့ ကျားဗိုလ်ဆွဲ ကစားနည်းကလေးပါ။
အဆုံးအဖြတ် တခုခု အတွက် ခေါင်းပန်းလှန်မလား၊ ကျားဗိုလ်ဆွဲမလား … တနည်းနည်း ရွေးချယ်ကြတဲ့အခါ ခေါင်းပန်းလှန်တာထက် ကျားဗိုလ်ဆွဲတာက ပိုပြီး ခန့်မှန်းလို့ရနိုင်တာမို့ ကျားဗိုလ်ဆွဲနည်းကိုပဲ များသောအားဖြင့် ကစားလေ့ရှိပါတယ်။

ဗိုလ်ကို သေနတ် မပစ်ရ၊
သေနတ်က ကျားကိုပစ်နိုင်တယ်၊
ကျားက ဗိုလ်ကို အုပ်နိုင်တယ်။
ဒါဆို ဗိုလ်ရယ် သေနတ်ရယ် ကျားရယ် … ဘယ်ဒင်းက အစွမ်းအရှိဆုံးလဲ။

ကျားဗိုလ်ဆွဲသူ နှစ်ယောက်မှာ စစချင်း … ဗိုလ်၊ ကျား၊ သေနတ် လို့ ပြိုင်တူလုပ်ကြပြီးမှ …နောက်ဆုံး ကိုယ်ကြိုက်တာ ကိုယ်လုပ်ရမယ့် အလှည့်မှာ ဒီ ၃-မျိုးထဲက ဘာကိုရွေးရမလဲ အမြန်စဉ်းစားရတယ်၊ ကိုယ့်ကစားဖော်က ဘာကိုရွေးနိုင်သလဲ … သူရဲ့ လက်အနေအထားနဲ့ သူ့စိတ်ကို အကဲခတ်ရတယ်၊ နောက်ဆုံး ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ချလိုက်ပြီးတော့မှ … ခံလိုက်ရတော့လည်း ကိုယ်ညံ့လို့ပဲပေါ့။

ငယ်ငယ်တုန်းကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး ရှုံးနိမ့်ခဲ့ရလည်း ပျော်ပျော်ပါပဲ။ ကစားပွဲတခုမှာ ဒီတခါရှုံးလည်း နောက်တခါ နိုင်မှာပဲပေါ့။ ကစားရရင်ပြီးတာပဲ မဟုတ်လား။

ခုချိန်မှာ ပြန်စဉ်းစားကြည့်မိတယ်။
ဘ၀မှာ ကိုယ်ကြိုက်တာတွေချည်း ကိုယ်လုပ်ခဲ့ရသလား … ။
ကိုယ်ကြိုက်တာတွေချည်း ကိုယ်လုပ်ပြီးတော့ရော … အောင်မြင်မှုရခဲ့ရဲ့လား … ။
ကိုယ်ရွေးချယ်လိုက်တဲ့ ကိုယ့်စိတ်ကြိုက်ဟာ သူများကို ထိခိုက်စေနိုင်သလား … ။
သူများလုပ်မယ်ထင်တာကို ကြိုတင်တွက်ဆပြီး သူ့ကိုနိုင်စေချင်တဲ့ စိတ်နဲ့ ကိုယ်က ရွေးချယ်ခဲ့တာလား … ။
ဒါမှမဟုတ် အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းကို အဓိကမထားဘဲ ကိုယ်ကြိုက်တာ တကယ်ပဲ ကိုယ်လုပ်ခဲ့တာလား … ။
စသည် .. စသည် တွေးနေမိပါတယ်။

တကယ်တမ်းတော့ …
ဘ၀တလျှောက်လုံး ကိုယ့်စိတ်နဲ့ ကိုယ့်ကို မဟုတ်ဘဲ သူများစိတ်နဲ့ ကိုယ့်ကို နေခဲ့ရတာတွေက ခပ်များများပါ။ ကိုယ်မနှစ်သက်ဘဲနဲ့ ပြောခဲ့ လုပ်ခဲ့ရတာတွေ … ပြုံးခဲ့ ရယ်ခဲ့ ရတာတွေ …အောင့်သက်သက်နဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့ရတာတွေ … အများကြီး အများကြီးရယ်ပါ… ။ ဒါပေမဲ့ … ဒီလိုတွေလုပ်လို့ရော … ပြီးပြည့်စုံတဲ့ အောင်မြင်မှု ရခဲ့ပါသလား။

ကိုယ်မကြိုက်ဘဲ ကိုယ့်စိတ်ထဲက မပါဘဲ လုပ်ပြီး မအောင်မြင်တာနဲ့
ကိုယ်ကြိုက်တာကိုယ်လုပ်ပြီး ရှုံးနိမ့်တာ … ဒီအရာနှစ်ခုကို ရွေးမယ်ဆိုရင် … ရှုံးချင်လည်းရှုံး … ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ကိုသာ ရချင်ပါတယ်။

ဒါပေမဲ့လည်း လူ့လောက၀န်းကျင်မှာ လူတွေနဲ့ လိုက်လျောညီထွေ နေနေရတဲ့ အခါ ကိုယ်ကြိုက်တာတွေကို ဘေးဖယ်ထားခဲ့ရပေါင်း များလှပါပြီ။ ကိုယ့်လုပ်ရပ်ဟာ သူများကို ထိခိုက်နိုင်မလား … ကိုယ့်ရွေးချယ်မှုဟာ သူတပါး ဒုက္ခရောက်စေနိုင်မလား စဉ်းစားရင်းနဲ့ … ကိုယ်နှစ်သက်ရာကို မလုပ်နိုင်ဖြစ်ခဲ့ဘူး။ လူဆိုတာ တဦး တယောက်ထဲ ရှင်သန် နေထိုင်လို့ရတာမှ မဟုတ်ဘဲ။ ဒီလိုနဲ့ … အများကို ငဲ့ကွက်ရင်း ထည့်တွက်ရင်း ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ဟာ တဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ်ခဲ့ရပြီပေါ့။
***
တခါတလေ … ကိုယ်ချင်းရယ်မှ မစာမနာ သူတပါးကို ကိုယ်က လွှမ်းမိုးချုပ်ကိုင် ချင်မိပါသေးရဲ့။
ကိုယ့်အတ္တနဲ့ ကိုယ့်မာနကြောင့် ကိုယ်သာ အဓိက ဖြစ်ချင်ခဲ့တာလည်း ရှိသေး။

ဘယ်လိုပဲ ကိုယ်က ချုပ်ကိုင်လွှမ်းမိုးချင်ပေမဲ့ … ကိုယ့်စိတ်တောင် ကိုယ်မပိုင်၊ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင်တောင် ကွန်ထရိုးမလုပ်နိုင်တဲ့ အခြေအနေမှာ တပါးသူ စိတ်ကို ထိန်းချုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား …။ ဟုတ်ပေသားပဲ။
ကိုယ်သည်လည်း ကိုယ်ကြိုက်တာတွေချည်း ကိုယ်လုပ်နေချင်သလို …
သူတို့လည်း သူတို့ကြိုက်တာသူတို့ လုပ်ချင်ပေမပေါ့။ ရှိစေတော့ …. ။

ဒါကြောင့်လည်း ….
ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြစတမ်း … ဘယ်သူ့ဘယ်သူမှ မငဲ့ကွက်ကြကြေးလို့ ငယ်ငယ်တုန်းကလို ကျားဗိုလ်ဆွဲလိုက် ချင်ပါရဲ့။
ရှုံးလည်း ပျော်ပျော် .. နိုင်လည်း မော်မော် ပေါ့။
ဒါပေမဲ့လည်း ဘ၀ဆိုတာ ကျားဗိုလ်ဆွဲတမ်း ကစားနေကြတာမှ မဟုတ်ဘဲလေ …. ။

ဆရာမဂျူးရဲ့ စာတပုဒ်မှာ … ရှုံးသူမရှိရင် နိုင်ချင်တယ် … တဲ့။
ဟုတ်ပါရဲ့ … ။
ကိုယ်အနိုင်ရဖို့ တပါးသူက ပေးဆပ်ရမယ်ဆိုရင်တော့ အနိုင်ရတဲ့ကိုယ့်မှာ ပျော်စရာကောင်းပါ့မလား။
သူများစိတ်ညစ်ရမှ ကိုယ်ကပျော်ရမှာ … ဒီလိုသာဆို ပြည့်ပြည့်၀၀ ပျော်နိုင်ပါ့မလား။

အင်း ….
ကိုယ့်လုပ်ရပ်ဟာ …
ဘယ်သူမှလည်း မနစ်နာ …
ဘယ်သူမှလည်း မထိခိုက်ဘူးဆိုရင်တော့ ….
ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြလည်း အကြောင်းမဟုတ်ပါဘူး။
ဒီလိုမှ မဟုတ်ရင်တော့ …
…. …. ….
…. …. ….
…. …. ….
***
မေဓာဝီ
10th May, 2007
11:11 am

Read More...

Wednesday, May 09, 2007

ကျမနှင့် ထိုအကျင့်များ

တကယ်တော့ မရေးတော့ဘူးလို့ နေမလို့ပါပဲ။
ဦးဆုံး ကိုရန်လေး က ကျမကို ဒီကစားပွဲထဲ ဆွဲခေါ်ခဲ့တယ်။ အင်တာနက် ပျက်တာနဲ့ ရောပြီး ကိုရန်လေးကို မသိချင်ယောင် ဆောင်နေစဉ်မှာ ကိုသံလွင်ကြီး က ထပ်မံ ခေါ်ပြန်တယ်။ သူတို့ ၂ယောက်ကို အချင်းချင်း ချေလိုက်ပြီးတော့ ကျေပြီဆိုပြီး အေးအေး နေနေတုန်း ကိုကဒေါင်း က ထပ်ခေါ်ပြန်ပါရော။ အနှီ ပုဂ္ဂိုလ် ၃-ဦးက ခေါ်ထားတဲ့အပြင် တချို့ ညီမလေးများကလည်း ကျမရေးမယ့် ထိုထိုအချက်တွေကို ဖတ်ချင်လို့ စောင့်နေပါသတဲ့။

ကျမလည်း အင်တာနက်ပျက်ပြီး နောက်ပိုင်းထဲက တချို့ ဘလော့တွေကို ၀င်ဖတ်လို့မရဘူး ဖြစ်နေတယ်။ ဒါကို ကိုရန်လေးက သူတို့ tag တာ ပြန်မရေးလို့ ဖြစ်တာတဲ့ .. ။ အင်း … ဟုတ်ချင်လည်း ဟုတ်မှာပ။ ဒီတော့လည်း ကျမမှာ မနေသာတော့ပါဘူး။ ရေးရတော့ပေမပေါ့။ တော်ကြာ အဆင်မပြေမှုတွေ ကြုံလာတိုင်း ကိုရန်လေးက ဒါကို ထောက်ထောက်ပြ နေအုံးမယ်။ ဒီကစားပွဲလေးမှာ ကျမက နောက်ဆုံးလူများ ဖြစ်နေမလားတော့ မသိ။ ပြန်ပြီး tag ရမယ့်သူလည်း မရှိလောက်တော့ဘူး ထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ် ကျမရဲ့ သိပ်မထူးခြားသော အကျင့်စရိုက်တွေ ချရေးလိုက်ပါပြီ။ ဖတ်ရှုကြပါကုန်။
***
၁) အလွန် အအိပ်မက်ခြင်း။
အိပ်ရမယ်ဆိုရင် အစားမစားဘဲလည်း အိပ်နိုင်ပါတယ်။ မနက်နိုးနိုးချင်း မျက်နှာသစ်ပြီးလည်း ပြန်အိပ်မလား .. အဆင်ပြေပါတယ်။ နေ့ခင်း နေ့လည် ညနေ မိုးချုပ် အချိန်အခါမရွေး အိပ်လို့ဖြစ်ပါတယ်။ ငယ်ငယ်ကဆို ပုခက်ထဲမှာ ထည့်ထားခဲ့ပြီး အိမ်ကလူတွေ ရုပ်ရှင်တပွဲသွားကြည့် ပြန်လာသည်ထိ အိပ်နေတုန်းပါပဲ … တဲ့။
(အသက်ကြီးလာတော့ တပတ်လောက် မအိပ်ဘဲ အလုပ်လုပ်ပြီး နေနိုင်ပါတယ်၊ ဤကား စကားချပ်)

၂) အိပ်နေရာမှ ယောင်ယမ်းထတတ်ခြင်း။
ငယ်ငယ်ကပါ။
ညကြီးသန်းခေါင် အိပ်ရာက ယောင်ထပြီး အိမ်မှာ ညအိပ်ညနေ လာတည်းခိုတဲ့ ဧည့်သည် အဖွားကြီးရဲ့ ခြင်ထောင်သွားလှန်မိလို့ မှင်စာလား သရဲလားလို့ အော်လိုက်တာ ၀က်ဝက်ကွဲ၊ တအိမ်လုံး နိုးတယ်။ တခါတလေလည်း အိပ်နေရင်း စကားတွေထပြောပြီး ပြန်အိပ်ပျော်သွားပါလေရော။ (ငယ်ငယ်ကနော် … အခု မဟုတ်ဖူး)

၃) အိမ်သာတက်လျှင် စာအုပ်ပါမှ အဆင်ပြေခြင်း။
အဲဒါလည်း ဘလော့ဂါ တော်တော်များများ အဲဒီလိုပဲလို့ထင်ပါတယ်။ သိပ်တော့ မထူးဆန်းပါဘူး။ အိမ်မှာတော့ ကျမ တယောက်ထဲ အဲဒီလို။ အိမ်သာဝင်ခါနီး ဟိုဟိုဒီဒီ ရှာနေပြီဆိုရင် အမေက သိပြီ။ ဒီလောက် မိနစ်ပိုင်းလေး ကိုများ စာဖတ်ချင်ရသေးလားလို့ အပြစ်တင်တယ်။ ဘာပဲဖြစ်ဖြစ် ကျမကတော့ စာအုပ်တအုပ် ပါယူသွားတာပဲ။ ဒီလို မဟုတ်ရင် အဆင်မချောသလိုမို့။ ဒါပေမဲ့ ဟိုဘလော့ဂါတွေလိုတော့ နာရီဝက် တနာရီလောက် ကြာကြာမထိုင်ပါဘူး။ ကိစ္စပြီးတာနဲ့ ထွက်တာပဲ။

၎) စာအုပ်ရှာလျှင် အိမ်သာတက်ချင်ခြင်း။
အဲဒါလည်း ဘာလို့မှန်းကိုမသိပါဘူး။ စာအုပ်ဗီရိုဖွင့်ရင် ဖြစ်ဖြစ် စာအုပ်စင်မှာဖြစ်ဖြစ် လိုချင်တဲ့ စာအုပ်ရှာပြီဆိုရင် အိမ်သာက တက်ချင်လာပါပြီ။ တခြားသူတွေရော ဖြစ်သလားမသိဘူး။ အဖေနဲ့ ကျမကတော့ အဲဒီအတိုင်းပဲ။ စာအုပ်ရှာရင်း ခဏရပ်ပြီး တွေ့တဲ့စာအုပ်တအုပ်ဆွဲလို့ အိမ်သာပြေးရတာ အမြဲပဲ။

၅) အများသုံးအိမ်သာတွေကို ရှောင်ရှားခြင်း။
ကိုရန်လေးလို့ ထင်ပါတယ်။ ခရီးသွားရင် အိမ်သာမတက်ဘဲ အောင့်ထားတယ်ဆိုတာ။ ကျမလည်း ထိုနည်းလည်းကောင်းပဲ။ လမ်းခရီး တလျှောက် ဆီးချုပ် ၀မ်းချုပ်ကိုဖြစ်ရော။ ငယ်ငယ်တုန်းကတော့ ကျောင်းအိမ်သာတွေကို ရွံလို့ ဘာညာ ကဲ့သို့ပဲ ခဏခဏ ဖြစ်ဖူးပါတယ်။ ဘာညာလိုတော့ ၄-ကျောင်း မပြောင်းခဲ့ရပေမယ့် ကျောင်းကအပြန် ညနေတိုင်းလိုလို အိမ်ကလာကြိုတဲ့ ကားပေါ်မှာ ထိုင်ခွင့်မရဘဲ မတ်တပ်ကလေး စီးခဲ့ရတာ မှတ်မိသေးတယ်။

၆) အလွန်အပျင်းကြီးခြင်း နှင့် အချိန်ဆွဲခြင်း။
အအိပ်မက်ခြင်းနဲ့ အပျင်းကြီးခြင်းက ဆက်စပ်နေတာပါပဲ။ ဘာမှမလုပ်ဘဲ နေလို့ရရင် သိပ်ကောင်းမှာပဲလို့ ခဏခဏ တွေးမိတယ်။
ထမင်းစား ရေသောက်ကအစ ဖြစ်နိုင်ရင် မလုပ်ချင်ဘူး။ ဒီတိုင်းကို နေချင်တာ။ (ပျင်းလွန်းလို့ အပျင်းပြေ ရည်းစားထားဖို့ ပျင်း ဆိုတဲ့ ငပျင်းသီချင်းကို အလွန်ကြိုက် :P)
အပျင်းကြီးခြင်းနဲ့ အချိန်ဆွဲခြင်းကလည်း ဒွန်တွဲနေပါတယ်။ အလုပ်တခုလုပ်တယ်ဆိုရင် သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန် ရောက်ဖို့ စက္ကန့်ပိုင်းအလိုမှ ကွက်တိပြီးအောင် ကပ်လုပ်တတ်ပါတယ်။ အိပ်ရာကထဖို့ ဆိုရင်လည်း မဖြစ်မနေ ထရတော့မယ်ဆိုမှ ထပါတယ်။ နိုးနေရင်တောင် နာရီကြည့်ပြီး ၁ မိနစ်ရ ၁ မိနစ် ပြန်မှေးလိုက်သေးတယ်။

၇)ဈေးဝယ်ထွက်ရာမှာ စိတ်မရှည်ခြင်း။
ဝယ်စရာရှိဝယ်ပြီး ချက်ချင်းပြန်ချင်ပါတယ်။ မ၀ယ်ဘဲ ဟိုငေး သည်ငေး ဟိုမေး သည်မေး ပြတင်းပေါက်ဈေးဝယ် မလုပ်တတ်ပါဘူး။ တခါတုန်းက အမကြီးနဲ့အတူ ရှော့ပင်းစင်တာ သွားတော့ သူ့ကို စိတ်မရှည်တာနဲ့ ထားခဲ့ပြီး တယောက်ထဲ တိတ်တိတ်ကလေး ကားငှားပြန်လာခဲ့ဖူးတယ်။ သူက ရှော့ပင်းစင်တာထဲမှာ ကျမကို ဒေါင်းတောက်အောင် ရှာပြီး မတွေ့တော့ လူပျောက်ကြောင်း အော်ခိုင်းအုံးမလို့ဆိုပဲ။ တော်ပါသေးရဲ့ အိမ်ကို ဖုန်းဆက်မေးတော့ ကျမ ပြန်ရောက်နေပြီမို့။

၈) လက်ဝတ်ရတနာ အဆင်တန်ဆာ မနှစ်သက်ခြင်း။
မနှစ်သက်တော့ စိတ်မ၀င်စားပါဘူး။ စိတ်မ၀င်စားတော့ မလိုချင်ဘူး။ မလိုချင်တော့ မရပါဘူး။ ကိုယ်တိုင်လည်း တခါမှ မ၀ယ်ပါဘူး။ ၀ယ်လည်း မ၀ယ် ရလည်းမရတော့ ရွှေလည်းမရှိ ငွေလည်းမရှိ။ ဘာဆိုဘာမှ မရှိပါဘူး။ အချိန်သိအောင် အိပ်သည်အထိ မချွတ်တမ်းပတ်တဲ့ လက်ပတ်နာရီ တခုကလွဲလို့ ကျမမှာ ဘာဆိုဘာမှ မရှိပါ။

၉) အ၀တ်အစား မ၀ယ်တတ်ခြင်း။
ခုချိန်ထိ အမေ၀ယ်ပေးတာပဲ ၀တ်ပါတယ်။ ကိုယ့်ဟာကိုယ် ၀ယ်ဝတ်လည်း အဆင်မပြေဘူး။ ကိုယ်တိုင်ဝယ်တာဆိုလို့ စာအုပ်နဲ့ သီချင်းစီဒီပဲရှိတယ်။ တခြားအသုံးအဆောင် မှန်သမျှ အမေ ၀ယ်ပေးတာချည်းပဲ။ ပြီးတော့ လက်ဆောင်ရတာပဲ သုံးတယ်။ တခါမှ ၀ယ်ကို မသုံးဘူး။ ချွေတာရေးပေါ့။

၁၀) အိမ်သားတွေနှင့် ဆန့်ကျင်ဘက်လုပ်တတ်ခြင်း။
သူတို့ကဖြူရင် ကိုယ်ကမည်းပြရမှ ကျေနပ်ပါတယ်။ မည်းနက်နေအောင် လုပ်ခွင့်မရရင်တောင် ညိုတိုတိုလေး လုပ်လိုက်ရမှ ကျေနပ်တတ်သူပါ။ ဥပမာ-အမတွေက ၁၀ တန်းဖြေပြီး အားနေတော့ အင်္ဂလိပ်လက်နှိပ်စက် သင်တန်းတက်ကြတယ်။ (အဲဒီခေတ်က ကွန်ပျူတာ မပေါ်သေး) ကျမကတော့ သူတို့နဲ့ ကွဲလွဲအောင် ဗမာလက်နှိပ်စက်ပဲ သင်ပါတယ်။

အဲ … ၁၀-ချက်တောင်ရှိသွားပြီ။ ပြောမယ်ဆိုရင် အများကြီးကျန်သေးတယ်။ အိမ်သာကိစ္စတင် အချက် ၃-ချက် ဖြစ်နေလို့ ၁၀-ချက်က မြန်မြန်ပြည့်သွားတယ် ထင်ပါရဲ့။ ပြောလက်စနဲ့ နည်းနည်းလောက်တော့ ဆက်ပြောအုံးမှ။ သည်းခံဖတ်ရှုကြပါအုံး။

တခါတလေ ကျမ တယောက်ထဲနဲ့ ခုလို ဆန့်ကျင်ဘက်တွေ ဖြစ်တတ်ပါသေးတယ်။

က။ အလွန်ခေါင်းမာခြင်း (အမေဘယ်လောက်ရိုက်ရိုက် မငိုဘဲ ပေခံနေတာ) နှင့် အလွန်ပျော့ညံ့ခြင်း။ (ဘာမဟုတ်တာလေးနဲ့ မျက်ရည်ကျချင်ကျ တတ်ပါတယ်)
ခ။ အလွန် ကတ်သီးကတ်သတ်နိုင်ခြင်း (စကားကတ်လွန်းလို့ အမေက ရှေ့နေလုပ်စားဖို့ကောင်းတယ်လို့ ခဏခဏပြောတယ်) နှင့် အလွန်နားလည်မှုရှိခြင်း (တကယ်တော့ စကားကြောရှည်မှာစိုးလို့ ပြီးပြီးရော ထောက်ခံတတ်တာပါ)
ဂ။ အလွန်စိတ်မရှည်တတ်ခြင်း (ထမင်းစားရင်တောင် ၀ါးရမှာ စိတ်မရှည်လို့ မြိုချပါတယ်) နှင့် စိတ်ပါလက်ပါ လုပ်ကိုင် ဆောင်ရွက်လေ့ရှိခြင်း (ကိုယ်နဲ့မဆိုင်တဲ့ သူတပါးကိစ္စတွေမှာ စိတ်ရှည်လက်ရှည် ဆံထုံးလည်းထုံး ဆီလည်းစိုက် လုပ်ပေးတတ်ပါတယ်)
ဃ။ အတေးအမှတ်ကြီးခြင်း (၆-တန်းတုန်းက လေးခွခိုးခဲ့တဲ့ ကောင်မလေးကို ခုထိ မှတ်မိပြီး မကျေမနပ်ဖြစ် နေတုန်း) နှင့် လွယ်လွယ်မေ့ပစ်ခြင်း (လွန်ခဲ့တဲ့ ၁-နှစ်လောက်က ကြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို မမှတ်မိတော့ဘူး)
င။ လောကွတ် (လောက၀တ်) မပြုတတ်ခြင်း (နေကောင်းလား … စားပြီးပြီလား …တွေ့ရတာ ၀မ်းသာပါတယ် … ဟင်းဟင်းဟင်းဟင်း …. အဲသလိုတွေ ပြောရမှာ တမျိုးကြီးမို့) နှင့် ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ခြင်း (ဘယ်သူ့ကိုမဆို ကြီးငယ်မရွေး လေးလေးစားစား ဆက်ဆံတတ်ပါတယ် … (((အဟမ်း))) … အဟုတ်ပြောတာပါ)
စ။ စိတ်မပါလျှင် လက်မပါခြင်း (စိတ်ပါရင် ၂ နာရီ ၃နာရီ ကြာအောင် ဘုရားရှိခိုးပေမဲ့ စိတ်မပါရင် ဦးသုံးကြိမ်တောင် မချပါဘူး) နှင့် မချစ်သော်လည်း အောင့်ကာနမ်းတတ်ခြင်း (ဒါကတော့ … ဒီလိုပါပဲ .. ဘာညာပေါ့ … အဲ .. ဘလော့ဂါ ဘာညာမဟုတ်ဖူးနော်… အခြေအနေအရ … လုပ်ရတာကို ပြောတာ) စသည်စသည်တို့ကိုတော့ အကျယ်တ၀င့် မရေးတော့ဘူးနော်။

ကဲ … ဒီလောက်ပါပဲ။ ကိုယ့်ကိုယ်ကို ဖော်ကောင် လုပ်ပြီးမို့ … ဤမျှနှင့် ကျေနပ်တော် မူကြပါကုန်သောဝ်။
***
မေဓာဝီ
8th May, 2007
11:00 pm

Read More...