Friday, November 30, 2007

ဗိုလ်လုပ်လိုသလား (၆)

စက်တင်ဘာလ (၅) ရက်နေ့က “ဗိုလ်လုပ်လိုသလား အပိုင်း (၅)” ကို တင်ခဲ့ပါတယ်။ အခု ဒီကနေ့တော့ ဗိုလ်လုပ်လိုသလား အပိုင်း (၆) မှာ သမာဓိ ဗိုလ်ကို ဖော်ပြလိုက်ပါတယ်။

၎။ သမာဓိဗိုလ်

သမာဓိ ဆိုတာ တည်ကြည်မှု တည်တံ့မှုလို့ ဆိုပါတယ်။ တည်တံ့မှုဆိုတာမှာ လည်း စိတ်တည်တံ့မှုကို ဆိုလိုတာဖြစ်ပါတယ်။ စိတ် တည်ကြည် တည်တံ့မှ ကိုယ်အမူအရာလည်း တည်တံ့ပါတယ်။ ကိုယ်စိတ် နှစ်ပါးလုံး တည်တံ့သူကို လောကအလိုအားဖြင့် လူမှန်တယောက်လို့ ချီးမွမ်းခံကြရပါတယ်။ ကိုယ်စိတ် နှစ်ပါး မတည်တံ့ သူဆိုရင်တော့ လူတွေရဲ့ လေးစား ယုံကြည်ခြင်းမှ ကင်းဝေး မှာဖြစ်ပါတယ်။

တည်ကြည်မှုမှာလည်း အမှားကို တည်ကြည်မှုနဲ့ အမှန်ကို တည်ကြည်မှု ရယ်လို့ နှစ်မျိုးရှိပြန်ပါတယ်။ လောကီတည်ကြည်မှုတို့ဟာ အမှားတည်ကြည်မှု ဖြစ်တာကြောင့် မိစ္ဆာသမာဓိလို့ ဆိုပါတယ်။ လောကုတ္တရာ တည်ကြည်မှု သာလျှင် အမှန်ကိုတည်ကြည်ခြင်းဖြစ်တာကြောင့် သမ္မာသမာဓိ လို့ ဆိုနိုင် ပါတယ်။

သမ္မာသမာဓိဆိုတာ ပကတိသောသမာဓိ ဖြစ်ပါတယ်။ ဘာဝနာသမာဓိကို သမ္မာသမာဓိ လို့ဆိုပါတယ်။ သမ္မာသမာဓိဟာ အားကြီးတဲ့ တည်ကြည်မှု ဖြစ်တာမို့ သမာဓိဗိုလ်လို့ ဆိုပါတယ်။

လောကီသမာဓိလို့ခေါ်တဲ့ သာမန်တည်ကြည်မှုသည်ပင် အလွန် အကျိုးများ တာ ကြောင့် ပကတိသမာဓိဟာ ပိုလို့ပင် အကျိုးများပါတယ်။ မြေလျှိုး မိုးပျံနိုင်တဲ့ တန်ခိုးအမျိုးမျိုးကိုလည်း ရနိုင်ပါတယ်။ သမထ ဘာဝနာရဲ့ တည်ကြည်မှုဟာ ၃-မျိုးရှိပါတယ်။
၁။ ပရိကမ္မသမာဓိ (ပကတိတည်ကြည်မှု)
၂။ ဥပမာသမာဓိ (ဈာန်ရဲ့အနီးမှာတည်ကြည်မှု)
၃။ အပ္ပနာသမာဓိ (ဈာန်နှင့်တကွ တည်ကြည်မှု) တို့ဖြစ်ပါတယ်။

လောကုတ္တရာ သမာဓိကတော့ မဂ်ဂင် ရှစ်ပါးမှာပါတဲ့ သမ္မာသမာဓိ ဖြစ်ပါတယ်။ အဲဒီသမာဓိကို ရောက်ရှိတဲ့သူဟာ အလွန်သန့်ရှင်းစင်ကြည်တဲ့ စိတ်ဓာတ်ရှိပြီး အမှန်အကန်ဖြစ်တဲ့ ရုပ် - နာမ် - ဓမ္မ သင်္ခါရတရားတို့ကို သိမြင် နိုင်ပါတယ်။ အဲဒီသမာဓိကို အခြေတည်ပြုပြီး မဂ်ဖို နိဗ္ဗာန် တိုင်အောင် ရနိုင် ရောက်နိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုမျိုး သမာဓိကို သမာဓိဗိုလ်လို့ ဆိုပါတယ်။

ဥပဒေသ။

တည်ကြည်မှု၊ တည်တံ့မှုကို ရအောင်ယူပါ။ ထိုတည်ကြည် တည်တံ့မှုသည် ယခုအကျိုး နောင်တမလွန်အကျိုးကို ရနိုင်သည့်အပြင် နောက်ဆုံးမှာ နိဗ္ဗာန် တိုင်အောင် ရရောက်နိုင်ပေသည်။ အလွန်အကျိုးများသော တည်ကြည်မှုကို မိမိအသက်လောက် ချစ်ခင်ပြီး ရအောင်ယူပါ။ ရရှိလာသော တည်ကြည်မှုသည် မွေးမြူမှုကောင်းက တစတစ ကြီးမြင့်ပြီး ဗိုလ်အဖြစ်သို့ ရောက်ပေလိမ့်မည်။ ဗိုလ်စိတ် ရရှိသောသူသည် ဗိုလ်လုပ်ငန်းကို ဆက်လက် ပြုလုပ်သော် နောက်ဆုံးမှာ ဗိုလ်တယောက်ဖြစ်ပေလိမ့်မည်။
***
သမာဓိဗိုလ်ကတော့ ဒီမျှပါပဲ။ နောက်တခါ ကြုံမှပဲ နောက်ဆုံးဗိုလ်စိတ် ဖြစ်တဲ့ ပညာဗိုလ်အကြောင်း ဖော်ပြပါတော့မယ်။ အချိန်ရတုန်း ကမန်းကတန်း ရိုက်ရတဲ့အတွက် အမှားများ တွေ့ပါက ခွင့်လွှတ်ကြပါရှင် … ။
***
မေဓာဝီ
၃၀၊ ၁၁၊ ၂၀၀၇

မှတ်ချက်။… ။ အရှင်ကေလာသဖ၏ ဗိုလ်လုပ်လိုသလားမှ။

Read More...

Thursday, November 29, 2007

၄၃ … သို့ ဆုတောင်း

သူတို့ဟာ…
’၄’ နဲ့ ‘၃’ လိုပဲ …
အမြဲနီးကပ်စွာ ရှိနေကြတယ်။

’၄’ နဲ့ ‘၃’ လိုပဲ …
အမြဲ မခွဲမခွါ ရှိနေကြတယ်။

’၄’ နဲ့ ‘၃’ လိုပဲ…
အမြဲမျက်နှာချင်းဆိုင်လျက်
တယောက်မျက်နှာ တယောက် ကြည့်နေကြတယ်။

’၄’ နဲ့ ‘၃’ ပေါင်းတဲ့အခါ…
ကံကောင်းစေတဲ့ ‘၇’ ဂဏန်းရသလို
သူတို့ရဲ့ ပေါင်းစပ်မှုဟာလည်း
သာယာလှပတဲ့ ဘ၀ကလေးတွေကို ဖြစ်ပေါ်စေတယ်။

ဒါပေမဲ့ …
အဲဒီ ’၄’ နဲ့ ‘၃’ ဟာ
လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။

စက္ကန့်၊ မိနစ်၊ နာရီတွေ စုစည်း
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
ဖြစ်တည်ခဲ့ရတာပါ။

အဲဒီ ’၄’ နဲ့ ‘၃’ ရဲ့
ဖြစ်တည်မှု အစကတည်းက
ချစ်ခြင်းမေတ္တာများစွာ…
နားလည် ခွင့်လွှတ်ခြင်းများစွာ…
စေတနာနဲ့ အကြင်နာများစွာ ပေါင်းပြီး
စုစည်း တည်ဆောက်ခဲ့ကြတယ်။

ဘ၀ခရီးလမ်း တလျှောက်မှာ
ပင်ပန်းပန်း နွမ်းလျလျ
တဦးကိုတဦး ဖေးမလျက်
တွဲလက်တွေ မဖြုတ်တမ်း
လမ်းကြမ်းကြမ်းတွေလည်း
မနားတမ်း လျှောက်ခဲ့ကြတယ်။

ဒီအချိန်မှာ…
နောက်ကို ပြန်ပြီးလှည့်ကြည့်ရင်
၄၃-နှစ် ဆိုတဲ့ ခရီး…
အရှည်ကြီးပေမယ့်
မကြာသေးသလို ခဏလေးလို့ပဲ ထင်နေမှာ
သေချာသလောက်ပါပဲ။

ဒီလိုနဲ့…
လေးဆယ့်သုံးမှသည် …
လေးဆယ့်လေး …
လေးဆယ့်ငါး …
တဖြည်းဖြည်း နှစ်ဆပွားလို့
ကာလများ ရှည်ကြာသည့်တိုင်
ပါရမီ အတူဖြည့်နိုင်ပါစေသား။

မြတ်နိဗ္ဗာန် ခရီးလမ်းကို
ဘ၀တိုင်း မခွဲစတမ်း
အတူ လျှောက်လှမ်းနိုင်ပါစေသား။ ။

မေဓာဝီ
၂၉၊ ၁၁၊ ၂၀၀၇

(အမေနဲ့ အဖေရဲ့ ၄၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရ)

Read More...

Monday, November 26, 2007

ရေခဲပြင်ပေါ်မှာ လမ်းလျှောက်ခြင်း ...

ကျမ ငယ်ငယ် ဘယ်အရွယ်က စပြီး လမ်းလျှောက်တတ်တယ်ဆိုတာ မမှတ်မိတော့ပါဘူး။ မွေးခါစ ပက်လက်ကနေ မှောက်လျက်၊ ပြီးတော့ တွားသွား၊ လေးဘက်သွား၊ နောက်တော့ ငုတ်တုတ်၊ ဒီ့နောက် မတ်တပ်ရပ်ရာက တလှမ်းခြင်း ယိုင်တိယိုင်ထိုး လျှောက်ရင်း တဖြည်းဖြည်း ဖြောင့်ဖြောင့် လျှောက်နိုင် … နောက်ဆုံး ပြေးနိုင်တဲ့ အထိပေါ့။ ဘယ်အရွယ် က ဘယ်အရွယ်အထိ အဲဒီလို အဆင့်ဆင့် သွားခဲ့ရတယ် ဆိုတာကတော့ ကျမ သေချာ မသိပါဘူး။ သေချာတာကတော့ ကျမဟာ ကိုယ့်ကိုယ်ကို လမ်းလျှောက်တတ်ပြီ လို့ ထင်ခဲ့မိတာပါပဲ။
***
တကယ်တမ်း ကျမ လမ်းကောင်းကောင်း မလျှောက်တတ်သေးဘူး ဆိုတာ တနေ့မှာ သိလိုက်ရပါတယ်။ အဲဒီနေ့က နိုဝင်ဘာလ ၁၁ ရက်နေ့ပေါ့။ ကျမတို့ ကျောင်းသားတွေ အားလုံးကို ကျောင်းက အကုန်အကျခံပြီး တနေရာကို လိုက်ပို့ပေးပါတယ်။ အဲဒီနေရာက ရေခဲပြင်မှာ စကိတ်စီးတဲ့ နေရာပါ။ ရေခဲပြင်ပေါ် စကိတ်စီးတာကို အရင်က ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးတာမို့ အတွေ့အကြုံရအောင် ကျမလည်း လိုက်သွားခဲ့ပါတယ်။

ဟိုရောက်တော့ တယောက်ပြီး တယောက် တန်းစီ၊ လက်မှတ်လေးတွေ ဖြတ်ပေးပြီး အထဲမှာ အဲဒီ လက်မှတ်နဲ့ ဖိနပ် ယူရပါတယ်။ ကိုယ့်ဖိနပ်တွေကို ချွတ်ပြီးအပ်၊ ကိုယ့်ရဲ့ ဖိနပ် အရွယ်အစားကို ပြောရင် သူတို့က သင့်တော်ရာ ဖိနပ်ကို ထုတ်ပေးတယ်။ အဲဒါကို စီးပြီးရင် ရေခဲပြင်ပေါ်မှာ စကိတ်စီးဖို့ အဆင်သင့် ဖြစ်ပြီပေါ့။

ကွင်းထဲမှာ သီချင်းတွေက မြူးမြူးကြွကြွ၊ မီးရောင်စုံတွေက တဖျတ်ဖျတ် တောက်ပ၊ လူငယ်လေးတွေက သွက်လက် ဖြတ်လတ်စွာ ကစားနေကြလို့…။ ကျမကတော့ ဖိနပ်စီးပြီးကတည်းက လမ်းလျှောက်ရတာ အဆင်မပြေ တော့ပါဘူး။ ရိုးရိုး လမ်းလျှောက်ဖိနပ် (ဝေါကင်းရှူး) နဲ့တောင် ကိုယ်က စီးနေကျ အလေ့အကျင့် မရှိလို့ ခြေထောက် နာရတဲ့အထဲ အဲဒီ စကိတ်စီး ဖိနပ်နဲ့ဆို တွေးသာ ကြည့်ကြပါတော့။ ဒီလိုနဲ့ ယိုင်တိုင်တိုင် လမ်းလျှောက်ရင်း ကွင်းထဲကို ရောက်သွားတယ် ဆိုရင်ပဲ …

`အမလေး … ဗုဒ္ဓေါ´

လျှောခနဲ စလစ်ဖြစ်သွားလို့ ဘေးနားက ဘောင်ကို ကမန်းကတန်း ကိုင်လိုက် ရပါတယ်။ လဲကျတော့မလားလို့ ရင်ထဲလည်း တဒိန်းဒိန်းနဲ့…။ လဲသာ ကျလို့ကတော့ ပြန်ထလို့ လွယ်မယ် မထင်ပါဘူး။ အေးလွန်းလို့ အထပ်ထပ် ၀တ်ထားတဲ့ အင်္ကျီတွေ ဘောင်းဘီတွေနဲ့ လူတကိုယ်လုံး ကျပ်စည်းသလို ဖြစ်နေတဲ့ အပြင် အဲဒီ ဖိနပ်ကြီးနဲ့ ဘယ်လိုလုပ် ပြန်ထလို့ လွယ်ပါလိမ့်မလဲ။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူများတကာတွေ တလျှောလျှောနဲ့ စီးနေလိုက်ကြတာ၊ က-ရင်း စီးနေတဲ့ လူတောင် ရှိသေး။ ဒါနဲ့ သူတို့ ခြေထောက် အနေအထားကို လိုက်ကြည့်တယ်။ ဘယ်လိုရွှေ့တယ်၊ ဘယ်လို ရပ်တယ်၊ ဘယ်လို လှုပ်ရှားတယ် စသဖြင့် လေ့လာပြီး သကာလ ကြိုးစား ကြည့်မိပြန်တယ်။

`အလိုလေး … ဘုရား ဘုရား´

လူက ရှေ့ကို မှောက်ရက် လဲတော့မလို ဟပ်ထိုး ဟပ်ထိုး ဖြစ်သွားလို့ ဘေးဘောင်ကို အမြန် ကိုင်လိုက်ရပြန်ပါရော။ အေးလွန်းတဲ့ နေရာမှာ လူလည်း ချွေးစေးတွေကို ပြန်လို့။ ရင်တွေ တလှပ်လှပ် ခုန်လို့…။ မဖြစ်ပါဘူး ဘယ်နှယ့် လုပ်ရပါ့။ ကွင်းထဲ ရောက်ပြီးမှ အလျှော့ပေးလို့တော့ မဖြစ်ဘူး။ ကိုင်း … နောက်တခေါက်၊ တလှမ်း … နှစ်လှမ်း … သုံးလှမ်းမြောက်မှာ လူက Balance မမျှဘဲ ယိုင်သွားပြန်ပါတယ်။

`၀ှူးး … ခက်ပါဘိ´

အရှုံးပေးရမလို ဖြစ်နေပြီ။ သီချင်းသံတွေက ပိုပြီး မြူးကြွလာတယ်။ လူတွေရဲ့ အော်သံ၊ ရယ်သံ၊ စကားပြောသံ တွေကလည်း ဆူညံလို့ …။ နောက်ဆုံးတော့ ကျမ ဆုံးဖြတ်လိုက်တယ်။ သူများတွေလို တလျှောလျှောနဲ့ မစီးနိုင်ရင်တောင် ဒီကွင်း တပတ်တော့ ဖြည်းဖြည်းချင်း ရအောင် လျှောက်မယ်လို့ပေါ့။
***
ဒီလိုနဲ့ ဘေးဘောင်ကို ကိုင်ပြီး ခြေလှမ်းတွေကို သတိကြီးစွာ လှမ်းရင်း တလှမ်းခြင်း ကျမ လျှောက်လာလိုက်တယ်။ နည်းနည်း လျှောက်လိုက်၊ နားလိုက် လျှောက်နေတဲ့ ကျမကို ဘေးပတ်ဝန်းကျင်က ရယ်ချင်ပက်ကျိနဲ့ ကြည့်နေကြ လေမလားဘဲ။ ဘောင်မရှိတဲ့ ၀င်ပေါက် ထွက်ပေါက် နေရာက အဖြတ်၊ ခြေ သုံးလေးလှမ်းစာလောက်ကို အသက် အောင့်ရင်း အမြန် ဖြတ်လိုက်ရတယ်။

`အိုး … ဆောရီး´

ရွှီးခနဲ အနားရောက်လာတဲ့ မိန်းကလေး တယောက်နဲ့ တိုက်မိမလို ဖြစ်လို့ အမြန် တောင်းပန် လိုက်ရတယ်။ သူကတော့ ပြုံးပြီး လက်ပြသွားလေရဲ့။ ကျမမှာတော့ ယိုင်ထိုး ယိုင်ထိုးနဲ့ တလှမ်းခြင်း လျှောက်နေရတုန်းပါပဲ။

ဘောင်ကို ကိုင်ပြီး နားနေကြတဲ့ လူတွေက ကျမ အနားရောက်လာတာနဲ့ အလိုက်တသိ ရှောင်ပေးကြပါတယ်။ တချို့က မမြင်လို့ မရှောင်ပေးတဲ့ အခါ ကျမကပဲ သူတို့ကို ကွင်းရှောင်သွားရတယ်။ အဲဒီလို ရှောင်သွားလို့ ဘောင်ကို လက်လွှတ်လိုက်ရတုန်း တော်တော်လေး ဟန်ချက်ပျက်ပြီး လူက လဲကျမလို ဖြစ်သွား ပြန်ပါတယ်။ တော်သေးလို့ … အနား ရောက်လာတဲ့ ကျောင်းက ဆရာမက အမြန် လက်လှမ်း ကမ်းလိုက်တာနဲ့ အောက်အထိ လဲကျ မသွား တာပါ။

တပတ်ပြည့်အောင် မနည်း အားတင်းပြီး ဖြည်းဖြည်းချင်း လျှောက်သာ လျှောက်နေရတယ်။ လူက စိတ်ညစ်လှပြီ။ ချော်လဲမှာစိုးတာက တကြောင်း၊ ဖိနပ်ကြီးကြောင့် ခြေထောက်နာတာက တကြောင်းလေ။ စိတ်ညစ်ပေမဲ့ ဘယ်တတ်နိုင်လဲ …။ ဒီအရပ်ကို ရောက်လာမှတော့ ဒီဖိနပ်စီးပြီး ဒီလိုပဲ လျှောက်ရတော့မှာပေါ့။

ဒီလိုနဲ့ပဲ နောက်ဆုံးတော့ ကွင်းကျယ်ကြီး တပတ် တုန်တုန်ရီရီနဲ့ လျှောက်နိုင် သွားပါတယ်။ အပြင်ကို ထွက်တော့မှ သက်ပြင်းကို ဟူးခနဲ ချပြီး မြေကြီးပေါ် ခိုင်ခိုင်မာမာ ခြေချလိုက်ရတာ အလွန်ကို အားရှိသွားသလိုပဲ။ ခုံတခုမှာ အမြန် ထိုင်နားလိုက်ရင်း …
`ငါဟာ လမ်းတောင် ဖြောင့်အောင် မလျှောက်တတ်သေးပါလား´ … လို့ ကျမ တွေးနေမိတယ်။
***
တကယ်ပါပဲ …
ကျမ လမ်းမလျှောက်တတ်သေးပါဘူး။ အခုအချိန်မှာ ကျမဟာ ခြေလှမ်းတွေ ကို စမ်းတ၀ါးဝါး လှမ်းရင်း ဘယ်အချိန် ချော်လဲကျလေမလဲ … လို့ တထိတ်ထိတ်နဲ့ လျှောက်နေရသလိုပါပဲ။ ကိုယ့်ခြေထောက်ကို ကိုယ် စိတ်မချတဲ့ အတွက် လက်ကလည်း တစုံတခုကို မြဲမြဲ ကိုင်ထားရပါ သေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီအောင် မနည်းထိမ်းပြီး လျှောက်နေရတဲ့အတွက် တခါတလေ ယိမ်းယိုင်ပြီး သူတပါးကို မတော်တဆ တိုက်မိမလိုလည်း ဖြစ်တတ်ပါသေးတယ်။ တခါတလေ … အမှီအတွယ် ကင်းစွာ လက်လွှတ်လိုက်ရတဲ့အခါ … ဘေးနားမှာလည်း တွဲမယ့် လက်တွေ မရှိတဲ့အခါ မျိုးမှာတော့ … ပြိုလဲကျမတတ် ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ …
ဘယ်လိုပဲ ယိုင်လဲပါစေ … လဲကျပါစေ … ဖြည်းဖြည်းခြင်းပဲ ဖြစ်ဖြစ် … ဒဏ်ရာ အနာတရတွေနဲ့ပဲ ဖြစ်ဖြစ် … နောက်ဆုံးမှာတော့ လိုရာခရီးကို ဘယ်နည်းနဲ့မဆို အောင်မြင်စွာ ရောက်နိုင်ရမယ်လို့ အားတင်းရင်း … … …
ဘ၀ ရေခဲပြင်ပေါ်မှာ လမ်းလျှောက် နေမိပါတော့တယ်။
***
မေဓာဝီ
၂၅၊ နိုဝင်ဘာ ၂၀၀၇
ည ၁၁း၁၃ နာရီ
(မှတ်ချက်။ ကူညီစာရိုက်ပေးသော ကိုစေးထူးကို ကျေးဇူးတင်ပါတယ်ရှင်။)

Read More...

Sunday, November 25, 2007

ညောင်ပင်တစ္ဆေ

ညောင်ပင်တစ္ဆေ … (ဝေလေလေ)
နင်ဘယ်ကိုင်းမှာနေ … (ညောင်ကိုင်းမှာနေ)
နင်ဘာရေသောက် … (ညောင်ရေသောက်)
နင်ဘာသီးစား … (ညောင်သီးစား)

***
ငယ်ငယ်တုန်းက ညောင်ပင်တစ္ဆေ ကစားနည်းလေးကို ကစားခဲ့ဖူးသည်။ ညောင်ပင်တစ္ဆေ လုပ်သူက တဖက်၊ ကျန် ကစားသူတွေက တဖက် အပြန်အလှန် ပြောဆို ကစားကြရသည်။ အဆိုပါ ကစားနည်းအရ တွေးကြည့်လျှင် ညောင်ပင်တစ္ဆေဟူသည် ညောင်ပင်ပေါ်မှာနေ၊ ညောင်ရေကို သောက်၊ ညောင်သီးကိုစားပြီး ညောင်ပင်ကြီးကို မှီခိုကာ ရှင်သန်နေထိုင်ရသူပင် …။ သို့သော် ထို ညောင်ပင်တစ္ဆေသည် သူမှီခိုနေထိုင်ရာ ညောင်ပင်ကြီးအား မည်သို့ အကျိုးပြုပေးပါသလဲ?? မည်သို့ အကျိုးပြုနိုင်ပါသလဲ?? မည်သို့ အကျိုးပြုနေပါသလဲ?? စဉ်းစားနေမိပါ၏။
***
သူတို့ ရပ်ကွက်ထဲတွင် ညောင်ပင်ကြီး တပင်ရှိသည်။ ညောင်ပင်ကြီးက တော်တော်ကြီးပြီး အရွက်အခက်များ ဝေဖြာလို့ နေ၏။ အသီးသီးချိန်ဆို ညောင်သီးလာစားသော ငှက်ကလေးများ ဆူညံအော်မြည်လျက်…။ ရပ်ကွက်သူ ရပ်ကွက်သား တချို့က ညောင်ပင်အောက်မှာ ခရီးသွားများ သောက်သုံးရန် ရေချမ်းစင်ကလေး တည်ထားသည်။ တချို့က ညောင်ပင်အောက်မှာ အမှိုက်သရိုက် ကင်းရှင်းစေရန် လှဲကျင်းလို့ ထားကြ၏။ တချို့ကတော့ ဖယောင်းတိုင်နှင့် အမွှေးတိုင်လေး ထွန်းညှိကြလေသည်။ တချို့ကလည်း ကိုင်းညွှတ်ကျနေသော ညောင်ကိုင်းတွေကို ၀ါးလုံးဖြင့် ထောက်သူထောက်၊ ညောင်ပင် ရှင်သန်အောင် ရေစင်သွန်းလောင်းသူက လောင်း၊ ရပ်ကွက်ထဲက ငွေကြေးတတ်နိုင်သူ စေတနာရှင် တဦးကတော့ ညောင်ပင် ပတ်ပတ်လည်မှာ ထိုင်လို့ရအောင် အုတ်ဘောင်ကလေး ပတ်ပြီး စီထားပေးသည်။

ထိုသို့ ညောင်ပင်ကြီး သာယာစိုပြေလာသောအခါ ထုံးစံအတိုင်း အဖျက်သမားများ ပေါ်ပေါက်လာလေတော့၏။ ရပ်ကွက်ထဲက ဆိုးသွမ်းသူ လူမိုက်တစုသည် ညောင်ပင်ကြီးမှာ စတည်းချကာ မကောင်းမှု ဒုစရိုက်များ လုပ်ကိုင်လာကြသည်။ ညောင်ပင်အောက်မှာ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း၊ စာရိတ္တချို့ယွင်းသူ မိန်းကလေးများ၊ ပြည့်တန်ဆာများနှင့် ချိန်းဆိုတွေ့ဆုံ ပျော်ပါးခြင်းတို့ ပြုလုပ်ကြသည့်အပြင် ရေချမ်းအိုးထဲမှ ရေများကို သွန်ပစ်၊ မှောက်ပစ်၊ ရေခွက်တွေ ခဏခဏ ဖျောက်ပစ်၊ တခါတခါ ရေအိုးကိုပင် ခွဲသွားတတ်ကြသည်။

အရွက်တွေ ခြွေလိုခြွေ၊ အကိုင်းတွေ ချိုင်လိုချိုင်၊ သန့်ရှင်းသောနေရာမှာ အညစ်အကြေးတွေ စွန့်လိုစွန့်၊ ထိုင်ခုံ အုတ်ဘောင်ကလေးမှာလည်း ညစ်ညမ်းသည့် စာတန်းများ ရေးထိုးကြသည့် အပြင် သူတို့အား တားမြစ်သူ၊ ကန့်ကွက်သူများကိုသော် လည်းကောင်း၊ ညောင်ပင်ကြီး တ၀ိုက် ပြန်လည်သာယာအောင် ပြုလုပ်ပေးသူများကိုသော် လည်းကောင်း ခြိမ်းခြောက် နှောက်ယှက်ကြပြန်လေ၏။
***
ထိုညောင်ပင်ကြီးထက်က ညောင်းကိုင်းတွေပေါ်မှာတော့ ညောင်ပင်တစ္ဆေတွေ အမှန်တကယ်ကို ရှိနေပါသည်။ ညောင်ပင်တစ္ဆေတွေကတော့ ညောင်ပင်ကြီးပေါ်မှာ မြိန့်မြိန့်ကြီး နေနေကြပြီး ထိုထိုသူများ လုပ်သမျှကို အပေါ်စီးက အကဲခတ်နေကြသည်။ တချှို တစ္ဆေတွေကတော့ ညောင်ကိုင်းတကိုင်းမှ တကိုင်း မြင့်သထက် မြင့်ရာသို့ တက်လှမ်းသွားကြသည်။ မြင့်ရာသို့ မတက်လျှင်လည်း ကိုင်းနိမ့်တွေမှာဆို သိပ်စိတ်ချရတာမဟုတ်…၊ ဟိုလူမိုက်တွေ ချိုင်တာနှင့်ပင် ဘုံပျောက်နိုင်သည်ကိုး…။ ကိုင်းမြင့်ထက်ကို ရောက်သွားပြီးသော ညောင်ပင်တစ္ဆေ အများစုကတော့ ညောင်ပင်အောက်ကိုပင် ပြန်ငုံ့မကြည့်ကြတော့ပေ။

ခပ်နိမ့်နိမ့်ကိုင်းက တစ္ဆေတွေကတော့ လူမိုက်တွေ နှောက်ယှက်ဖျက်ဆီးသည့်အခိုက် တခါတလေမှာ ထထ ခြောက်တတ်ကြပါသေးသည်။ ဒါပေမယ့်လည်း သူတို့က တစ္ဆေတွေပဲ မဟုတ်လား။ ခြောက်ရုံကလွဲပြီး ဘာတတ်နိုင်တာမှတ်လို့…။ လူမိုက်ဆိုတာမျိုးကလည်း မျက်ကန်းတစ္ဆေ မကြောက်သည့် အစားထဲက လူမျိုးမို့ ညောင်ပင်တစ္ဆေလောက်တော့ သူတို့က ရယ်တာပေါ့။

တချို့ တစ္ဆေတွေကတော့ ကိုယ်ယောင်ဖျောက်ပြီး ညောင်ပင်အောက်ကို ရောက်လာကာ ညောင်ပင်ကို ရေလာလောင်းကြပါသေးသည်။ သို့သော်လည်း အများစုက အကျိုးလိုလို့ ညောင်ရေ လောင်းခြင်းမျှသာ…။ တစ္ဆေများ၏ နှုတ်ဖျားကတော့ ညောင်ပင်ကြီး သာယာစိုပြေရေး၊ ညောင်ပင်ကြီး ရေရှည်တည်တံ့ရေး စသဖြင့် အော်နေကြပေမယ့် လက်တွေ့မှာတော့ ရပ်ကွက်သူ ရပ်ကွက်သားများကသာ ညောင်ပင်အောက်မှာ ပင်ပန်းဆင်းရဲခံကာ အနှောက်အယှက်များကြားက ညောင်ပင်ကြီးအတွက် ဆောင်ရွက်နေကြရပါသည်။

ညောင်ကိုင်းထက်က ညောင်ပင်တစ္ဆေများကတော့ ညောင်ပင်ကြီး အရေးထက် သူတို့ဘ၀ ခိုင်မာစွာ ရပ်တည် နေထိုင်ရေးကိုသာ ဦးစားပေး စဉ်းစားနေကြဆဲ…။ တချို့ကလည်း ဟိုကိုင်းကူရ ကောင်းနိုးနိုး၊ ဒီကိုင်းပြောင်းရ ကောင်းနိုးနိုး ဒွိဟ ဖြစ်နေကြလေသည်။ အကူးမတော်လျှင် တစ္ဆေသစ်ကိုင်းလွတ်လည်း ဖြစ်နိုင်သေးသည်ကိုး…။
***
ဒီလိုနှင့် အချိန်တွေ တရွေ့ရွေ့ ပြောင်းသွားသောအခါ... လူမိုက်တွေက အင်အားကောင်းလာကြပြီး ရပ်ကွက်သူ ရပ်ကွက်သားတချို့လည်း ခြေကုန်လက်ပန်း ကျလာကြပြီ။ ညောင်ပင်ကြီးလည်း တစတစ စိုပြေသာယာခြင်း ကင်းမဲ့လို့ နေပြီ။ ညောင်ပင်ထက်က ညောင်ကိုင်းတွေပေါ်မှာ ထိုင်နေသူ ညောင်ပင်တစ္ဆေများကတော့ … … … ။
`ညောင်ပင် တစ္ဆေ´ ဟု မခေါ်သော်လည်း
`ဝေလေလေ´ ဟု အော်နေကြမြဲ … … … ။
***
မေဓာဝီ
20th Nov, 2007
11:39 pm

Read More...

Saturday, November 24, 2007

တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့

တန်ဆောင်မုန်းလပြည့်နေ့ ရောက်ပြန်ပြီပေါ့။ ပြီးခဲ့တဲ့နှစ်ကတော့ တန်ဆောင်မုန်းလပြည့်နေ့နဲ့ အဇာတသတ်မင်းအကြောင်း ရေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ သံဃာ့ဂုဏ်တော် အကြောင်း ကဗျာလေးကို ရေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သာမညဖလဆိုတာ ရဟန်းပြုခြင်းရဲ့ အကျိုးကိုပြောတာ လို့ ဆိုပါတယ်။ ရဟန်း သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို သိနားလည်မှ ရဟန်း သံဃာတော်တွေကို ကြည်ညိုလေးစား တတ်လာမယ်လို့ ယူဆတဲ့အတွက် သံဃာ့ဂုဏ်တော် ကို ကျမ မှတ်မိသလောက် ပြန်ရေးချလိုက်ပါတယ်။

သံဃာ့ဂုဏ်တော် ကိုးပါးကို ကျမ အဖေက မှတ်ရလွယ်အောင် ကဗျာလေး ရေးပြီး ငယ်ငယ်ထဲက ကျက်ခိုင်းထားလို့ မှတ်မိနေတာပါ။ အနည်းအကျဉ်း မှားယွင်းမှု ရှိရင်တော့ ခွင့်လွှတ်ဖို့ ကြိုတင် တောင်းပန် လိုက်ပါတယ်။

သံဃာ့ဂုဏ်တော် ကိုးပါး ကဗျာ
(၁) ကျင့်ကောင်း (၈) ပါး
(၂) ဖြောင့်ငြားတသွယ်
(၃) ရည်ရွယ်နိဗ္ဗာန်
(၄) ရိုသေရန်နှင့်
(၅) လှူခံဆောင်ဝေး
(၆) ထိုက်သေးဧည့်ကောင်း
(၇) မြတ်လှူ လောင်း၍
(၈) အပေါင်း လက်ချီ
(၉) လယ်ကောင်းမည်
ကိုးလီ သံဃာ့ဂုဏ်။

သုပ္ပဋိပန်န အစချီတဲ့ သံဃာ့ဂုဏ်တော် ကိုးပါးကိုတော့ ချရေးမပြတော့ပါဘူး။ ပါဠိပါဌ်ဆင့်တွေ ရေးရတာ အဆင်မပြေလို့ပါ။

နံပါတ် (၁) ကနေ (၄) က .. အကြောင်း (၄) ပါး ဖြစ်ပါတယ်။ (၅) ကနေ (၉) အထိက အကျိုး (၅) ပါး ပါ။ အကြောင်း (၄) ခုကို ပြုလုပ်လို့ ရရှိတဲ့ အကျိုး ၅ ပါး ဖြစ်ပါတယ်။ အကျယ်ကို ရေးဖို့ အချိန် မရှိတော့တာကြောင့် ဒီလောက်နဲ့ပဲ … ကျေနပ်ကြပါရှင် .. ။
***
မေဓာဝီ
တန်ဆောင်မုန်းလပြည့်နေ့
၂၄၊ နိုဝင်ဘာ ၂၀၀၇

ဖြည့်စွက်ခြင်း

အဲဒီနေ့က အချိန်မရတာနဲ့ သံဃာ့ဂုဏ်တော် ကိုးပါးရဲ့ အဓိပ္ပါယ်တွေ မရေးခဲ့ လိုက်ရပါဘူး။ ဒါကြောင့် အခု တခုခြင်းစီရဲ့ အဓိပ္ပါယ်အကျဉ်းကို ကျမ မှတ်မိသလောက် ပြန်ဖော်ပြ လိုက်ပါတယ်။ လောလောဆယ် အနားမှာ ကိုးကားစာအုပ် မရှိတာကြောင့် ခေါင်းထဲ မှတ်မိသလောက်သာ ချရေးရတာမို့ မှားယွင်းခြင်း၊ မပြည့်စုံခြင်းတို့ ရှိပါက ပြင်ဆင် ဖြည့်စွက် ပေးကြပါရှင်။

(၁) ကျင့်ကောင်း ၈ ပါး
သမ္မာဒိဋ္ဌိ အစရှိသော အကျင့်ကောင်း အကျင့်မြတ် ၈ ပါးကို ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။

(၂) ဖြောင့်ငြား တသွယ်
ဖြောင့်မတ် မှန်ကန်စွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။

(၃) ရည်ရွယ် နိဗ္ဗာန်
နိဗ္ဗာန်သို့ ရည်ရွယ်၍ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။

(၄) ရိုသေရန်နှင့်
ကောင်းမွန် ရိုသေစွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။

(၅) လှူခံဆောင်ဝေး
အဝေးမှ ဆောင်ယူလာသော ပစ္စည်းများကို အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။

(၆) ထိုက်သေး ဧည့်ကောင်း
ဧည့်ကောင်း စောင်ကောင်းတို့အတွက် ရည်ရွယ်ထားသော ပစ္စည်းများကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။

(၇) မြတ်လှူ လောင်း၍
မြင့်မြတ်သော ပစ္စည်းများကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။

(၈) အပေါင်း လက်ချီ
လူအပေါင်းတို့ လက်အုပ်ချီမိုး ရှိခိုးခြင်းမှ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။

(၉) လယ်ကောင်းမည်
ကုသိုလ်ကောင်းမှု မျိုးစေ့တို့ စိုက်ပျိုး ကြဲဖြန့်ရာ လယ်တာ မြေကောင်းသဖွယ် ဖြစ်ပါသော သံဃာတော် အရှင်မြတ်များ။

ထိုသို့ ကြောင်းလေး ကျိုးငါး၊ ကိုးပါးအစ၊ ဂုဏ်တော် အနန္တတို့နှင့် ပြည့်စုံတော် မူပါပေသော သံဃာတော်မြတ် အပေါင်းအား ရိုသေစွာ လေးမြတ်စွာ ရှိခိုး ကန်တော့ပါ၏ ဘုရား။

***

Read More...

Friday, November 23, 2007

101 သို့တမ်းတခြင်း

101 ရေ …

ငါမင်းကို သတိရနေတယ်။

ဒီလိုငါကပြောတော့ မင်းအံ့ဩနေမှာလား?? ဒါမှမဟုတ် မင်းရော ငါ့လိုပဲ သတိရလို့နေမှာလား??? ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းကို တကယ်ပဲ သတိရ တမ်းတနေမိတာ အမှန်ပါ။

အရင်ကဆို ငါ့အခန်းကျဉ်းလေးထဲမှာ မင်းက အမြဲရှိနေကျ …။ မျက်စိနှစ်လုံးဖွင့်တာနဲ့ မင်းကို အရင်ဆုံး မျက်နှာချင်းဆိုင်နေကျ…။ အရမ်းအိပ်ချင်ပြီး မျက်စိမဖွင့်နိုင်တော့မှ မင်းကို ခွဲခွာနေကျ မဟုတ်လား…။

ငါဟာ မိသားစုထက်၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေထက်၊ ဆွေမျိုးသားချင်းတွေထက် မင်းကို ပိုပြီး အချိန်ပေးခဲ့တယ်…။

မင်းနဲ့အနေပိုများခဲ့တယ်။ မင်းကို ပိုပြီး ခင်တွယ်နေမိခဲ့တာလေ…။ မင်းက ငါခိုင်းသမျှ အရာအားလုံး မငြီးမငြူ လုပ်ပေးခဲ့သလို ငါ့လိုအပ်ချက်တွေ မှန်သမျှကိုလည်း ဖြည့်ဆည်းပေးနိုင်သူပါပဲ…။

တကယ်ပါ…။ တခါတလေ မင်းဟာ ဂျစ်တီးဂျစ်ကန် လုပ်တတ်တာက လွဲလို့ ငါ့အပေါ် တာဝန်ကျေခဲ့ပါတယ်။ ငါ့လောက်မင်းကို အနိုင်ယူသူ၊ ငါ့လောက် မင်းကို အသုံးချသူ ရှိပါဦးမလား?? ငါ စဉ်းစားနေမိတယ်…။

ငါစာဖတ်တဲ့အခါ၊ စာရေးတဲ့အခါ၊ သီချင်းနားထောင်တဲ့အခါ၊ ရုပ်ရှင်ကြည့်တဲ့အခါ၊ ကစားတဲ့အခါ၊ ပုံဆွဲတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ …၊ အို…. အချိန်တိုင်းအချိန်တိုင်း မင်းကို အသုံးချရတာချည်းပါပဲ။

ငါဘာပဲ လုပ်ချင်လုပ်ချင် မင်းက အမြဲလိုက်လျောပေးခဲ့ပါတယ်. တခါတခါတော့လည်း ငြီးငြီးငြူငြူနဲ့ ပေကပ်ကပ်လုပ်တတ်သေးရဲ့။ ဒါပေမယ့်လည်း မင်းဟာ ငါ့အတွက် အဖော်ကောင်းအဖြစ် ငါ့အနားမှာ ရှိနေပေးခဲ့တဲ့အတွက် ငါကျေးဇူးတင်မိပါတယ် …။

တခါတုန်းက မင်းနေမကောင်းလို့ မိုးသည်းသည်းထဲမှာ အငှားကား တစီးနဲ့ မင်းကို ဆရာဝန်ဆီ ခေါ်သွားရသေးတာ မှတ်မိပါသေးတယ်။ Taxi ပေါ် ငါကိုယ်တိုင် မင်းကို ပွေ့ချီတင်ပြီး မင်းကိုယ်ပေါ်မှာတင်နေတဲ့ ရေစက်လေးတွေကို ခြောက်အောင် အမြန်သုတ်၊ ငါ့ရင်ခွင်ထဲ မင်းကို ပွေ့ပိုက်ရင်း နွေးထွေးစေခဲ့တာလေ…။ ဆရာဝန်က မင်းကို စမ်းသပ်ပြီး ထားခဲ့ရမယ်ဆိုတော့ အပြန်လမ်းမှာ မိုးရေတွေ ပြည့်လွှမ်းနေတဲ့ လမ်းမတလျှောက် ငါတယောက်တည်း…။

အဲဒီ့တုန်းကတော့ မင်းမရှိတဲ့ အခိုက်အတန့်မှာ မင်းကိုယ်စား အစားထိုးစရာတွေ (မင်းလောက်မပြည့်စုံပေမယ့်) ငါ့နံဘေးမှာ တပုံတပင်ကြီးမို့ မင်းကို ခဏခွဲရတာ ငါ့အတွက် သိပ်ပြီး မလွမ်းလောက်ခဲ့ပါဘူး…။
***
ညတညကို ငါအမြဲ သတိရနေမိတယ် …။ ငါ့ဘ၀မှာ ဘယ်တော့မှာ မမေ့ရက်စရာ ညတညပါပဲ …။ မှတ်မှတ်ရရ စက်တင်ဘာ ၁၀ ရက်ညပေါ့ …။

ငါ့ရဲ့ အမြတ်နိုးဆုံးအရာတွေ မင်းဆီကနေ အကုန်ဆွဲထုတ်ခဲ့ရတယ်လေ။ ရင်ထဲမှာ တစစ်စစ်နာလို့ ငါနှမျောနေမိတယ်. ငါဖန်တီးထားတာတွေရော၊ ငါ့လုပ်ဆောင်ချက်တွေရော၊ ငါနှစ်သက်မြတ်နိုးလို့ စုဆောင်းသိမ်းဆည်းထားတာတွေရော တခုပြီး တခု မင်းဆီကနေ ဆွဲထုတ်ဖျက်ဆီး ပစ်ရင်း နာကျင်စွာ မျက်ရည်ကျနေမိတယ်။

ဒါပေမယ့် မတတ်နိုင်ဘူးလေ …။ အခြေအနေနဲ့ အချိန်အခါအရ ငါလုပ်ခဲ့လိုက်ရပါတယ် …။
မင်းကတော့ ၀န်ထုပ်ဝန်ပိုးကြီး ကျသွားလို့ ပေါ့ပါးသွားမှာပါပဲ။ ငါကတော့ အဲဒီညက တညလုံး အိပ်မပျော်ခဲ့ပါဘူး …။
***
ဒီလိုနဲ့ မကြာခင်ရက်ပိုင်းမှာပဲ ချစ်တဲ့သူအားလုံးနဲ့ ခွဲခွာပြီး နေရာသစ်ဆီ ခရီးထွက်ခွာခဲ့ရတယ်။ ဘယ်အရပ်က ပျော်ရာလဲ? ဘယ်အရပ်က တော်ရာလဲ? ငါတကယ်ပဲ မသိတော့ပါဘူး။ သေချာတာကတော့ ငါ့ခံစားချက်တွေ ကင်းမဲ့ပြီး သွေးတွေလည်း အရည်ခဲလို့ နေပါပြီ။ ဒါပေမယ့် မင်းကိုတော့ ငါတမ်းတနေမိတုန်းပါပဲ …။

မင်းရဲ့ အဝေးမှာနေပြီး မင်းကိုသတိရရုံကလွဲလို့ ဒီအချိန်မှာ အစားထိုးစရာမရှိပြီ။ တကယ်လို့များ အခြေနေပေးလို့ အစားထိုးစရာ ရခဲ့တဲ့တိုင်အောင် ငါမင်းကိုတော့ ဘယ်တော့မှ မေးမှာမဟုတ်ပါဘူး …။

မင်းဟာ ငါ့ရဲ့ ရဲဘော်ရဲဘက်။
မင်းနဲ့အတူလက်တွဲပြီး တိုက်ပွဲလည်း ၀င်ခဲ့ဖူးရဲ့ …။
မင်းဟာ ငါ့ရဲ့ တီးတိုးတိုင်ပင်ဖော် …။
မင်းဆီမှာ ရင်ဖွင့်ငိုကြွေးတဲ့အခါ မင်းကချွေးသိပ်ပေးဖူးရဲ့ …။

မင်းဟာ ငါ့ရဲ့ ပျော်ရွှင်ခြင်း၊ ငါ့ရဲ့ ၀မ်းနည်းခြင်း၊ ငါ့ရဲ့အထီးကျန်ခြင်းတွေအားလုံးအတွက် ငါနဲ့ထပ်တူခံစားပေးနိုင်သူ …။
အခုငါ့မှာ ပျောက်ဆုံးနေပြီ …။
***
101 ရေ …
ဘယ်တော့များ ပြန်ဆုံတွေ့ရဦးမှာလဲ??
ပြန်ဆုံတဲ့အခါရော မင်းက ငါ့ကို မှတ်မိဦးမှာလား? ဒါမှမဟုတ် အရင်လို ငါနဲ့ လက်တွဲပြီး တက်တက်ကြွကြွ လှုပ်ရှားနိုင်ပါဦးမလား?? ဘာပဲဖြစ်ဖြစ် ဆုံခဲ့ရတဲ့ အခိုက်အတန့်မှာ မင်းရဲ့ ပေးဆပ်မှုတွေအားလုံးအတွက် ကျေးဇူးတင်လျက် ငါ အမြဲ အောက်မေ့နေမှာပါ။

လောလောဆယ်တော့ မင်းနဲ့ အဝေးကြီးမှာ …။
***
မေဓာဝီ
၁၈၊ နိုဝင်ဘာ၊ ၂၀၀၇
ည ၁၁း၀၁ နာရီ

Read More...

Thanks to Ko Yan Lay

ကျွန်မရဲ့ ဘလော့ဂ်ကို လာဖတ်သူများကို တကယ်ပဲ အားနာမိပါတယ်… ကျွန်မ အနေနဲ့ ဘလော့ဂ်အတွက် စာတွေ အမြဲရေးချင်ပေမယ့် ခုချိန်မှာ အခြေအနေက မပေးပါဘူး. ကျောင်းက ကွန်ပြူတာတွေအားလုံးက မြန်မာဖောင့်ထည့်လို့ မရတော့ ဘလော့ဂ်မှာ စာတင်ချင်ပေမယ့် တင်လို့ မရဖြစ်နေပါတယ်. စာမရေးရရင် မနေနိုင်လို့ အားတဲ့ အချိန်လေးမှာ စာရွက်နဲ့ ဘောလ်ပင်နဲ့ ချရေးထားရပါတယ်.

အားတဲ့ အချိန်ဆိုတာကလည်း ည ၁၀ နာရီ နောက်ပိုင်းမှပါပဲ. ဒါပေမယ့်လည်း ၁၀ နာရီ ကနေ ၁၂ နာရီလောက်ထိပဲ ရေးနိုင်ပြန်ပါတယ်. ၁၂ ကျော်ရင် မအိပ်လို့ မရဘူး. မနက်မှာ စောစောထရမှာမို့ ၁၂ ကျော်ထိနေရင် နောက်တစ်နေ့အတွက် အဆင်မပြေနိုင်လို့ပါ. မြန်မာဖောင့် မရှိတော့ ဘလော့ဂ်ကို ရေးလို့ မရတဲ့အပြင် တစ်ချို့ဘလော့ဂ်တွေကိုလည်း ဖတ်လို့ မရပါဘူး. တစ်ချို့ဘလော့ဂ်ကျပြန်တော့ ဖတ်လို့ရတယ်. Comment ရေးလို့ မရဘူး. ဆီဘောက်စ်မှာ ရေးလို့ မရပြန်ပါဘူး. ကျွန်မရဲ့ ဘလော့ဂ်ကိုတောင် အစကဖတ်လို့ မရဘူးဖြစ်နေတာ. တစ်နေ့ကမှ ကိုရန်လေးကို အကူအညီတောင်းပြီး EOT ပြန်လုပ်ပေးလို့ ဖတ်လို့ရသွားပါပြီ. အဲဒီ့အတွက် ကိုရန်လေးကို ကျေးဇူးအထူးတင်ပါတယ်.

အဲဒီ့လို့ အဆင်မပြေမှုတွေကြောင့် comment တွေလည်း မှန်မှန်မပြန်နိုင်. ဘလော့ဂ်ကိုလည်း မှန်မှန်စာမတင်နိုင်တာပါ. အဲဒီ့အတွက် နားလည်ခွင့်လွှတ် ပေးကြစေလိုပါတယ်ရှင်…

အခု ကိုရန်လေးက ကျွန်မကို ကူညီပြီး စာရိုက်ပေးမယ်လို့ ဆိုလာတာကြောင့် ကျွန်မစာ မှန်မှန်တင်ဖြစ်အောင် ကြိုးစားပါတော့မယ်. ကူညီစာရိုက်ပေးတဲ့ ကိုရန်လေးကို ထပ်မံကျေးဇူးတင်ပါကြောင်း…
***
Maydarwii
23rd Nov, 07
10:10 pm
(This is just for testing. Pls forgive me spelling errors and punctuation errors.)

Read More...

Saturday, November 17, 2007

ကောင်းကင်ပေါ်က လူများသို့ ...

ကောင်းကင်ဘုံနန်းထက်မှာ …
ပျံသန်းနေတဲ့ ငှက်မလေးတွေနဲ့ယဉ်ပါး …
ပြေးလွှားနေတဲ့ တိမ်လွှာတွေကိုစီးနင်း …
ကြယ်တွေရဲ့အလင်းအောက်
ဝိုင်ချိုချို တခွက်ပြီးတခွက်သောက်ရင်း …
လေညင်းတွေနဲ့ သီချင်းဆို …
ကိုယ်စီ ကိုယ်ငှ ပျော်ပါးနေလိုက်ကြတာ … ။

ကောင်းကင်မှာ ကြယ်တွေလင်းနေပေမဲ့ …
မြေပြင်မှာတော့ ကြယ်ရောင်မခ
ခုထိအောင် အမှောင်ကျလျက်ပါပဲ …
ကောင်းကင်ထက်က လူအများ …
ဒါကို ဘယ်လို ခံစားပေးကြမလဲ … ။

ဟိုးအောက်ကို ငုံ့ကြည့်လိုက်လေ …
… … … … … … … …
မြေပေါ်မှာ … လူတွေ … ငိုနေကြတယ်
… … … … … … … …
လူတွေ … မြေပေါ်မှာ … ငိုနေကြတယ်
… … … … … … … …
ငိုနေကြတဲ့ … လူတွေ … မြေပေါ်မှာ …
… … … … … … … …
အများကြီးဆိုတာ …
သင်တို့တွေ မသိရှိလေရော့သလား …
သင်တို့တွေ မကြည့်မိလေရော့သလား … ။

နားနဲ့မကြား မျက်စိနဲ့မမြင်ရရင်တောင်

ရင်ဘတ်နဲ့ခံစားရင် သိနိုင်ပါတယ်လေ … ။

ဒါပေမဲ့ …
လက်ထဲမှာ အရက်ခွက်ကိုင်ပြီးတော့မှ
ကရုဏာသက်ပြမနေပါနဲ့ …
ပါးစပ်ထဲထွက်ရာ ဖရုသ၀ါစာတွေ ဆဲနေပြီးတော့မှ
လူကြားကောင်းအောင် မေတ္တာပွါးပြမနေပါနဲ့ …
စိတ်ထဲမှာ ဣသာတွေများနေလျက်နဲ့
စေတနာထားတာပါလို့ ကြွားလုံးထုတ်မနေပါနဲ့ …
နားထဲမှာ ခါးသက်လွန်းလို့ပါ … ။

တကယ်တမ်း တတ်နိုင်ရင်
ကောင်းကင်ပေါ်ကခုန်ဆင်း
မြေကြီးကို မြဲမြဲနင်းလိုက်စမ်းပါ …
သားရဲတွင်း ဖြစ်ချင်လည်းဖြစ်မှာပဲ
ရဲဝံ့ဖို့တော့ လိုတာပေါ့ … ။

ကောင်းကင်ထက်မှာ လမ်းဖောက်
လွတ်မြောက်ချင်လို့တော့
ဘယ်လိုလုပ်ရနိုင်မှာလဲ …
လမ်းဆိုတာဟာ
မြေပေါ်မှာသာရှိသင့်တယ်မဟုတ်လား …
ကောင်းကင်ပေါ်က မိတ်ဆွေများရယ် …။

နားလည်ပေးချင်တယ်ဆိုရင်
မြေပြင်ပေါ်ကို တလှည့်သွား
အားလုံးနဲ့တသားထဲပေါ့ ….
လူတွေနဲ့ အတူရောနှော
မျက်ရည်ပင်လယ်ထဲ မျောလိုမျော …
လောကကြီးက သင့်ကို
ကောင်းချီးပေးကြိုဆိုပါလိမ့်မယ် … ။

စစ်မှန်တဲ့ ကရုဏာတရား …
မျက်ရည်များကို ခြောက်သွေ့စေနိုင်ပါတယ် …
ဖြူစင်တဲ့ မေတ္တာတရား …
အားလုံးကို လုံခြုံမှုပေး … နွေးထွေးစေနိုင်ပါတယ် …
ခိုင်မာတဲ့ စေတနာတရား …
အရာအားလုံးကို ကျော်လွှားစေနိုင်ပါတယ် …

ဘယ်လိုလဲ မိတ်ဆွေ …
မြေကြီးပေါ်ကို ခြေချဝံ့ရဲ့လား …
ပြတ်ပြတ်သားသားပေါ့ …
မညာဖို့တော့ လိုတယ်လေ … ။

***
မေဓာဝီ
၁၇၊ နိုဝင်ဘာ၊ ၂၀၀၇
ည ၁၀း၄၅ နာရီ

Read More...

Friday, November 16, 2007

ကျောင်းသွားရတဲ့နေ့ ...

“ကျောင်းကိုသွားမယ် … လွယ်အိတ်လွယ် … ပျော်ပျော်ပါးပါးကွယ် …
ခေါင်းလောင်းထိုးသံ သာယာတယ် … ကျောင်းတက်ပါပြီကွယ် …”
… … … … …. … … … … ….
… … … … …. … … … … ….

ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကျောင်းနေခါစအရွယ်ကတည်းက ကျောင်းတက်ဖို့ အလွန်ပျင်းခဲ့သည်။ ကျောင်းသွားဖို့ တွန့်ဆုတ်သည့်ထဲမှာ ဆရာမကို ကြောက်တာလည်း ပါ၏။ ကျောင်းမသွားချင်၍ အိပ်ချင်ယောင် ဆောင်နေလို့ တမျိုး၊ နေမကောင်းဘူးဟု အကြောင်းပြလို့ တဖုံ ခဏခဏ ကျောင်းပြေးဖူးသည်။ ကျောင်းပြေးသည်ဆိုလို့ သူများတွေလို ဟိုဟို သည်သည် သူငယ်ချင်းတွေနှင့် လျှောက်သွားခြင်းမဟုတ်။ အိမ်မှာပဲ အိပ်လိုက် စားလိုက် နေရုံ သက်သက်မျှသာ။

ကျောင်းတက်ပျင်းပြီး ကျောင်းကိုမုန်းသည့် သူ့ကို အမေက အထက်ပါ သီချင်းလေးဆိုပြကာ ချော့မော့အားပေးခဲ့ဖူး၏။ တခါတလေလည်း ခေါင်းမာလွန်းသည့် သူ့ကို စိတ်မရှည်စွာ မာန်မဲလို့ပေါ့။ ထိုစဉ်က အမေ ဘယ်လိုပင် အားပေးပေး၊ အော်ငေါက်ငေါက် သူကတော့ ကျောင်းတက် ပျင်းစမြဲ … ။ ဆရာမတွေနှင့် အဆင်မပြေဖြစ်စမြဲ … ။ ကျောင်းတက် ခေါင်းလောင်းထိုးသံကို ငှက်ဆိုးထိုးသံအလား နားထဲမှာ ကြားယောင်စမြဲ …။

အဲဒီလို ကျောင်းနှင့် သဟဇာတ မဖြစ်လွန်းလှတဲ့သူ့အဖို့ ဒီအရွယ်ကြီး ရောက်ခါမှ ကျောင်းတက်ရဖို့ ဖန်လာပြန်ပါပြိ။ မြည်တွန်တောက်တီး တလှည့် အားပေးဖျောင်းဖျတလှည့် ပြုလုပ်ပေးမည့် အမေကလည်း သူ့အနားမှာ မရှိနိုင်သည့် ဒီအချိန်မှာ အမေဆိုပြခဲ့ဖူးသည့် ထိုသီချင်းလေး ကိုသာ တတမ်းတတ သတိရနေမိပါတော့၏။
***
နိုဝင်ဘာလ (၂) ရက်၊ သောကြာနေ့

ထိုညနေခင်းက ဘူတာရုံကလေးမှာ သူစောင့်နေခဲ့ရသည်။
စုံစီနဖာထည့်ထားသော အထုတ်အပိုးများနှင့် အိတ်ကလေးကို စလွယ် သိုင်းကာ လာကြိုမည့် တစုံတယောက်ကို စောင့်မျှော်လျက်။ သတ်မှတ်ချိန် လွန်သည်ထိ ထိုသူက ရောက်မလာ။ နာရီကြည့်လိုက် ထိုင်လိုက် ထလိုက် ဂနာမငြိမ်စွာ စောင့်နေ၍ အတော်ကြာမှ သူ့နာမည်ရေးထားသည့် စာရွက် ကိုင်ထားသူတဦးကို တွေ့လိုက်ရသည်။

ထုံးတမ်းစဉ်လာအရ နှုတ်ဆက်ကြ၊ မိတ်ဆက်ကြပြီးနောက် အထုတ်အပိုး တွေ ကားပေါ်တင်ကာ ကျောင်းရှိရာသို့ သူ့ကို ခေါ်ဆောင်သွားလေတော့ သည်။

လာခေါ်သူ Pavi ဆိုသော ကောင်ကလေးနှင့် ကားမောင်းသူ ဘရာဇီး အမျိုးသမီး Isabel တို့၏ မေးခွန်းများကို ဖြေရင်း … သူကလည်း သိချင်တာ တွေ ပြန်မေးရင်း … ဘူတာရုံမှ ကျောင်းဆီသို့ တရိပ်ရိပ်ပြေးနေသော ကားကလေးပေါ်မှာ …
သူ … ပျော်နေပါသလား ???
ဟင့်အင်း … မပျော်ပါ။
ဒါဆို စိတ်ပျက်နေသလား ???
ဒီလိုလဲ မဟုတ်ပြန်ပါ။

ပျော်ခြင်း မပျော်ခြင်း အလျဉ်းမရှိ၊ ၀မ်းနည်းဝမ်းသာခြင်းကင်းမဲ့လျက် ငူတူတူကြီး ဖြစ်လို့သာနေ၏။ အေးစက်စက်ရာသီဥတု .. နှင့် .. အကျွမ်းတ၀င် မရှိလှစွာသော သူစိမ်းတို့အလယ်သို့ ရုတ်တရက် ပစ်ချခံ လိုက်ရသည့်အလား။ အူကြောင်ကြောင် ရောက်ရှိသွားသည့် ညနေခင်းပင်တည့်။
***
ကျောင်းကိုရောက်တော့ မှောင်နေပြီ။
ကားပေါ်ကဆင်း၊ အထုတ်အပိုးတွေ ချရင်း ကောင်းကင်ကြီးကို မော့ကြည့် လိုက်တော့ နက်ပြာရောင် မှောင်မဲနေသည့် ကောင်းကင်ထက်မှာ ကြယ်ပွင့် တွေက တဖျတ်ဖျတ် တောက်ပ လင်းလက်လို့ … ။
ဒီကောင်းကင်ကြီးပါပဲ … သူတို့အားလုံးကို အုပ်မိုးနေတာ … ။
ဒီကြယ်ပွင့်တွေပဲ … နေရာတိုင်းမှာ လင်းလက်တောက်ပ နေမှာ … ။
ကဲ … ဘာများ အားငယ်စရာလိုသေးလို့လဲ … ။
သူတို့အားလုံးဟာ ကောင်းကင်ကြီး တခုထဲရဲ့ အောက်မှာပဲ မဟုတ်လား။

Pavi က အထုတ်အပိုးတွေ ကူသယ်ပေးကာ သူနေရမည့် အခန်းဆီ လိုက်ပို့ ပေး၏။ သစ်ပင်တွေ မြက်ခင်းပြင်ကျယ်ကြီးတွေနှင့် ကျောင်းဝင်းကြီးက ကျယ်ပြောလှသည်။ ကျောင်းဆောင် အဆောက်အဦးများကတော့ အိုမင်း ရင့်ရော်စွာ ရင့်ကျက်တည်ငြိမ်လို့ နေ၏။

“ဒီအဆောက်အဦး နာမည်က Mozambique တဲ့။ နောက် term ကျမှ အဲဒီမှာ နေရမှာ။ လောလောဆယ် မင်းနေရမယ့် အခန်းက ဟိုးနောက်ဆုံး အဆောက်အဦးမှာ ရှိတယ်။ အဲဒီအဆောက်အဦးနာမည်က Malawi တဲ့။ ဟောဟို အဆောက်အဦးလေးကတော့ Chinese Embassy လို့ နာမည် ပေးထားတာ။ ရုပ်ရှင်ပြရင်တို့၊ presentation တို့ meeting တို့ လုပ်ရင် အဲဒီမှာ လုပ်တာပေါ့”

လမ်းတလျှောက် Pavi က သူ့ကို ရှင်းပြသွားသည်။ အဆောက်အဦး နာမည်တွေကြားရတာနှင့် အာဖရိက ရောက်နေသလို ခံစားလိုက်ရသည်။ သူနေရမည့် အဆောက်အဦးရှေ့ရောက်တော့ …
“Welcome to Malawi House” ဆိုတဲ့ အစိမ်းရောင်နဲ့ ရေးထိုးထားသော စာတန်းကလေး အ၀င်တံခါးဝမှာ ကပ်ထားသည်ကို တွေ့ရ၏။

“ဒါက အိမ်သာ၊ ဒါက ရေချိုးခန်း၊ ဒါက ဧည့်ခန်း၊ ဟောဟိုမှာ မင်းရဲ့ အခန်းပဲ …”

သူနေရမည့်အခန်းက ဧည့်ခန်းနှင့် ကပ်လျက်အခန်းကလေး ဖြစ်သည်။ ဒီအခန်းမှာ ဘယ်လောက်ကြာကြာ နေရဦးမလဲ … သူမသိ။ လောလော ဆယ်တော့ ဒီအခန်းလေးမှာ ခေတ္တ နားခိုရပေဦးမည်။

Pavi ကို ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ရင်း အခန်းလေးဆီ လျှောက်သွားလိုက်သည်။ အခန်းလေး၏ တံခါးဝမှာတော့ စာတန်းလေးတခုက သူ့ကို ကြိုဆိုလျက် … ။

“Welcome May”

***
မေဓာဝီ
၁၄၊ နိုဝင်ဘာ၊ ၂၀၀၇
ည ၉ နာရီ ၄၃ မိနစ်

Read More...

Wednesday, November 14, 2007

ကျမနှင့် ထိုခရီး

တကယ်တမ်း ဒီခရီးကိုသွားဖို့ သေချာချိန်မှာ ကျမစိတ်ထဲ နည်းနည်းတော့ လှုပ်ရှားမိပါတယ်။ ဘာလို့လဲဆိုရင် ခရီးထွက်တိုင်း မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဖြစ်ဖြစ်သာ သွားနေကြမို့ … ခုလို အလွန်ဝေးကွာလွန်းတဲ့ခရီးကို အဖော်မပါဘဲ တယောက်ထဲ သွားရမယ်ဆိုတော့ ကျမစိတ်ထဲ တမျိုးပဲ ခံစားမိတာပေါ့။ ဒါပေမဲ့လည်း ကျမက အဲဒီလို စိတ်လှုပ်ရှားစရာ ခံစားမှုမျိုးကို သဘောကျတာကြောင့် စိတ်ထဲ ခပ်ပေါ့ပေါ့သာ သဘောထားထားလိုက်ပါတယ်။

ဒီလိုနဲ့ ခရီးထွက်ဖို့ အချိန်နီးကပ်လာလေ … မိဘနှစ်ပါးနဲ့ အစ်မကြီးက တယောက်ထဲသွားရမယ့် ကျမကို စိတ်တွေပူပြီး မှာတမ်းတွေ ချွေကြလေ လေပါပဲ။ ကလေးတယောက်လို အရာရာ မှာကြားနေတဲ့ စကားတွေ နား ထောင်ရင်း နားထောင်ရင်း ပေါ့ပေါ့ထားမိတဲ့ စိတ်က တဖြည်းဖြည်း လေးလာပါလေရော … ။ သွားရင်းပဲ တခုခု ဖြစ်တော့မလို … ဟိုလို ဒီလို တွေ စိတ်ထဲလျှောက်တွေးပြီး လန့်လာမိပါတော့တယ်။

အဲဒီလိုလန့်နေတာနဲ့ပဲ ဘာမှလည်း မလုပ်ချင်တော့ဘူး၊ မသွားခင် အိပ်ရေး အ၀ အိပ်မယ်ဆိုပြီး အိပ်ပဲ နေလိုက်တော့တယ်။ အ၀တ်အစား အိတ်တွေ ဘာညာ သာရကာတွေအားလုံး အစ်မကြီးနဲ့ အမေက စီစဉ်ထည့်သိုပေးပြီး သွားခါနီးမှ ရေချိုးတော့လို့ ၀ိုင်းနှိုးကြတာနဲ့ ကမန်းကတန်း ရေထချိုး ရတယ်။ ရေမိုးချိုး အ၀တ်လဲပြီး ဘုရားခန်းထဲမှာ ဘုရားရှိခိုး၊ မိဘနှစ်ပါးကို ကန်တော့၊ ဆရာသမားတွေကို ကန်တော့၊ ကြီးတော်ကြီးကို ကန်တော့ … ပြီးတော့ … လေဆိပ်သွားဖို့ ကားပေါ်တက် ထွက်ခဲ့ပါတယ်။

ကျမလိုလူ ဘယ်သူရှိမလဲတော့ မပြောတတ်ပါဘူး။ ပြောရရင်လည်း တောကျတယ်ပဲ ဆိုဆိုပါ။ ဒီအသက် ဒီအရွယ်ထိ လေယာဉ်ပျံဆိုတာကြီး တခါမှ မစီးခဲ့ဖူးပါဘူး။ အရင်က ပြည်တွင်းမှာ ခရီးသွားလည်း မီးရထားတို့ ကားတို့သာ စီးနေကျမို့ ခုကျမှ အဲဒီ လေယာဉ်ပျံကြီးနဲ့ မိုင်ထောင်ချီခရီး သွားရမှာဆိုတော့ … ရင်တခုန်ခုန်နဲ့ပေါ့။

လေဆိပ်မှာ စောင့်နေတဲ့ အကိုဝမ်းကွဲ (ငယ်ငယ်က သရဲလုပ်ခြောက်သူ) က အစစ အရာရာ အဆင်ပြေအောင် စီစဉ်ပေးရှာပါတယ်။ ကျမ သွားမယ့် လေကြောင်းလိုင်းမှာက သူ့မိတ်ဆွေတွေရှိတာမို့ အဆင်ပြေတယ် ဆိုပါစို့။

“ပစ်စည်းတွေက ပေါင်ပိုနေသေးလား”
လေကြောင်းလိုင်းက မိန်းကလေးက အကို့ကို မေးတာပါ။
“ပစ်စည်းကတော့ ပိုမှာမဟုတ်ဘူး … လူပဲ ပေါင်ပိုရင် ပိုလိမ့်မယ်”
အဲ… နှိပ်ပဟ၊ ကျမအကိုက အဲဒီလို ကြုံရင် ကြုံသလို … မကြုံရင်လည်း ကြုံအောင်လုပ်ပြီး လူတဖက်သားကို နှိပ်ကွပ်တတ်ပါတယ်။ အကို အဲဒီလို ပြောတာနဲ့ပဲ သူ့မိတ်ဆွေ မိန်းကလေးက ကျမကို နေရာထိုင်ခင်း ကျယ်ကျယ် လွင့်လွင့်ဖြစ်အောင် အရေးပေါ် ထွက်ပေါက်နဲ့ နီးတဲ့နေရာမှာ ထိုင်ခုံနံပါတ် ရေးပေးပါတယ်။

“ပြတင်းပေါက်ဖက်ထိုင်မလား၊ လမ်းဘက်မှာ ထိုင်မလား”
အင်း … ငယ်ငယ်ထဲက ကားစီးစီး ရထားစီးစီး လေတ၀ှီးဝှီးတိုက်ပြီး ရှုမျှော်ခင်းတွေမြင်ရတဲ့ ပြတင်းပေါက်နား လုထိုင်ခဲ့ကြတာကို သတိရပြီး ခုလည်း ပြတင်းပေါက်နား လို့သာ ပြောလိုက်မိတယ်။ တကယ်တမ်းက ညကြီးမင်းကြီး ထွက်တဲ့ လေယာဉ်ပျံပေါ်မှာ ဘာရှုခင်းမြင်ရမှာလဲ … ။ ဒါပေမဲ့ အကျင့်ပါနေလို့ ပြတင်းပေါက်နားမှ ပြတင်းပေါက်နားပဲ … တပြားသားမှ မလျှော့ပါဘူး။

လေယာဉ်ပေါ်ရောက်တော့ ပြတင်းပေါက်နားမှာထိုင်ပြီး ဘာမှ မမြင်ရတဲ့ အပြင်ရှုခင်းကို ငေးကြည့်နေမိတယ်။ လေယာဉ်ထွက်တော့ … တဖြည်းဖြည်း ဝေးဝေးကျန်ခဲ့တဲ့ မြေပြင်ကို ငုံ့ကြည့်ရင်း … ခပ်တိုးတိုးပဲ နှုတ်ဆက်လိုက်ပါတယ် … ။
ရွှေရောင်လွှမ်းတဲ့ ကျမချစ်သော တိုင်းပြည်ကို … တနေ့တော့ ပြန်လာမည် … ပေါ့ … ။

လေယာဉ်ထွက်တဲ့အထိ ကျမဘေးက ထိုင်ခုံမှာ ဘယ်သူမှ လာမထိုင် ပါဘူး။ ဒါနဲ့ ပါလာတဲ့ ဂျင်းအိတ်ကလေးကို ဘေးခုံမှာချထားလိုက်တယ်။ ဒီဂျင်းအိတ်ထဲမှာ အမေထည့်ပေးလိုက်တဲ့ ရေသန့်ဗူးတဗူး၊ ပန်းသီးတလုံး၊ ဘီစကစ်မုန့်ထုတ်နဲ့ သကြားလုံးတွေ၊ ပရုပ်ဆီ၊ ရှူဆေး၊ သွေးဆေး၊ ပလာစတာ၊ မာဖလာ၊ ခေါင်းစွပ် အကုန်သွတ်ပြီး ထည့်လာတာ။ လေယာဉ် ပေါ်က မဇ်ဈိမ တိုင်းသူ လှပျိုဖြူလေးတွေ လိုက်ဝေတဲ့ သကြားလုံးတွေလဲ ၂ လုံးစ ၃ လုံးစ နှိုက်ယူထားပြီး သကြားလုံးစားလိုက် ရေသောက်လိုက် ပရုပ်ဆီလေးရှူလိုက်နဲ့ နေလာလိုက်တာ …. …. …. ….
မှောင်ကြီးမည်းထဲမှာ လေယာဉ်ကြီးက မရပ်မနား ပျံသန်းရင်း … ကျမလည်း စိတ်ထဲကနေ ဘုရားစာတွေ တတွတ်တွတ်ရွတ်ရင်း … နာရီတွေလည်း ဟိုရွှေ့ဒီရွှေ့ ရွှေ့ရင်း …. မိုးလည်း လင်းရော လိုရာခရီးကို ရောက်ခဲ့ရော ဆိုပါတော့ … ။

လေယာဉ်ပေါ်ကဆင်း အိတ်ရွေးတဲ့နေရာရောက်တော့ ကိုယ့်အိတ်ကိုယ် မမှတ်မိလို့ မနည်း လိုက်ကြည့်နေရသေးတယ်။ အိတ်တွေသာ တပတ်ပြီး တပတ်လည်လည်သွားတယ် ကျမအိတ်က ထွက်မလာသေးပါဘူး။ ထွက်လာပြန်တော့လည်း မမှတ်မိတာနဲ့ အိတ်ကလွန်သွားလို့ မနည်း လိုက်ယူရပါတယ်။ အဲဒီလို အရပ်ကူပါ လူဝိုင်းပါနဲ့ နောက်ဆုံးတော့ အိတ် နှစ်လုံးကို တွန်းလှည်းလေးပေါ်တင်ပြီး ယိုင်ထိုးယိုင်ထိုးနဲ့ ထွက်ပေါက်ကို လျှောက်လာခဲ့လိုက်တယ်။

(((( ဟေး ))))
လာကြိုတဲ့သူကို လှမ်းတွေ့လို့ အဝေးကနေ လက်ပြလိုက်တယ်။

အနီးရောက်တော့ သူက ကိုယ့်ကို ပွေ့ဖက်တော့မယ်အလား လက်ကြီးကား လာတာနဲ့ ကမန်းကတန်း ညာဘက်လက်ကို လှမ်းပေးလို့ အမြန် လက်ဆွဲနှုတ်ဆက် လိုက်ပြီး …
တွေ့ရတာ ဘာဖြစ်လိုက်တာ ညာဖြစ်လိုက်တာ … စသဖြင့် ခွန်းဆက်စကား ပြောပြီးသကာလ … ဒီမြေပေါ်ကို အသေအချာ ခြေချရင်း ဒီခရီးစဉ်ကို နိဂုံးချုပ် လိုက်ရပါတော့တယ်။
***
မေဓာဝီ
၁၄၊ နိုဝင်ဘာ၊ ၂၀၀၇
***
(ဒီစာကို တပိုင်းတစ ရေးထားတာတော့ ကြာပါပြီ။ မအားသေးတာနဲ့ အဆုံး မသတ်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ကံကောင်းထောက်မစွာ အိမ်ကိုပြန်ရောက် တာနဲ့ အဆုံးလေးပြီးအောင်သတ်ပြီး တင်လိုက်ပါတယ်ရှင်။)

Read More...

Monday, November 12, 2007

အဝေးကြီးမှာမို့ …

ကိုယ့်ရပ် ကိုယ့်ရွာနဲ့ဝေး … မိသားစုနဲ့ဝေး … ချစ်တဲ့သူတွေ အားလုံးနဲ့ အဝေးကြီးမှာ ရောက်နေတဲ့အပြင် လောလောဆယ် ကွန်ပျူတာနဲ့ဝေး … အင်တာနက်နဲ့လည်း ဝေးနေတာမို့ ဘလော့မှာ စာအသစ်တွေ မတင်ဖြစ်တာပါ။ ဘယ်လိုပဲ ဝေးနေပေမဲ့ ကျမ ဘလော့လေးနဲ့တကွ ဘလော့ဖော် ဘလော့ဖက် အားလုံးကို အမြဲသတိတရ ရှိလျက်ပါပဲ။ အခု အချိန်ခဏလေး အားခိုက်မှာ အကြံအဖန်လုပ်ပြီး အမြန်အဆန် ဒီစာလေးကို တင်လိုက်ပါတယ်။ လာမယ့် စနေ တနင်္ဂနွေကျမှပဲ အသေအချာ ရေးနိုင်ပါတော့မယ်။ မအားလပ်တဲ့အပြင် အလွန်ကြမ်းတမ်းတဲ့ ဘ၀ဆိုတာကြီးကို လက်တွေ့ရင်ဆိုင်နေရတာမို့ … နားလည်ပေးကြပါလို့ပဲ … အားလုံးကို တောင်းပန်ပါရစေရှင် … ။

မေတ္တာဖြင့်
မေဓာဝီ
၁၂ နိုဝင်ဘာ ၂၀၀၇
ညနေ ၄ နာရီ ၀၅ မိနစ်

Read More...

Friday, November 02, 2007

ကိုပြူးကျယ်သို့ ပေးစာ ... အပိုင်း (၁၉)

သို့
ကိုပြူးကျယ် …

ပေးစာကို မရေးတာကြာလို့ ဝေးကွာနေသလိုပဲ ခံစားရပါတယ်။ (ဘာရယ်မဟုတ်ဘူး နဘေထပ်ကြည့်တာ။) ပြီးခဲ့တဲ့ သြဂုတ်လကတည်းက “ပေးစာအပိုင်း (၁၈)” ကို ရေးပြီး ဆက်မရေးဖြစ်သေး တာကြောင့် ဒီကနေ့တော့ ရေးအုံးမှပါပဲလို့ တွေးမိတာနဲ့ အပိုင်း (၁၉) ကို ဆက်ရေးလိုက်ပါတယ်။ ဒီပေးစာအတွက် ကိုးကားနေကျ “ကဗျာစွယ်စုံကျမ်းကြီး” ကို လေးလို့ သယ်မလာနိုင်ပေမဲ့ အိမ်ကိုလှမ်းပြီး မှာလိုက်တော့ စာတိုက်ကတဆင့် ပို့ပေးတာကြောင့် ပြန်ရေးနိုင်တာပါ။ ကိုးကားစာအုပ်သာ မရှိလို့ကတော့ ဒီပေးစာကဏ္ဍ တခဏ နိဂုံးချုပ် နေရဦးမှာပဲ။

အပိုင်း (၁၈) မှာ သုံးချက်ညီ ပိုဒ်စုံရတုနဲ့ ပတ်သက်လို့ နန်းတွင်းမိညိုနဲ့ န၀ဒေးကြီးတို့ရဲ့ ရတု နှစ်ပိုဒ်ကို ဖော်ပြခဲ့ပါတယ်။ အခုဒီတပတ်မှာလည်း နမူနာ ရတုတွေကို ဖော်ပြပါဦးမယ်။

အခုဖော်ပြမယ့် ရတုကတော့ န၀ဒေးကြီးရေးသားခဲ့တဲ့ သဝေမပါ ပိုဒ်စုံရတု ပဲ ဖြစ်ပါတယ်။ အချီအချ ကာရန်အားလုံးတူပြီး သဝေထိုးမပါအောင် အဆန်းထွင် ရေးသားထားတဲ့ ရတုတပုဒ်ပါ … ။
***
သဝေမပါ ရတုပိုဒ်စုံ
န၀ဒေးကြီးဆို


၁။ တစ်ရစ်ဖြိုးဝှန်၊ ရိုက်ကြည်းတွန်လျက်၊ ယုဂန်ချက်၏၊ ဆီတည့်တည့်က၊ မည်သည့်ခြင်းရာ၊ မသိသာခဲ့၊ စိမ်းပြာဖြူညို၊ နီလိုဝါကြဉ်၊ ကင်းဟန်ပုံပွင့်၊ နိမ့်မြင့်လိမ်ယှက်၊ ပန်းချီပြက်သို့၊ ကိုးမျက်နှာလုံး၊ ကုံးသီရန်းရန်း၊ စိမ်းပန်းခြူးညွန့်၊ ဖြုတ်ချည်းဖြန့်လျက်၊ လန့်ခဏသာ၊ လျှပ်ပြက်ဝါနှင့်။ … ။ သာယာချိမ့်မည် ရင့်ဘိသည်။

၂။ ချစ်တင့်နိုးလွန်၊ ဘုန်းချင်းညွှန်၍၊ နတ်တန်ရုပ်ရည်၊ ထင်မူးနှည်နှင့်၊ မည်သည့်ဖြစ်အင်၊ ဆံမျှင်မခြား၊ သစ်သစ်ပွား၍၊ သည်းဖျားဝန်လှိုက်၊ လွမ်းစဉ်ကြိုက်တွင်၊ တိမ်တိုက်ယှက်ဆိုင်၊ ကျူးကာအိုင်လျက်၊ သံပြိုင်သီပြီ၊ လူလျှင်ချီသို့၊ မိုးချီသံလျက်၊ ဆင်းသက်ဘနန်း၊ လှည့်ဝန်းအာကာ၊ ရင့်သံဝါ နှင့်။ … ။ ဗျာပါစိမ့်မည် ဆင့်ဘိသည်။

၃။ နစ်မြင့်ကြိုးဟန်၊ ပမာပြန်ပိမ့်၊ ဘုန်းဝှန်ပ-၀င်း၊ ဇမ္ဗူမင်းလျှင်၊ ထွန်းဝင်းလျှံ ညိ၊ ၀ိမုတ္တိကို၊ မသိသည်ဖြစ်၊ ဆယ်နှစ်မက၊ ငံ့လင့်မှလျှင်၊ ဖူးရယှဉ်စုံ၊ ဘုန်းချင်းဆုံအံ့၊ ထုံးပုံထိုဟန်၊ နှိုင်းသင့်ရန်သား၊ ငါးကြည်စုံအင်၊ မိသခင်မူ၊ မဆင်တန်ဆာ၊ အတိုင်းသာနှင့်။ … ။ ဖျာဖျာငြိမ့်ကြည် သင့်ဘိသည်။

***
နောက်တပုဒ်ကတော့ သတ်စေ့နှက် သုံးချက်ညီ ပိုဒ်စုံရတု ဖြစ်ပါတယ်။ သတ်စေ့နှက် သုံးချက်ညီလို့ ခေါ်ရခြင်းကတော့ ရတုရဲ့ အချီိပိုဒ်ချင်း၊ အချပိုဒ်ချင်း အက္ခရာလုံးရေအားဖြင့်၊ အစပ်အားဖြင့် ထပ်တူညီမျှထားပြီး ချီချ ရေးသားထားတာကြောင့် ဖြစ်ပါတယ်။ စာအုပ်ထဲမှာ နမူနာပြထားတဲ့ ရတုကတော့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ မဲဇာတောင်ခြေ ပိုဒ်စုံရတုပါပဲ။ ကျမဘလော့မှာ ဖော်ပြပြီးသားမို့ ထပ်မံ မဖော်ပြတော့ပါဘူး။ “ဒီနေရာမှာ” ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

နောက်ထပ်တပုဒ်ကတော့ ကိုယ်တွင်းပြည့် သတ်စေ့နှက် သုံးချက်ညီ ပိုဒ်စုံ ရတုဖြစ်ပါတယ်။ ကိုယ်တွင်းပြည့်လို့ ဆိုရခြင်းကတော့ အချီအချကာရန် တွင်မက ၀မ်းတွင်းပိုဒ်တွေ အချင်းချင်းပါ အပိုဒ်ရေချင်း၊ အစပ်ကာရန်ချင်း အလုံးစုံ ထပ်တူညီရေးသားထားလို့ ဖြစ်ပါတယ်။ ရှင်မဟာရဋ္ဌသာရရဲ့ ရတု ကို နမူနာ ဖော်ပြပေးလိုက်ပါတယ်။
***
ကိုယ်တွင်းပြည့် ပိုဒ်စုံရတု
ရှင်မဟာရဋ္ဌသာရ ဆို


၁။ မြသွယ်ရောင်လျှံ၊ ကုံး၍ပန်လျက်၊ ၀င်းစံကြွေရွက်၊ ဖူးသစ်ထွက်သော်၊ အခက်မြုတေ၊ မြရွက်ထွေ၏၊ ထုတ်ပေဘော်ပြ၊ သွယ်တံလှနှင့်၊ မွှေးမြထုံလွတ်၊ ပန်းဖက်ဆွတ်ကို၊ ချိုးညွတ်ခုပင်၊ ကျွမ်းလက်သင်၍၊ ကေရှင်သွယ်မြ၊ ဆင်တိစသည်၊ ညှာမြရွှေရည်၊ အေးဘိသည်။

၂။ လှသွယ်ခေါင်စံ၊ သုံးရွှေ့ရံလျက်၊ မင်းစံရွှေညက်၊ ဦးသစ်ခက်သော်၊ အညက်စုဝေ၊ လှညက်ခြေ၏၊ နှုတ်ထွေတော်စ၊ ငယ်သံမြနှင့်၊ မှေးရရုံမြတ်၊ ထွန်းသက်မှတ်ကို၊ ကြိုးလတ်ခုပင်၊ ကျွမ်းရက်ပင်၍၊ နေ၀င်ဝယ်စ၊ မြင်မိရသည်၊ ခါရဖွေနည်၊ ရေးဘိသည်။

၃။ မြရွယ်တောင်ယံ၊ ရုံးတွေ့စံလျက်၊ တင်းသံစေခက်၊ ကြူးနှစ်သက်သော်၊ ပလျက်မြုတေ၊ မျှသက်ဝေ၏၊ ဟုတ်နေတော်စ၊ ကြယ်ဘံလှနှင့်၊ သွေးချပုံခတ်၊ ရွှန်းညက်ထွတ်ကို၊ ညှိုးဆွတ်ရှုချင်၊ တမ်းလျက်ကြင်၍၊ ရွှေစင်ဆယ်စ၊ ထင်ဘိကြသည်၊ ကာလထွေလည်၊ သေးဘိသည်။
***
ဒီတပတ်တော့ ဒီရတု ၂ ပုဒ်နဲ့သာ ကျေနပ်ကြပါဦး။ ရတုအခန်းမှာ နမူနာ ရတုတွေက အများကြီးပါပဲ။ အဲဒီရတုတွေ အားလုံးပြီးရင် ပျို့တွေ မော်ကွန်းတွေ လာပါဦးမယ်။ အားရင် အားသလို ရိုက်ထားပြီး ခါတိုင်းလို တပတ်ခြားတခါဖြစ်ဖြစ် အဆင်ပြေသလို တင်နိုင်အောင် ကြိုးစားပေးပါ မယ်။ လောလောဆယ်တော့ … ဒီမျှပါပဲရှင် … ။
ကိုပြူးကျယ်နဲ့တကွ မြန်မာကဗျာ မြတ်နိုးသူအပေါင်း … နှစ်ထောင်းအားရ ရှိနိုင်ကြပါစေ … ။

မေတ္တာဖြင့် …

မေဓာဝီ
၂၊ ၁၁၊ ၀၇
နံနက် ၁၀ နာရီ ၄၀ မိနစ်

Read More...

Thursday, November 01, 2007

သရဲနှင့် ဆုံတွေ့ခဲ့စဉ်တုန်းက …

ကျမကို နွေးထွေးစွာ ကြိုဆိုကြသူအပေါင်းကို ကျေးဇူးတင်ပါကြောင်း ဒီနေရာက ထပ်ပြောချင်ပါတယ်။ ကျမ တကယ်ပဲ ၀မ်းသာမိပါတယ်။ ကျမဘလော့လေးကို တလကျော် နှစ်လ နီးပါး ရပ်နားထားရတာမို့ ကျမကို မေ့များနေကြမလားလို့ ထင်နေခဲ့မိတာ … ခုလို အများအပြားက ကြိုဆိုကြ တော့ ကျမလည်း ပီတိတွေ တဝေေ၀နဲ့ ပျော်လို့ပေါ့ … ။

တခုတော့ ကြိုတင် တောင်းပန်ပါရစေအုံး … ။ နောက်ရက်တွေဆိုရင် ကျမအနေနဲ့ စာတွေအများကြီး ရေးနိုင်တော့မယ် မထင်ပါဘူး။ အင်တာနက် အသုံးပြုခွင့် ရမရ ဆိုတာလည်း မသေချာသေးပါဘူး။ ဒါကြောင့်မို့ ရေးလို့ရတုန်းရခိုက်ကလေး … (ဒီကနေ့ နဲ့ နက်ဖြန်) မှာ ကျမ စာတွေ တင်ခဲ့ပါမယ်။ အဆင်ပြေတဲ့နေ့မှ ပြန်တွေ့ကြတာပေါ့ … ။

ဒီကနေ့ ရေးဖို့အကြောင်းအရာ စဉ်းစားတော့ ကျမ မိတ်ဆွေတဦးဖြစ်တဲ့ ကိုငြိမ်းချမ်းအောင် (ကိုထွတ်) က သူ့သရဲကို ဘလက်လေဘယ် အ၀ တိုက်ပြီး ကျမဆီ လွှတ်လိုက်သတဲ့။ Halloween Night ကတော့ ကျော်လွန်သွားခဲ့ပါပြီ။ ဒါပေမဲ့ ၀ီစကီမူးပြီး ကယောင်ကတန်း ရောက်လာတဲ့ သရဲကို ကျမက အားနာစွာ တုန့်ပြန်တဲ့ အနေနဲ့ စာတပုဒ်ရေးလိုက်ပါအုံးမယ် …။

တကယ်တော့ ကျမလည်း သရဲ သိပ်ကြောက်တတ်သူ တယောက်ပါပဲ။ ကြောက်ကြောက်နဲ့ပဲ ငယ်ငယ်ကတည်းက သရဲပုံပြင် နားထောင်ရတာတို့ သရဲရုပ်ရှင်ကြည့်ရတာတို့ကို အထူးခုံမင်နှစ်သက်ပါတယ်။ တထိတ်ထိတ် ရင်ခုန်ရတဲ့ ခံစားချက်ကို သဘောကျလို့ ဆိုပါတော့။ လက်ဖျား ခြေဖျားတွေ အေးစက်ပြီး ဘယ်နေရာမှာ ဘာကောင်ကြီး ဘယ်လိုမျိုး ဘွားကနဲ ပေါ်လာမလဲ … ဆိုပြီး ရင်တွေ တဒိန်းဒိန်းခုန်ရတဲ့ ခံစားချက်က ဘာနဲ့မှ မတူပါဘူး … ။

အဲဒီလို ပုံပြင်တွေနားထောင်ပြီးတိုင်း ရုပ်ရှင်တွေကြည့်ပြီးတိုင်း ဟိုနေရာ သွားလည်း ကြောက် … ဒီနေရာသွားလည်း လန့် … ဖြစ်တတ်ပါသေးတယ်။
ဒါပေမဲ့ ဘုန်းကံရှိသူတွေဟာ သရဲကို မမြင်နိုင်ဘူးလို့ ကိုယ့် ကိုယ် ကိုယ် အားပေးခဲ့ရပေါင်း များပေါ့။ အဲ … ဒီလိုပြောလို့ သရဲမြင်ရသူတွေဟာ ဘုန်းမရှိ ကံနိမ့်သူတွေလို့ ဆိုလိုတယ် မထင်လိုက်ကြပါနဲ့။ ဘုန်းကံ အလွန် မြင့်မားသူ ကံထူးရှင်တွေလည်း သရဲကို မြင်နိုင်တာပါပဲ။ (ကြိုပြီး ကာထား ရတာပါ။) ကျမလို အလယ်အလတ်တန်းစား ကံလောက်ရှိသူ တဦး အနေနဲ့ ကတော့ သရဲလည်း မမြင်ဖူးသလို အခြောက်လည်း မခံရဖူးပါဘူး။

အင်း … အဲဒီလိုပြောပြန်တော့ လိမ်ရာကျပေဦးမယ်။ သေချာစဉ်းစား ကြည့်တော့ သရဲဆိုတဲ့ ပုဂိုလ်ကို တခါလား မြင်ခဲ့ဖူးပါတယ်။ သူကလည်း မကြောက်ကြောက်အောင် ခြောက်ခဲ့တာပါ။ ကြာပါပြီ … ဟိုးငယ်ငယ်တုန်း က … ကျမရှစ်တန်း ကိုးတန်းအရွယ်လောက်ကပေါ့။ အဲဒီတုန်းက ခုလိုပဲ မိုးအကုန် ဆောင်းအကူး … စပ်ကူး မတ်ကူး ကာလထူးကြီးပဲ ဆိုပါတော့ …။
***
အဲဒီညက ကျမတို့ မောင်နှမတတွေ တီဗီသတင်းလာနေတဲ့အချိန်လောက် မှာ လဘက်သုတ် သုတ်စားဖို့ နောက်ဖေးမီးဖိုချောင်ထဲမှာ ခြေရှုပ်နေကြ တာပေါ့။ လဘက် ထောင်းတဲ့သူကထောင်း၊ ကြက်သွန်ဖြူနွှာတဲ့သူက နွှာ၊ ဂေါ်ဖီထုတ် လှီးတဲ့သူကလှီး နဲ့ တယောက်တမျိုးအလုပ်များနေကြပါတယ်။ ကျမတို့ မီးဖိုးချောင်မှာက အိမ်ပြင်ထွက်တဲ့ တံခါးပေါက် ၂ ပေါက်ရှိပါတယ်။ အနောက်ဘက်နဲ့ တောင်ဘက်မှာပါ။ အနောက်တောင်ထောင့်မှာက ပြတင်းပေါက် တပေါက်ရှိပါတယ်။ အဲဒီပြတင်းပေါက်မှာ ကျမတို့အိမ်က လက်တိုလက်တောင်း လုပ်တဲ့ လားဟူမလေးက မတ်တပ်ရပ်ပြီး ကျမတို့ကို လှမ်းပြီး စကားပြောနေပါတယ်။ အိမ်အပြင်ဘက်ကနေပြီးပေါ့။

အဲဒီအချိန်မှာပဲ … “ဒေါက် ဒေါက် ဒေါက်” ဆိုတဲ့ အသံ မသဲမကွဲ ကြားလိုက် ရတယ်။ အားလုံးက လားဟူမလေး ခေါက်တာပဲဆိုပြီး အမှတ်တမဲ့ပဲ နေလိုက်ကြတာပေါ့။ ဒီလိုနဲ့ ခေါက်သံ နောက်တခါ ထပ်ကြားပြန်ရော … ။ ကောင်မလေးကို လှမ်းကြည့်တော့ သူက ရယ်ပြတယ် … ဟီးဟီး .. တဲ့။ သြော် … ဒါဆို သူခေါက်တာပဲနေမှာဆိုပြီး နေလိုက်ကြပြန်ရော။ နောက် … သူက တောင်ဘက်တံခါးပေါက်ကနေ အိမ်ထဲဝင်လာပါတယ်။ သူ အိမ်ထဲ ရောက်ခါမှ အနောက်ဘက် တံခါးဆီက တံခါးခေါက်သံ ထပ်ကြားပါလေရော … ။

ဟင် … ဘယ်လိုတုန်း … ။ ဒါဆို ခုန ခေါက်တာ သူမဟုတ်ဘူးပေါ့။ သူ့ကို ၀ိုင်းမေးတော့ သူက မဟုတ်ပါဘူးတဲ့ ကမန်းကတန်း ငြင်းရှာတယ်။ ဒီလိုနဲ့ … ကျမတို့လည်း သို့လော သို့လောတွေ ဖြစ်နေကြတာပေါ့ … ။ ဒါဆို အပြင်မှာ ဘယ်သူလဲ … ။ ဒီအချိန်ကြီး …. ညဘက် … အိမ်ပြင်ဘက်မှာ …။ အဲဒီလို တွေးနေတုန်း …. ဗြုန်းဆို …

(((( အူ … ၀ူ … ၀ူ …. ၀ုတ် … ၀ုတ် … ၀ုတ် … ၀ူးးးးး အူးးးးး အူးးးးးး ))))
ဆိုပြီး ခွေးတွေက ထအူကြပါလေရော … ။ ခွေးဆိုတဲ့ သကောင့်သား မျိုးကလည်း တကောင် အူရင် ကြားကြားသမျှ နောက်အကောင်တွေကပါ ပုံစံတူ လိုက်အူကြတာမို့ ခွေးအူသံတွေက ဆူညံပြီး ကြက်သီးထစရာပေါ့။ ကျမတို့လည်း တယောက် မျက်နှာ တယောက်ကြည့်ပြီး လန့်နေကြတုန်း

“ဒေါက် ဒေါက် ဒေါက် …”

တံခါး ထပ်ခေါက်သံ ကြားရပြန်ပါတယ်။ သတ္တိခဲ လားဟူမလေးက အုန်းသီး ခွဲတဲ့ ဓားမကြီးကိုဆွဲတယ်။ ကျမတို့ကတော့ အသံလာရာ တံခါးပေါက်ကို မမှိတ်မသုန် ကြည့်နေကြပြီး ပြေးဖို့အသင့်အနေအထား ပြင်ထားကြ ပါတယ်။

“ဒေါက် ဒေါက် ဒေါက် …” ခေါက်သံက ပြင်းသည်ထက် ပြင်းလာတဲ့အခါ …

ဓားလွတ်ကိုင်ထားသူ လားဟူမလေးက တံခါးပေါက်ကို ခြေထောက်နဲ့ ကန်ပြီး အဖွင့် …. တံခါးက ပွင့်မသွားပါဘူး။ ကျပ်နေလို့ နှစ်ခါ သုံးခါလောက် ကန်ဖွင့်မှ ပွင့်သွားတယ်။ တံခါးဝမှာ တွေ့ရတာက … ကျမတို့ ဘယ်လိုမှ မျှော်လင့် မထားတဲ့ …

ဖြူဖြူဖားဖား မားမားကြီးရပ်နေပြီး မျက်နှာက ညစ်ထေးထေး အစွယ်ကြီး တဖွေးဖွေး နဲ့ သရဲကြီးတကောင် …

အားးးးးးးးးးးးးးးး ))))))))

သရဲ -ဲ -ဲ -ဲ -ဲ -ဲ -ဲ )))))))))

ဒီတခါတော့ သရဲကို တကယ်မြင်ပဟဲ့ …. လို့စိတ်ထဲကတွေးမိပြီး …
သမ္ဗုဒ္ဓေ….. အိတိပိသော … သြကာသ … ပါးစပ်ထဲကထွက်သမျှ မီးကျိုးမောင်းပျက် ဘုရားစာတွေ အကုန်စုရွတ် … ဖနောင့်နဲ့တင်ပါး တသား တည်းကျအောင် ပြေးကြရပါတယ်။ တကယ်တမ်း သရဲနဲ့လည်း ဆုံရော … ဓားလွတ်ကိုင် လားဟူမလည်း ဓားမကို ပစ်ချပြီး ပြေးလိုက်တာ တန်းလို့။

အိမ်ထဲမှာ ရုန်းရင်းဆန်ခတ်သံကြားတော့ လူကြီးတွေက ဘာဖြစ်တာလဲ မေးတော့တာပဲ … ။
“သရဲ … သရဲ … ဟိုနောက်ဖေးမီးဖိုထဲမှာ …”
ဟောဟဲလိုက်ပြီး ဖြေသံအဆုံးမှာတော့ …

“ဟီးးးးဟီးးးးဟီးးးးး ဟားးးးးဟားးးးးဟားးးးး”
ဆိုတဲ့ အောင်မြင်ခံ့ညားတဲ့ ရယ်သံကြီး ကြားလိုက်ရပါတယ်။

“ဟဲ့ … သရဲ ဟီတယ်တော့ …”
“ဟာ … သရဲက ဟီမလား … မြင်းမှ မဟုတ်ဘဲ …”
“မြင်းမဟုတ်လဲ ဟီနေတာပဲဟာကို … မကြားဘူးလား”
“သရဲ တွန်တာဟ”
“လုပ်ပြန်ပြီ … သရဲက ကြက်မှမဟုတ်ဘဲ တွန်ရအောင်လို့”
“မဟုတ်သေးပါဘူး … ဒီအသံမျိုး ကြားဖူးပါတယ် … သရဲက ငါတို့အသိများ ဖြစ်နေမလား … သွားကြည့်ရအောင်”
“ဟင့်အင်း မကြည့်ရဲပါဘူး…. နင့်ဟာနင်သွားကြည့်”

နောက်ဆုံးမှာတော့ ခပ်လန့်လန့်နဲ့ တယောက်ခါး တယောက်ဖက် တယောက်လက် တယောက်ဆွဲပြီး မီးဖိုထဲပြန်သွားကြည့်တဲ့အခါ …
ဝတ်ရုံဖြူကြီးကို ခွါ … အစွယ်ကြီးကိုဖြုတ်ပြီး ငုတ်တုတ်ကြီးထိုင်ရယ်နေတဲ့ သရဲကြီးကို မြင်လိုက်ရပါတော့တယ်။

တခြားသူတော့ မဟုတ်ပါဘူး။ လူစင်စစ်က ဘ၀ပြောင်းပြီး သရဲဖြစ် သွားရှာလေတဲ့ ကျမအကို တ၀မ်းကွဲပါ။ အိပ်ရာခင်း အဖြူကြီးကို ခြုံ၊ သူ့မျက်နှာက ၀က်ခြံဖုတွေကို ဖုံးလွှမ်းအောင် သနပ်ခါး ထူထူ ပိန်းကြမ်း ရိုက်ထားပြီး ပလပ်စတစ် အစွယ်တုကြီး သွားမှာတပ်လို့ ကျမတို့ကို ခြောက်လှန့်တော့ တကယ့်သရဲနဲ့ နင်လားငါလား မခြားနားတာမို့ ကျမတို့လည်း အဲဒီလို ကြောက်လန့်တကြား ဖြစ်သွားကြရတာပါ။

အင်း … တသက်နဲ့ တကိုယ် သရဲခြောက်မခံရဘူးလို့ ပြောရင် မုသားပြော တယ်ဖြစ်မှာစိုးလို့ တခါခြောက်ခံရတဲ့ အတွေ့အကြုံလေးကို ရေးလိုက်ရ ခြင်း ဖြစ်ပါတယ်။ သရဲတော့ သရဲပါပဲ … တကယ်လည်း သရဲနဲ့တူပါတယ် … ဒါပေမဲ့ သရဲအတုဆိုပါတော့လေ … ။ ဘာပဲဖြစ်ဖြစ် … ကိုထွတ်ဆီကနေ ကျမဆီ မူးတူးကြောင်တောင် ရောက်လာတဲ့ သရဲကို လဘက်ရည်နဲ့ အီကြာကွေး အ၀ကျွေးပြီး “နောက်တယောက်ဆီ” လွှတ်လိုက်ပါပြီ …. ။

ရေးချင်လည်း ရေး …
မရေးချင်လည်း အဲဒီသရဲကို တခုခု ကျွေးပြီး ဘေးမဲ့သာပေးလိုက်ပါတော့။
ဒီကနေ့တော့ ဒီလောက်ပါပဲ … ။
***
မေဓာဝီ
နိုဝင်ဘာ ၁-ရက်၊ ၂၀၀၇
နေ့ ၁၁ နာရီ ၃၅ မိနစ်

Read More...