Sunday, December 04, 2016

ဆန္ဒ

ဆန္ဒ
***

ရောင်စုံဘောလုံး ကဗျာလေး
သီကြွေးခဲ့တဲ့ ကလေးဘဝ
ပြန်ရခွင့်သာ ရှိခဲ့ရင် …
...
အမေ့ရင်ခွင်မှာ ခေါင်းတင်မှေးရင်း
သားချော့တေးချင်းတွေ နားဆင်
အိပ်ရာဝင်ခဲ့တဲ့ ကလေးဘဝ
ပြန်ရခွင့်သာ ရှိခဲ့ရင် … 
...

လိုရင် ငို - ကြည်ရင် ပြုံး
ဟန်ဆောင်မျက်နှာဖုံးတွေ မရှိ
ပကတိအပြစ်မဲ့တဲ့ ကလေးဘဝ
ပြန်ရခွင့်သာ ရှိခဲ့ရင် …
… … … …
… … … …
… … … …
ဘဝကို အသစ်က ပြန်စ
သောကမှန်သမျှ လွတ်ကင်းလို့
ငြိမ်းချမ်းခြင်းရချင်တယ် … ။ …။
***
 မေဓာဝီ
4.12.16
22:44

Read More...

Saturday, December 03, 2016

ဆင်ရာတိမ်မိုးနှင့် အများပိုင်စကားလုံးများ

စကားလုံးတွေ နာမည်ကြီးသောအခါ အများပိုင်သွားတတ်လေသည်။
.
တဦးတယောက်က စတင်တီထွင်ထားသော စကားလုံး ဖြစ်လင့်ကစား ထိုစကားလုံးကို အများက နှစ်ခြိုက်စွာ သုံးစွဲရင်း အများပိုင်ဖြစ်သွားသော စကားများရှိခဲ့ဖူးသည်။ ဥပမာ ဆိုကြပါစို့ ... ရွှေအိုရောင်။ ဆရာကြီးဒဂုန်တာရာ စတင်သုံးခဲ့သည့် စကားလုံး။ ရွှေအိုရောင် အပြင် ပန်းနုရောင်အို၊ လေနုအေး၊ ဂေါ်ဂင်နီ၊ ဝတ်လစ်စလစ်လမ်းမကြီး ... စသဖြင့် စကားလုံး အသစ်အဆန်းတွေ ဆရာကြီးက တီထွင် သုံးစွဲခဲ့သည်။ ထိုစကားများအနက်မှ ရွှေအိုရောင် ဆိုသည့် စကားလုံးကတော့ဖြင့် ယနေ့ခေတ် လူအများသုံးစွဲနေကြသည့် အများပိုင် စကားလုံး ဖြစ်၍နေချေပြီ။
.
ငယ်စဉ်က ခင်မောင်တိုးသီချင်းတွေ စွဲစွဲလမ်းလမ်း နားထောင်တော့ “ဆင်ရာတိမ်မိုး” ဆိုသည့် သီချင်းလေးကို သံစဉ် စာသားနှင့်တကွ ပေးထားသည့် ခေါင်းစဉ်လေးကိုလည်း အင်မတန် သဘောကျမိ၏။ ဆင်ရာတိမ်မိုး ... တဲ့ ... ။ သီချင်းရေးသူနှယ် ပေးတတ်လိုက်ပါဘိတော့ ... လို့ ဆိုပြီး ထိုခေါင်းစဉ်လေးအား မှတ်မှတ်ရရ ရှိနေခဲ့သည်။
.
သို့နှင့် ရှေးကဗျာ စာပေတွေနှင့် ရင်းနှီးလာစဉ် ၁၂ လရာသီမိုး ကဗျာတွင် “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်” ဟု ဖတ်လိုက်ရသည့်အခါ ဆင်ရာတိမ် ... ဆိုသည့်စကားလုံးက နဂိုကတည်းက ရှိနေနှင့်ပါလားဟု တွေးမိရင်း ဆင်ရာတိမ်မိုးကို ပို၍ စိတ်ဝင်စားခဲ့မိလေသည်။

လက်ဝဲသုန္ဒရ ရေးသည့် ရတုတွင်လည်း "နတ်ပန်းဝေမြိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊ စွတ်ရုံ ဖွဲ၏၊ သွန်းမြဲဟန်မှာ၊ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့် ... ” ဟူ၍ ဆင်ရာတိမ်မိုးက ပါခဲ့သည်။ ဒီလိုနှင့် ဆင်ရာတိမ်မိုးတွေ လိုက်ရှာရင်း ရာသီဖွဲ့ကဗျာတွေထဲမှာ (အထူးသဖြင့် နတ်တော်လဖွဲ့တွေမှာ) ဆင်ရာတိမ်မိုး အသုံးကို အများအပြား တွေ့ရသည်။
.
ဆင်ရာတိမ်မိုး၏ အနက်က ကိုယ်ထင်သလို တိမ်တွေဆင်ပြီး ရွာသောမိုး မဟုတ်ခဲ့ပြန်။ နတ်တော်လတွင် ရွာသောမိုးက ဆင်ခြေရာတိမ်သွားအောင် ရွာသောမိုး ဟူ၍ လည်းကောင်း၊ နတ်တော်လမှာ မိုးမရွာဘဲ မိုးသားတိမ်လိပ်တို့သာ ကောင်းကင်မှာ ဆင်ယင်လှုပ်ရှားကြသည်ဟူ၍ လည်းကောင်း ဆိုကြသလို ... ဆင်ခြေရာ ပျောက်ရုံ ခပ်တိမ်တိမ်ရွာသောမိုး၊ ဆင်ခြေရာ မြင်းခြေရာ တိမ်မြုပ်အောင် ရွာသောမိုးဟုလည်း ဆိုကြသည်ကို မှတ်သားခဲ့ရသည်။
.
ထိုအခါမှ ဆင်ရာတိမ်မိုး ဟူသည့် စကားသည် ခင်မောင်တိုး သီချင်းရေးသူ ကိုမောင်မောင် (အဉ္ဖလီ) ထွင်သော စကားလုံးမဟုတ်ဟု သိခဲ့ရလေတော့သည်။ သို့တိုင်လျက် ထိုတေးရေးသူကို မချီးကျူးဘဲ မနေနိုင်။ ထိုရှေးခေတ် အသုံးအနှုန်းကို သီချင်းခေါင်းစဉ်တပ်ကာ စွဲမက်ဖွယ် ရေးဖွဲ့နိုင်ပေစွဟု ကြိတ်၍ ချီးကျူး အားကျမိပါသည်။
.
ဆယ်ကျော်သက်အရွယ် ဝတ္ထုတွေဖတ်တော့ အထူးသဖြင့် နွမ်ဂျာသိုင်း ဝတ္ထုများ၏ ခေါင်းစဉ်တွေသည် ငယ်ငယ်က ကျောင်းသင်ခန်းစာ ဖတ်စာထဲက စာသားများ ဖြစ်နေသည်ကို သတိမူမိသည်။ “ဟိုဘက်ကမ်းက မီးထိန်ထိန်” “အလယ်ကလူ စကားဝဲ၏” စသဖြင့် ... ။ ထိုသည်ကို အားကျ၍ ကိုယ်တိုင် ဘလော့ကလေးမှာ ရေးခဲ့သည့် စာတချို့၏ ခေါင်းစဉ်တွေသည် ဖတ်စာထဲက စာသားများ ဖြစ်သော ”ရာသီဥတု ပူသည်” ”ညအခါ လသာသာ” တို့ကို သုံးစွဲခဲ့ဖူးသည်။
.
နွမ်ဂျာသိုင်းဆိုလို့ သူ၏ ”ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဝတ္ထုခေါင်းစဉ်သည်လည်း ရှေး ကဗျာထဲမှ စာသားပင်ဖြစ်သည်။ တွံတေးသိန်းတန်၏ နာမည်ကြီးသီချင်း "နှမလက်လျှော့ နေလေတော့" သည်ပင် ရှင်မဟာရဋ္ဌသာရ၏ ပုရေနိသင် အစချီ ပိုဒ်စုံရတုတွင်ပါသော စာသားဖြစ်နေသည်။ ရှင်မဟာရဋ္ဌသာရက ခုလိုရေးထားခဲ့သည်။

"ဤဘဝတွင် နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိးငယ်ပုံမျှ၊ ရွက်ဟုန်ကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသမြှေးထူ၊ ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။
.
ထိုသို့ ရှေးက အသုံးအနှုန်းတွေ ကဗျာစာသားတွေ ခေတ်အဆက်ဆက် ယူငင်သုံးစွဲခဲ့ကြသော်ငြား မူရင်း မည်သူမည်ဝါဟု ခရက်ဒစ်လည်း မပေးကြ။ ကြာတော့ မူရင်းရေးသူကိုပင် ပရိသတ်က မသိကြတော့။ နောက်လူတွေ ထွင်သည်ဟုသာ ထင်ကြပေလိမ့်မည်။
.
မူရင်းရေးသူတွေသာ သက်ရှိထင်ရှား ရှိနေသေးလျှင် သူတို့တီထွင် ရေးဖွဲ့ထားသည့် စာသား ယူငင်သုံးစွဲကြသည်ကို အပြစ်တင်ကြလေမည်လား … ။ လားလားမျှ မထင်ပါ။ သူတို့စကားလုံး အများသုံးကာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားသည့်အတွက် ပို၍ပင် ဝမ်းမြောက်ကြပါလိမ့်မည်။
.
စာတပုဒ်၊ စာတပိုဒ် နှစ်ခြိုက်၍ quote လုပ်ကာ ယူငင်သုံးစွဲလိုပါက မူရင်းပိုင်ရှင်ကို ညွှန်းရန် လိုအပ်ပါသော်လည်း … စကားလုံးများ နာမည်ကြီးသောအခါ အများပိုင် ဖြစ်သွားကြလေတော့သည်။
***
မေဓာဝီ
၃ ဒီဇင်ဘာ ၂၀၁၆
.
(မနှစ်က ရေးပြီး အဆုံးမသတ်ြဖစ်ဘဲ တပိုင်းတစ ဖြစ်နေတဲ့စာလေး ဖေ့စ်ဘွတ်မှာ only me လုပ်ထားတာ on this day memory မှာ ပြန်ပေါ်လာလို့ အဆုံးသတ်ပြီး တင်လိုက်ပါတယ်။)

Read More...

Thursday, November 24, 2016

မောင်ကြီးသို့ ပေးစာ ... (၂)

အမျိုးသားအောင်ပွဲ ... ကျေးဇူးတော်နေ့ 
***

မောင်ကြီးရေ … 
.
ဒီကနေ့က ရှင်မတို့ မြန်မာနိုင်ငံရဲ့ ၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ပေါ့။ မနေ့က ကျောင်းမှာ စာသင်တော့ Grade 4 က ကျောင်းသားလေးတွေကို နက်ဖြန်ကျောင်းပိတ်တယ် … ဘာဖြစ်လို့လဲ သိလားလို့ ရှင်မက မေးတော့ သူတို့သေချာမသိဘူး၊ ဒါနဲ့ … National day (အမျိုးသားနေ့) လို့ ပြောပြပြီး အမျိုးသားနေ့ရဲ့ သမိုင်းအကျဉ်းချုပ်ကိုလည်း ရှင်းပြလိုက်ရတယ်။
.
Grade 4 ကျောင်းသားလေးတွေထဲမှာ သြစတေးလျမှာမွေးဖွား ကြီးပြင်းပြီး ဒီမှာ ကျောင်းလားတက်တဲ့ ကျောင်းသားလေး တယောက်လည်း ပါတယ် မောင်ကြီးရဲ့။ သူ့နာမည်က ရော်ဘင် တဲ့။ သူ့မိဘနှစ်ပါးက မြန်မာတွေပေမဲ့ သူကတော့ မြန်မာလို မပြောတတ်ဘူး၊ သူ့ကိုယ်သူလည်း သြစတေးလျန်းလို့သာ ခံယူထားတယ်။ I’m not Myanmar လို့ မကြာခဏ ပြောတဲ့ ကလေးပေါ့။
.
အတန်းထဲမှာ သူရှိနေတဲ့အတွက် သူနားလည်အောင် အင်္ဂလိပ်လို ပြောမှရတယ်။ အမျိုးသားနေ့ရဲ့ အစက လွန်ခဲ့တဲ့ ၉၆ နှစ်ဖြစ်တဲ့ ၁၉၂၀ ခုနှစ်မှာ ဖြစ်ကြောင်း၊ အဲဒီနှစ် ဒီဇင်ဘာလ ၅ ရက်မှာ နယ်ချဲ့အင်္ဂလိပ်အစိုးရ ပြဋ္ဌာန်းတဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားတွေ မကျေနပ်လို့ သပိတ်မှောက်ကြကြောင်း … အမျိုးသားနေ့လို့ သတ်မှတ်ကြမယ်ဆိုတော့ နေ့အမျိုးမျိုးကို စဉ်းစားရာက အမျိုးသားတော်လှန်ရေး စတင်တဲ့နေ့ဖြစ်တဲ့ ကျောင်းသားတွေ သပိတ်မှောက်တဲ့နေ့ကို သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ကြကြောင်း၊ အမျိုးသားနေ့ အဓိပ္ပါယ်ပိုရှိဖို့အတွက် ဒီဇင်ဘာ ၅ ရက်လို့ မသတ်မှတ်ဘဲ မြန်မာပြက္ခဒိန်ရဲ့ တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက်နေ့ကို သတ်မှတ်တာ ဖြစ်ကြောင်း ... စသဖြင့် ရှင်မလည်း တတ်သရွေ့ မှတ်သရွေ့ အင်္ဂလိပ်လို ရှင်းပြလိုက်ရတယ်။
.
ဒါတွင်မကသေးဘူး …
မြန်မာပြည်သည် ဒို့ပြည်
မြန်မာစာသည် ဒို့စာ
မြန်မာစကားသည် ဒို့စကား
… ဆိုတဲ့ ကြွေးကြော်သံတွေကိုပါ အင်္ဂလိပ်လို ဘာသာပြန်ပြီး ဆိုပြ လိုက်ရသေးတာ။ ကိုယ့်စာ ကိုယ့်စကားကို ကလေးအရွယ်ကတည်းက တန်ဖိုးထားစေချင်လို့ပါ မောင်ကြီးရယ်။ ရှင်မတို့တိုင်းပြည်ဟာ ကိုယ်ပိုင်စာပေနဲ့ ဘာသာစကားရှိတယ်ဆိုတာကို သူတို့လေးတွေ ဂုဏ်ယူစေချင်လို့ ပါ။ များသောအားဖြင့် နိုင်ငံတကာ ကျောင်းတွေမှာ တက်ကြတဲ့ ကလေးအများစုဟာ မြန်မာစာကို ဂရုမစိုက်တဲ့အပြင် အထင်တောင် သေးကြတာကလား။ ရှင်မကတော့ မြန်မာစာ မသင်ရပေမဲ့ ကြုံရင်ကြုံသလို မြန်မာစာကို ချစ်မြတ်နိုးတတ်ဖို့ သိမ်းသွင်းဆွဲဆောင်ရတာပဲ။
.
အဲဒါနဲ့ တဆက်တည်း အခွင့်သင့်လို့ သူတို့လေးတွေကို လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စသဖြင့် မြန်မာပြည်ရဲ့ သမိုင်းဝင်နေ့တွေကို မေးကြည့်တော့ သေသေချာချာသိသူ တယောက်မှကို မရှိဘူး မောင်ကြီးရေ။ သူတို့က မသင်ရသလိုလို ဘာလိုလို ဝေ့လည်ကြောင်ပတ် လုပ်နေသေးတာ။ ဒါနဲ့ပဲ သူတို့ရဲ့ မြန်မာစာ ဖတ်စာအုပ် ထုတ်ခိုင်းပြီး ရှာကြည့်လိုက်တော့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဇန်နဝါရီလ ၄ ရက်နေ့ဟာ လွတ်လပ်ရေးအောင်ပွဲနေ့ ဖြစ်ကြောင်း ရေးထားတာ တွေ့ရတယ်။
.
ကျောင်းသားတွေဟာ သူတို့ သင်ခန်းစာထဲမှာလည်း သင်ပါလျက်နဲ့ ဒီလိုနေ့တွေကို စိတ်ဝင်စားမှု အတော်လေး အားနည်းသွားပြီ မောင်ကြီးရဲ့။ ကိုယ့်တိုင်းပြည်အကြောင်း ကိုယ် သိထားသင့်တာပေါ့ … လို့ ရှင်မကပြောတော့ ဟိုသြစတေးလျန်းလေး ရော်ဘင်က ဒါ ငါ့တိုင်းပြည် မဟုတ်ဘူး။ ငါတိုင်းပြည်က သြစတေးလျ တဲ့။ အဲဒီလို ပါဆို … ။
***
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ … နိုဝင်ဘာ ၂၄ ရက်နေ့ဟာ အမေရိကန်နိုင်ငံရဲ့ Thanksgiving day ကျေးဇူးတော်နေ့ ဖြစ်သတဲ့ မောင်ကြီးရေ။ သူတို့ဆီမှာလည်း အစိုးရ ရုံးပိတ်ရက် တရက်ပေါ့။ Thanksgiving day အကြောင်း ကြုံလို့ မောင်ကြီးကို ပြောပြရအုံးမယ်။ ၁၆၂၀ ခုနှစ် မှာ Mayflower သင်္ဘောကြီးနဲ့ အင်္ဂလန်ကနေ အမေရိကကို ရောက်လာတဲ့ ခရီးသွားတွေဟာ စစချင်း ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကို အတော်လေး ခံရစဉ်မှာရော ကောက်ပဲသီးနှံတွေ စိုက်ပျိုးရာမှာပါ ဒေသခံ အမေရိကန် လူနီတွေက ကူညီပေးခဲ့တာကြောင့် သူတို့ အဆင်ပြေခဲ့ရတယ်။ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန်ရောက်တော့ ကိုယ့်ကိုယ် ကျေးဇူးပြုခဲ့ဖူးသူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ အားလုံးဖိတ်ကြားပြီး ပျော်ပျော်ပါးပါး စားသောက်ကြသတဲ့။
.
၁၇၈၉ ခုနှစ်မှာတော့ အမေရိကန်သမ္မတ ဂျော့ခ်ျဝါရှင်တန်က နိုဝင်ဘာ ၂၆ ရက်ကို National Thanksgiving နေ့အဖြစ် သတ်မှတ်ပေးခဲ့တယ်တဲ့ မောင်ကြီးရေ ... ။ ဒီလိုနဲ့ ခေတ်အဆက်ဆက် သမ္မတအဆက်ဆက် Thanksgiving day ကို ပြောင်းလဲသတ်မှတ်ရာက ၁၉၄၁ မှာတော့ နိုဝင်ဘာလ တတိယပတ်ရဲ့ ကြာသာပတေးနေ့ကို Thanksgiving day လို့ သတ်မှတ်ပြီး အများပြည်သူ အလုပ်ပိတ်ရက် အဖြစ် ကြေငြာပေးခဲ့သတဲ့။
.
အခုခေတ်မှာတော့ Thanksgiving day က မိသားစုတွေ ပြန်လည် ဆုံစည်းကြ ညစာအတူ စားကြတဲ့ နေ့ပေါ့ မောင်ကြီးရယ်။ Thanksgiving ညစာရဲ့ ထင်ရှားတဲ့ အစားအစာတွေကတော့ မောင်ကြီး သိပြီးဖြစ်တဲ့အတိုင်း ကြက်ဆင်သားနဲ့ ရွှေဖရုံသီးမုန့်ပေါ့။
.
ဆိုတော့ မောင်ကြီးရယ် … ရှင်မက ဒီရက်နှစ်ခု လာတိုက်ဆိုင်တာကို တွေးနေမိတယ်။ ရှင်မတို့ရဲ့ အမျိုးသားနေ့ဟာလည်း တကယ်တော့ ကျေးဇူးတော် နေ့ပဲလေ။
.
ဘာလဲ … မောင်ကြီးက ဘာဆိုင်လို့လဲ ရှင်မရဲ့ လို့ တွေးနေတာ မဟုတ်လား။ ဒီလိုလေ မောင်ကြီးရဲ့။ အမျိုးသားနေ့က အစပြုလို့ ကျောင်းသားတွေဟာ အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့တယ်၊ အဲဒီမှာပဲ အားလုံးရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်တွေ ကိန်းအောင်းခဲ့ကြတယ်လေ။ အမျိုးသားစိတ်ဓာတ် ဆိုတာ ရှင်မတို့ တိုင်းပြည် လွတ်လပ်ရေး ရရာ ရကြောင်းရဲ့ အခြေခံ အုတ်မြစ်ပဲ မဟုတ်လား။
.
ရှင်မတို့တိုင်းပြည်ကြီး လွတ်လပ်ရေးရခဲ့တာ အရင်းစစ်လိုက်ရင် အမျိုးသားနေ့က စခဲ့တာမို့ အမျိုးသားနေ့ကို ကျေးဇူးတော်နေ့လို့ ဆိုတာ ရှင်မ မလွန်ပါဘူးနော် ... ။
.
တော်သေးပြီ မောင်ကြီးရေ ... ရှင်မရဲ့ စာ အဆုံးမသတ်ခင်မှာ ဆရာကြီး မင်းသုဝဏ်ရဲ့ အမျိုးသားအောင်ပွဲနေ့ မင်္ဂလာ နှုတ်ခွန်းဆက် ကဗျာလေး မောင်ကြီးဖတ်ဖို့ မျှဝေလိုက်ပါရစေ။
.
အိုးဝေတဲ့ တညံညံ၊
ရွှေဒေါင်းပျို တောင်ညိုဦးမှာ
ကျူးရင့်အောင်သံ။
.
အောင်ပွဲရယ်ခံ
နိုင်ငံတဲ့ သာရေး၊
မင်္ဂလာ စည်တော်ရွမ်းချိန်မို့
ခွန်းချိုဆက်တေး ။ ... ။ (မင်းသုဝဏ်)

***
ဒီကဗျာလေးက ၁၉၃၅ ခုနှစ် နိုဝင်ဘာလထုတ် ကြီးပွါးရေး မဂ္ဂဇင်းမှာ ပါခဲ့တဲ့ ကဗျာလေးတဲ့ မောင်ကြီးရဲ့။ ဘယ့်နှယ့်လဲ ... ။ အခုချိန်နဲ့ ကွက်တိပဲ မဟုတ်လား။ အိုးဝေသံတွေ တညံညံနဲ့ မင်္ဂလာစည်တော် ရွမ်းတဲ့အချိန် ... သြော် ... ဆရာကြီးသာ ခုနေရှိရင် တိုင်းပြည်အတွက်ရော ဆရာကြီးရဲ့ သားအတွက်ပါ ဝမ်းသာဂုဏ်ယူစွာနဲ့ ကဗျာတွေ ရေးဖွဲ့နေအုံးမှာလို့ ရှင်မတော့ ထင်မိတာပါပဲ မောင်ကြီးရေ ... ။
***
မောင်ကြီးရဲ့
ရှင်မ
မေဓာဝီ
(၂၄၊ နိုဝင်ဘာ၊ ၂၀၁၆)
အမျိုးသားအောင်ပွဲနေ့
၂၂း၃၈ နာရီ

Read More...

Tuesday, November 15, 2016

မောင်ကြီးသို့ ပေးစာ

(၁)
သူက ဗိုလ်အောင်ဒင်
***
မောင်ကြီးရေ ...
ဒီနေ့က တန်ဆောင်မုန်းလပြည့်ကျော် တရက်နေ့မို့ ကထိန်ပွဲတွေ ပြီးသွားပြီပေါ့။ ဒီနှစ်ကထိန်ရဲ့ Theme song ကတော့ "ဗိုလ်အောင်ဒင်" သီချင်း ဆိုတာ မောင်ကြီးလည်း ဖေ့စ်ဘွတ်ထဲကနေ တွေ့နေ ကြားနေရမှာပါပဲ။ ကထိန်ပွဲသာ ပြီးသွားရော မောင်ကြီး ရှင်မ အပါအဝင် လူတိုင်းပါးစပ်ဖျားမှာ ဗိုလ်အောင်ဒင် သီချင်းက စွဲကျန်ခဲ့တော့တာ ... ။ ရှင်မ ဆို ... ဟင်းချက်ရင်းလည်း ဗိုလ်အောင်ဒင် ... ပန်းကန်ဆေးရင်းလည်း ဗိုလ်အောင်ဒင် ... ဖြစ်နေတာ မောင်ကြီးရဲ့။
.
အဲဒီလို ဟိုးလေးတကျော် ဖြစ်နေတဲ့ ဗိုလ်အောင်ဒင် သီချင်းကို ဆိုတဲ့သူက မနော ... တဲ့။ မနောဆိုတာ ဘယ်သူမှန်း သေချာ မသိပေမဲ့ ဗိုလ်အောင်ဒင် ကတော့ ရှင်မ သိပ်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကား တကားပေါ့။ အဲဒီဇာတ်ကားကို စာရေးဆရာ ဒါရိုက်တာကြီး ရွှေဒုံးဘီအောင် ရိုက်ကူးပြီး ရှင်မတို့ အဘိုးရဲ့ ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီက ထုတ်လုပ်တာကြောင့်လည်း ဗိုလ်အောင်ဒင်ကို ပိုပြီး နှစ်သက် စွဲလမ်းမိတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် မောင်ကြီးရေ ... ။
.
ဗိုလ်အောင်ဒင်နဲ့ ပတ်သက်ပြီး ရှင်မသိသလောက် မောင်ကြီးကို ပြောပြရအုံးမယ်။
.
စာရေးဆရာ ရွှေဒုံးဘီအောင်ဟာ ဗိုလ်အောင်ဒင်ဇာတ်လမ်းကို ရေးပြီး အဘိုး (ဒါရိုက်တာ ဦးချန်ထွန်း)က ရိုက်ကူးဖို့ပဲ ... တဲ့။ ဒါပေမဲ့ အဘိုးက မရိုက်ဖြစ်တာနဲ့ ရွှေဒုံးဘီအောင်ကိုယ်တိုင်ပဲ ရိုက်ကူးဖို့ ဖြစ်လာခဲ့တယ်။ အဲဒီဇာတ်ကားဟာ ရွှေဒုံးဘီအောင်ရဲ့ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားတဲ့ ... မောင်ကြီးရဲ့။ သူက ဇာတ်ကားကို နာမည်ပေးဖို့ စဉ်းစားတော့ မင်းသား ခင်မောင်ရင်ရဲ့ နာမည်ရင်း အောင်ဒင် ရဲ့ အရှေ့မှာ ဗိုလ် တပ်ပြီး ဗိုလ်အောင်ဒင် လို့ အမည်ပေးခဲ့တာ ဆိုပဲ။
.
ဗိုလ်အောင်ဒင်ဇာတ်ကားမှ မင်းသားကြီး ခင်မောင်ရင်

ဗိုလ်အောင်ဒင်ရဲ့ ဇာတ်လမ်းကတော့ မောင်ကြီးလဲ သိတာပဲမို့ ထပ်မပြောတော့ပါဘူး။ မောင်ကြီးပြောတဲ့ သူခိုးငတက်ပြား ဇာတ်လမ်းလို ဗိုလ်အောင်ဒင်ကို သူတော်ကောင်း ဓားပြဗိုလ်ကြီးအဖြစ် ဆရာရွှေဒုံးက ဖန်တီးခဲ့တယ်။ နှလုံးသား ရေးရာမှာကတော့ ရာမ၊ ဒဿနဲ့ မယ်သီတာတို့ ဇာတ်လမ်းလို ဦးဘချစ်၊ ဗိုလ်အောင်ဒင်နဲ့ မမြဝင်းတို့ သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းပေါ့ ... ။ လူကြမ်းကြီး ဗိုလ်အောင်ဒင်က ဒဿလို လူစားနော် ... ။ ရာမထက် ဒဿက မယ်သီတာကို ပိုချစ်တယ်လို့ ပြောကြသလို ဗိုလ်အောင်ဒင် မမြဝင်းကို ချစ်တဲ့ အချစ်ကတော့ ကိုကိုချစ်ထက် သာတယ်လို့ ရှင်မကတော့ ထင်တာပဲ မောင်ကြီးရေ ... ။
.
ဗိုလ်အောင်ဒင်ကို ဘယ်နှစ်ခါ ပြန်ကြည့်ကြည့် မမြဝင်း လက်ကိုင်ပုဝါလေး ရွေးတဲ့အခန်းမှာ တထိတ်ထိတ် ဖြစ်နေရတုန်းပဲ။ ရှင်မကတော့ မမြဝင်းကို ဗိုလ်အောင်ဒင့် လက်ကိုင်ပုဝါကိုသာ ရွေးစေချင်ခဲ့တာ သိလား။ ဗိုလ်အောင်ဒင်က လူဆိုးပေမဲ့ သူ့ဘက်မှာ ပရိသတ်က ရှိနေတာ။ လူဆိုးကို မင်းသားအဖြစ် ပရိသတ်ကို မြင်စေခဲ့တာမှာ ဆရာရွှေဒုံးရဲ့ ဗိုလ်အောင်ဒင်က ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူထက် အများကြီးစောတာပေါ့။
.
မမြဝင်းက ကိုကိုချစ် လက်ကိုင်ပုဝါကို ရွေးချယ်မိလိုက်တော့ စိတ်ထဲ ဟင်ခနဲ ဖြစ်မိတာ အမှန်ပဲ။ ဗိုလ်အောင်ဒင် ဇာတ်ကားမှာ ကိုကိုချစ်နောက် မြက ပါသွားပေမဲ့ ဆရာရွှေဒုံးက ဗိုလ်အောင်ဒင်ပြန်လာပြီ ဆိုပြီး ဝတ္ထု ထပ်ရေးသေးတယ်တဲ့။ အဲဒီမှာ ဗိုလ်အောင်ဒင်က မြကို ချစ်တဲ့စိတ်နဲ့ မနေနိုင် မထိုင်နိုင်ဖြစ်ပြီး ကိုကိုချစ်ဆီက ပြန်သွားခိုးခဲ့တာ ဆိုပဲ မောင်ကြီးရဲ့။ အဲဒီဇာတ်လမ်းက ဝတ္ထုအဖြစ်နဲ့သာ ရှိပြီး ရုပ်ရှင် ဖြစ်မလာခဲ့ဘူး။ ဂျပန်ခေတ်မှာ ခင်မောင်ရင် ကွယ်လွန်သွားတဲ့အတွက် ဇာတ်ကား ဆက်မရိုက်နိုင်တော့ဘူးလေ။
.
ဒါပေမဲ့ ... သားဗိုလ်အောင်ဒင်ဆိုပြီး ကျော်ဆွေ၊ မြင့်မြင့်ခင်၊ ခင်အုံးမြင့် တို့နဲ့ ရိုက်ခဲ့တယ်။ ဗိုလ်အောင်ဒင်နဲ့ မြတို့ရဲ့ သားက ကျော်ဆွေ ဖြစ်လာတာ ပေါ့။ အဲဒီဇာတ်ကားလည်းပဲ အောင်မြင်ခဲ့ပါတယ်။ (ဒေါ်) ခင်အုံးမြင့်ဆို အဲဒီဇာတ်ကားနဲ့ ကျားခင်စိန် ဖြစ်လာတာပဲ မဟုတ်လား။
.
ဗိုလ်အောင်ဒင်ပြန်လာပြီ ဝတ္ထု လက်ကမ်းကြော်ငြာ

တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့က အလုပ်အားရက် စာအုပ်တွေ ရှင်းရာက အဖေ့ လွယ်အိတ်အဟောင်းလေး မွှေတော့ အဲဒီထဲမှာ ဓာတ်ပုံတပုံနဲ့ ကြော်ငြာစာရွက်ကလေးတခု ထွက်လာတယ်။ မင်းသားကြီး ခင်မောင်ရင်ရဲ့ ဓာတ်ပုံနဲ့ ဗိုလ်အောင်ဒင် ပြန်လာပြီ ဝတ္ထု ကြော်ငြာစာရွက်ကလေးပါ။ မောင်ကြီးကတော့ သိပြီးသားပေမဲ့ ... ခုခေတ် မသိသေးတဲ့ ကလေးတွေအတွက် သူဟာ ဗိုလ်အောင်ဒင် ... ဆိုတာ သိရအောင် မောင်ကြီးကတဆင့် ပြောပြလိုက်ပါအုံး ... နော်။
***
မောင်ကြီးရဲ့
ရှင်မ
.
မေဓာဝီ
၁၅၊ ၁၁၊ ၁၆

Read More...

Saturday, October 15, 2016

စနေမနက် ဈေးဝယ်ထွက်ခြင်း

မနေ့က ကလေးတွေ စာမေးပွဲ နောက်ဆုံးဘာသာဖြေပြီးတော့ ဒီကနေ့ကစပြီး သီတင်းကျွတ် ကျောင်းပိတ်ရက်ရှည် စပါပြီ။ စနေ တနင်္ဂနွေ သင်တန်းတွေလည်း ဒီတပတ် ပိတ်ထားသေးတာမို့ အနားရတဲ့ weekend ပေါ့။ ဒါနဲ့ပဲ ဒီနေ့မနက် အိမ်နားက ကျောက်မြောင်းဈေးကို သွားဖြစ်တယ်။ ဟိုရက်ပိုင်းတွေက စာမေးပွဲမေးခွန်းတွေနဲ့ အလုပ်ရှုပ်နေလို့ ကျောက်မြောင်းဈေးကို မရောက်ဖြစ်ခဲ့ဘူး။ မနက် ၇ နာရီ ဈေးကိုရောက်တော့ ဈေးကလေးက စည်ကားစပြုနေပါပြီ။
.
အမြဲဝယ်နေကျ ငါးဆိုင်မှာ လူရှင်းနေတာနဲ့ အရင်ဝင်လိုက်တယ်။ ပစွန်အလတ်စားက တဆယ်သား တထောင်၊ ဘော့ချိတ်လေးတွေက ရှစ်ရာဈေး တဲ့။ တထောင်တန်ထဲက သုံးဆယ်သား၊ ရှစ်ရာတန်ထဲက အစိတ်သား ယူလိုက်တယ်။ ငါးကြင်းဖြူ သုံးဆယ်သားနဲ့ ကကတစ် အရွယ်တော် တကောင်ထပ်ယူတော့ ငါးကြင်းဖြူက တထောင်ဈေးနဲ့ သုံးထောင်ဖိုး၊ ကကတစ်က ရှစ်ရာဈေးနဲ့ နှစ်ထောင့်ရှစ်ရာဖိုး။ စုစုပေါင်း တသောင်းရှစ်ရာဖိုးပေါ့။ သုံးလေးရက် စားမှာဆိုတော့ တန်တယ်ပဲ ဆိုပါတော့။
.
ဝက်သားဆိုင်မှာ ဝယ်နေကျအတိုင်း ငါးထောင်ဖိုးထည့်ခိုင်း လိုက်တယ်။ ပြီးခဲ့တဲ့အပတ်က မလာလို့ မျှော်နေကြောင်း၊ မအားလို့ မလာနိုင်ရင် တယောက်ယောက်ကို လွှတ်ပြီး ယူခိုင်းလို့ရပါကြောင်း ရွှန်းရွှန်းဝေအောင် ပြောရှာတယ်။ သူက ဝက် နှလုံးတွေ ကျောက်ကပ်တွေ ယူမလား မေးသေးတယ်။ ခါတိုင်းဆို ဝက်သားတုတ်ထိုး လုပ်စားဖို့ ယူဖြစ်ပေမဲ့ ခုတော့ အစ်မကြီးက ဝက်သားမစားရတော့တာမို့ မယူဖြစ်တော့ဘူး။ ဝက်သားကို တနင်္ဂနွေ ဆွမ်းလောင်းဖို့ကလွဲရင် မဝယ်ဖြစ်တော့တာ ကြာပြီ။
.
ဝက်သားဆိုင်နဲ့ မျက်နှာချင်းဆိုင်က အပျိုကြီး ညီအစ်မ နှစ်ယောက်ရဲ့ ဟင်းသီးဟင်းရွက် ဆိုင်မှာတော့ ချဉ်ပေါင်နှစ်စီး၊ ပဲပြား နှစ်တုံး၊ ကင်းပုံသီး အစိတ်သား၊ သံပုရာသီးနှစ်လုံး၊ ကြက်ဟင်းခါးသီး နှစ်လုံး၊ ခဝဲသီးတလုံး၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငရုတ်သီးစိမ်း တရာဖိုးစီ စသဖြင့် ဝယ်ခဲ့တယ်။ အားလုံးပေါင်းမှ နှစ်ထောင့် သုံးရာဖိုးထဲရယ်။ သူတို့က ကျိုက်ထီးရိုးနားက ဝေပုလ္လတောင်မှာ ကထိန်အလှူ သွားမှာမို့ ဒီကနေ့ ဟင်းသီးဟင်းရွက်တွေ သိပ်မတင်ပါဘူး။ ရှိတာလေးတွေကို လျှော့ဈေးနဲ့ ရောင်းပေးနေတာ။ မြန်မာပြည်မှာ ဈေးဝယ်ရတဲ့အထဲမှာ ဟင်းသီးဟင်းရွက် ဝယ်ရတာ အတန်ဆုံးပါပဲ။ ငရုတ်သီးစိမ်း နံနံပင် ၁၀၀ ဖိုးလောက် ဝယ်လို့ရတာ ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲ ... နော်။
.
ဟင်းရွက်ဆိုင်နဲ့ မျက်စောင်းထိုးက သစ်သီးဆိုင်မှာတော့ သြဇာသီး ငါးလုံး နှစ်ထောင့်ငါးရာ၊ ထောပတ်သီး တလုံး ၇၀၀ နဲ့ သုံးလုံး နှစ်ထောင့်တရာဖိုး ဝယ်ခဲ့လိုက်တယ်။ ဆန်းကစ်တလုံး ၇၀၀ မို့ မဝယ်ခဲ့တော့ဘူး။ မားကက်ပလေ့စ်မှာတောင် တလုံး ၅၀၀ ပဲလေ။ နက်ဖြန် လပြည့်နေ့မို့ ဈေးတက်တာလို့ ဆိုပါတယ်။ သူတို့လည်း တက်ဈေးနဲ့ ဝယ်ရတာမို့ ဈေးတင်ရောင်းရတာပါ ... တဲ့။ သူများနိုင်ငံတွေ ပွဲတော်ချိန် လျှော့ဈေးနဲ့ အပြိုင် ရောင်းကြပေမဲ့ ကိုယ့်နိုင်ငံမှာတော့ ပွဲတော်ချိန် ဈေးတက်တာ ထုံးစံပဲ မဟုတ်လား။
.
ဘုရားပန်းကို မနေ့က ရုံးက ကလေးတယောက် သွားဝယ်တာ နည်းနေတာနဲ့ ဒီနေ့ထပ်ဝယ်ရတယ်။ ဂန္ဓမာ အဖြူ အပွင့်ကြီးက ဆယ်ပွင့်ကို နှစ်ထောင်၊ အပွင့်သေးတွေက အစည်း လှလှ တစည်းမှ တထောင်ဆိုတာနဲ့ အသေးနှစ်စည်းသာ ဝယ်ခဲ့လိုက်တယ်။ သပြေအငုတ်လေးတွေက တငုတ် သုံးရာနဲ့ နှစ်ငုတ် ငါးရာဖိုး။ တခြားပန်း နွမ်းရင်သာ နွမ်းမယ်၊ သပြေပန်းလေးတွေက အမြဲစိမ်းလန်းနေတာမို့ သပြေကို မပြတ်တမ်း ဘုရားတင်ဖြစ်ပါတယ်။ ဈေးသက်သာပြီး ကျက်သရေရှိတဲ့ မြန်မာဆန်တဲ့ ပန်းသပြေလေးတွေကို ဘုရားကပ်လှူရတာလောက် စိတ်ချမ်းသာတာ မရှိဘူး။ တခြားနိုင်ငံတွေမှာတော့ ဘုရားတင်ဖို့ ပန်းတခက် တလေကိုတောင် အနည်းဆုံး ၅ ဒေါ်လာလောက် ပေးရတာလေ။
.
ကြက်သွန် အာလူး နဲ့ တိုလီမုတ်စ လိုအပ်သမျှတွေ ဝယ်ပြီး ဈေးထဲက ပြန်မထွက်ခင် ဂေါ်ရခါးသီးတွေ လတ်လို့ သုံးလုံး ငါးရာနဲ့ ဝယ်လိုက်သေးတယ်။ ဈေးဝယ်ပြီးချိန် လက်ထဲမှာ ငါးထောင်တန်တရွက်နဲ့ အကြွေတချို့သာ ကျန်ပါတော့တယ်။ လာတုန်းက ငါးထောင်တန် ခြောက်ရွက် တထောင်တန် သုံးရွက်နဲ့ ငါးဆယ် တရာ နှစ်ရာတန် တချို့ပါခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ့်ဒေသမှာ ဈေးဝယ်ရတာ သက်သာတယ်လို့ ထင်တာပါပဲ။ သားငါး အသီးအရွက် ဈေးသက်သာပြီး ကိုယ်နှစ်သက်တာတွေ ဝယ်လို့ရနေတာမဟုတ်လား။ တခုပဲ ... ဆေးမဆိုး ရေမထိုး အလေးမခိုးဘူးဆိုတာတော့ အာမ မခံနိုင်ဘူးလေ။ :)
.
ဈေးမဝယ်ခင်က ဆားဗစ်ဆင်လုပ်ဖို့ အပ်ထားတဲ့ကားက ဈေးဝယ်ပြီးချိန်မှာ ပြီးနေပါပြီ။ အတွင်းအပြင် သန့်ရှင်းရေး လေးထောင် တဲ့။ အရင်လုပ်နေကျ ဦးချစ်မောင်လမ်းက ဆိုင်ထက် ငါးရာပိုများတယ်။ အတွင်းတွေ လယ်သာပေါလစ်ရှ်လုပ်ထားတာလဲ ချွဲကျိကျိနဲ့။ ဘာပဲဖြစ်ဖြစ် ဈေးဝယ်ရင်း တလက်စတည်း ပြီးသွားတာပေါ့လို့ တွေးရင်း ဈေးစာရင်းကို စိတ်ထဲက တွက်လို့သာ အိမ်ပြန်လာခဲ့ပါတော့တယ် … ။
***
မေဓာဝီ
၁၅. ၁၀. ၁၆

Read More...

Friday, October 14, 2016

အွန်လိုင်း အင်တာဗျူး

လောကအလှအွန်လိုင်းမဂ္ဂဇင်းနဲ့ (၂၀၀၉ ဒီဇင်ဘာလမှာ) အင်တာဗျူးဖြစ်တုန်းက ဖြေခဲ့တာလေး ပြန်တွေ့လို့ ...
***

(Q) ဘယ်အချိန်ကစလို့ စာတွေရေးဖြစ်ခဲ့တာပါလဲ။
(A) ရေးတာကတော့ အလယ်တန်းကျောင်းသူ ဘ၀လောက်က စပြီး ရောက်တတ်ရာရာ ကဗျာလေးတွေ စာလေးတွေ ရေးဖြစ်ပါတယ်။ ၁၉၈၈ လောက်မှာ မဂ္ဂဇင်းကို စပို့ဖြစ်တယ်။ ပန်းဝေသီ မဂ္ဂဇင်းမှာ (ဆရာ) နွမ်ဂျာသိုင်း အယ်ဒီတာလုပ်နေတဲ့ အချိန် ကလောင်သစ်တွေကို ဖိတ်ခေါ်တဲ့ ပန်းနုသစ်သီကဏ္ဍကို ပို့လိုက်တာပါ။ ပထမဆုံးပို့တဲ့ ၀တ္ထုလေးက တနှစ်ကျော်ကျော် အကြာ (၁၉၈၉ နိုဝင်ဘာလ) မှာ ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရပါတယ်။ ၀တ္ထုနာမည်က “စိတ်ဖောက်ပြန်ခြင်း” … တဲ့။
---
(Q) မြန်မာစာကို နှံ့စပ်တဲ့ လူတယောက်ဆိုတော့ ဘယ်ဘာသာတွဲနဲ့ ကျောင်းမှာ သင်ယူခဲ့တာပါလဲ။
(A) မြန်မာစာကို မနှံ့စပ်သေးပါဘူး။ ၀ါသနာအရ လေ့လာနေတာပဲ ရှိပါတယ်။ ကျောင်းပြီးခဲ့တာကတော့ ရူပဗေဒ အဓိကနဲ့ပါ။
---
(Q) ဟိုအရင်တုန်းက ကဗျာဆိုတာ သူ့မှာနည်းစံနစ်လေးတွေရှိတယ်။ ကာရန်မိရမယ်၊ ဘာညာပေါ့။ ဒီနေ့ခေတ်မှာတော့ ကဗျာဆိုတာ လွတ်လပ်သွားတယ်။ ဘယ်လိုမျိုးကို ကဗျာလို့ ခေါ်ပါသလဲ။
(A) ရှေးကဗျာတွေမှာတော့ သူ့ရေးနည်း ဥပဒေသနဲ့ သူရှိကြတယ်။ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား စသဖြင့် သူ့စပ်နည်းနဲ့သူ ရေးဖွဲ့ကြတယ်။ ခုခေတ်မှာတော့ အရင်ကလို ဥပဒေသတွေနဲ့ စည်းကမ်းတင်းကျပ်တာမျိုး မရှိတော့ဘူး။ လွတ်လပ်သွားတယ်ပေါ့။ အဲဒီလို လွတ်လပ်သွားတယ်ဆိုပေမဲ့ ကဗျာမှာ ကာရန်မပါရင်တောင် အသံ (နရီ) တော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ အသံမပါရင် စကားပြေ ဖြစ်သွားမယ်လို့ ထင်တာပါပဲ။ (ကျမအထင်ကို ပြောတာပါ၊ မြန်မာမှာရော ကမ္ဘာမှာပါ ခေတ်အဆက်ဆက် ငြင်းနေကြတဲ့ ခေါင်းစဉ်မို့ သိပ်တော့ မပြောရဲဘူး)
.
ဘယ်လိုမျိုးကို ကဗျာလို့ခေါ်လဲ ဆိုတာတော့ ကဗျာဆရာမဟုတ်လို့ မပြောတတ်ပါဘူး။ ခုခေတ်ပညာရှင်တွေ ကဗျာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြသလဲ မသိပါ။ ရှေးပညာရှင်ကြီးတွေကတော့ ကဗျာဆိုတာ ပညာရှိတို့ရဲ့ ဥစ္စာလို့ ဆိုကြတယ်။ ကျမ်းကိုးပြီးပြောရရင်တော့ ကဗျာသင်္ဂဟမေဒနီထဲမှာ ခုလိုဖော်ပြထားပါတယ်။
.
“က၀ီဟိဗန္ဓိတဗ္ဗန္တိကဗျံ - ပညာရှိတို့ ဖွဲ့ဆို သီကုံး အပ်သောကြောင့် ကဗျာမည်ကြောင်း, က၀ီနံ ဣဒန္တိ ကဗျံ - ပညာရှိတို့သာ ဖွဲ့ဆိုနိုင်၍ ပညာရှိတို့၏ ဥစ္စာရတနာ ဖြစ်သောကြောင့် ကဗျာမည်ကြောင်းကို ကျမ်းအစောင်စောင်တွင် ပညာရှိ အသီးသီးတို့ မိန့်ဆိုတော် မူခဲ့ကြသည့်အတိုင်း ကဗျာတခု ဖွဲ့လိုသောသူသည် မြန်မာမှု, သဒ္ဒါနည်း, အလင်္ကာနည်း, ဆန်းနည်း, ကာရန်ယူနည်း, ကာရန်လွှဲနည်း, ကာရန်ခံနည်း, ကာရန်အုပ်နည်း, အကျဉ်းကို အကျယ်ပြုနည်း, အကျယ်ကို အကျဉ်းပြုနည်း, ချီ-ချ နည်း, ကြိယာထားနည်း, တော-ရပ်-ဖြတ်-စပ်နည်း စသော အချက်အလက်များနှင့် စကားပရိယာယ် ကြွယ်ဝရခြင်း, စကားလုံး သိမ်မွေ့ရခြင်း, အဓိပ္ပါယ် စုံလင်ပြည့်ဝစေခြင်း, တော-တောင်-ရေ-မြေ ဗဟုဿုတ, ဒေသန္တရ ဗဟုဿုတ, စာပေ ဗဟုဿုတရှိခြင်း စသည်များကို လိမ်မာ ကျွမ်းကျင်ပြီးရုံသာမက- မိမိစပ်လိုသော ကဗျာလင်္ကာကို အနည်းဆုံး ၂-ပုဒ် ၃-ပုဒ်ခန့် ရရှိထားပြီးလည်း ဖြစ်ရပေသည်၊ ထို့ကြောင့် ကဗျာဟူသည် ပညာရှိတို့၏ ဥစ္စာရတနာ ဖြစ်သည်-ဆိုခြင်းမှာ အလွန် လျော်ကန်လှပေသည်။”
.
အဲဒါကိုဖတ်ပြီး ကဗျာရေးဖို့ လက်တွန့်ခဲ့ဖူးတယ်။
---
(Q) မော်ဒန်၊ ပို့စ်မော်ဒန် ကဗျာဆိုတာတွေကိုရော နှစ်သက်ပါသလား။
(A) ဘယ်လိုကဗျာအမျိုးအစားမဆို ခံစားလို့ရရင် နှစ်သက်တာချည်းပါပဲ။ နားမလည်ရင်တော့ ခံစားလို့မရဘူး … မကြိုက်ဖူး ဆိုပါတော့။
---
(Q) စာရေးဆရာဆိုတာ ကိုယ်ရေးတဲ့စာကို တာဝန်ယူရတယ်ဆိုတာ… အဲဒီ သဘောထားအမြင်လေးကို ရှင်းပြပါလား။
(A) စာရေးဆရာမှ မဟုတ်ပါဘူး။ စာရေးသူတိုင်းဟာ မိမိရေးတဲ့စာအပေါ်မှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ စာတပုဒ်ရေးပြီး .ကိုယ့်နာမည်တပ်လိုက်တာနဲ့ ဒီစာနဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ ကိုယ့်အပေါ်မှာ မူတည်သွားပါပြီ။ ဒီစာရဲ့ အကျိုးဆက်ဟာ ကိုယ့်အပေါ်မှာ တာဝန်ရှိသွားပါပြီ။
.
စာရေးဆရာမ ဂျူးကတော့ ခုလိုရေးဖူးတယ်။
“စာရေးသူတိုင်းသည် ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးနေသူများ ဖြစ်သောကြောင့် တာဝန်အလွန်ကြီးပါသည်။ ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့်ရင်းရမည်။
ထိုဂုဏ်သိက္ခာကိုလည်းကျွန်မတို့ဖတ်သော စာအုပ်များက ပေးအပ်ပါလိမ့်မည်။” တဲ့။
---
(Q) စာရေးသူ၊ စာဖတ်သူ ဆိုတဲ့ သဘောထား အမြင်လေးကရော။
(A) စာရေးသူတွေဟာ စာဖတ်သူဘ၀က စခဲ့တာပါပဲ။ စာဖတ်သက် ရင့်လာတာနဲ့အမျှ ကိုယ်ဖတ်ခဲ့တဲ့ စာတွေကို အားကျပြီး စာရေးချင်စိတ် ဖြစ်လာတယ်။ ကိုယ့်အတွေ့အကြုံ ကိုယ့်အတွေးအခေါ်တွေကို ပြန်လည် မျှဝေချင်လာတယ်။ ဒီလိုနဲ့ စာဖတ်သူကနေ စာရေးသူ ဖြစ်လာတယ်။ စာရေးသူဖြစ်လာတော့လည်း ရေးချည်းနေလို့ မရပါဘူး။ ဖတ်လည်း ဖတ်နေရဦးမှာပါပဲ။
.
စာရေးသူ စာဖတ်သူနဲ့ ပတ်သက်ပြီး ဘလော့မှာ စာတပုဒ် ရေးခဲ့ဖူးပါတယ်။ 
အတိုချုပ် ပြောရရင်တော့ စာရေးသူတယောက် ရေးလိုက်တဲ့ စာတပုဒ်ကို စာဖတ်သူတွေက ရှုထောင့်အသီးသီးကနေ ခံစားခွင့် ရှိတယ်။ ဖြန့်ထွက်တွေးခွင့်ရှိတယ် ဆိုတာပါ။ ဒီလိုတွေးတော ခံစားလိုက်တဲ့အခါမှာ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျနဲ့ လွဲသွားတတ်တာမျိုး (အဆိုးဘက် တိမ်းသွားတာမျိုး) ဖြစ်တတ်တာမို့ စာရေးသူတွေက အင်မတန် သတိထားရပါတယ်။ ဒါကြောင့်မို့လည်း စာရေးသူတွေက ကိုယ်ရေးတဲ့စာအပေါ်မှာ တာဝန်ရှိတယ်လို့ ဆိုခဲ့တာပါ။
---
(Q) ရေးတဲ့အခါမှာ စာဖတ်သူကို တစ်ခုခု ပေးလိုက်မယ်လို့ ရည်ရွယ်ရေးတာလား ဘယ်လို မု(ဒ်)မျိုး နဲ့ရေးပါသလဲ။
.
(A) တခုခုပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လို့ပြောရင် ဆရာကြီးလုပ်တယ် ထင်ကြဦးမယ်။ ဆရာလုပ်လိုတဲ့ စိတ်နဲ့ ရေးတာ မဟုတ်ပေမဲ့ တကယ်တမ်း စာဖတ်သူတွေ တခုခုရစေချင်ပါတယ်။ ဥပမာ - ဘာသာရေးနဲ့ ပတ်သက်တာမျိုး ရေးရင် ဘာသာရေး အသိလေးတွေ ရစေချင်တာမျိုး၊ ရသစာပေ ရေးရင်ကတော့ … (ဦး) သုမောင်ပြောတဲ့ ကွမ်းစကားလိုပေါ့။ အရည်မရ အဖတ်မရပေမဲ့ ရသတမျိုးမျိုး စာဖတ်သူမှာ ခံစားကျန်ရစ်တယ်ဆိုရင် ကိုယ်ရေးရကျိုးနပ်တာပါပဲ။
---
(Q) အလုပ်တစ်ခု လုပ်တယ်ဆိုရင် အကောင်းအဆိုး ဒွန်တွဲနေတတ်ပါတယ်။ ရသစာပေတွေ ရေးတဲ့အခါ မြန်မာစာနဲ့ ပတ်သက်လို့ ဆောင်းပါးလေးတွေ ရေးတဲ့အခါမှာ အကောင်းလို့ ယူဆရပေမယ့် အဆိုးအနေနဲ့ ကြုံတွေ့ရတာလေးတွေ ရှိပါသလား။ အင်တာနက်မှာ စာရေးတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ရှိပါသလား။
.
(A) အကောင်းရေးပေမဲ့ အဆိုးနဲ့ ကြုံရတာမျိုးတွေ ရှိပါတယ်။ ကိုယ်ကလဲ အရေးမတတ်တာ ပါမှာပေါ့လေ။ ကြာတော့လဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။ စိတ်အနှောက်အယှက် ဖြစ်စရာတွေလည်း တခါတလေ ကြုံရပါတယ်။ ဒါပေမဲ့ စာရေးတာ ၀ါသနာပါနေတော့ ဘယ်လိုပဲ ကြုံကြုံ ရေးနေမိဦးမှာပါပဲ။
---
(Q) ခုလောလောဆယ် ဘာတွေ လုပ်နေပါသလဲ။
(A) ကျောင်းသားပြန်လုပ်နေပါတယ်။
---
(Q) စိတ်ဖိစီးမှုတွေကို ဘယ်လိုပြေပျောက်အောင် လုပ်ပါသလဲ။
(A) တခါတလေ သီချင်းနားထောင်တယ်၊ ဆိုတယ်။
ဒါနဲ့မှ မပျောက်ရင် တရားနာတယ်။ မေတ္တာပို့တယ်။
ဒါနဲ့မှ မရရင်တော့ တရားထိုင်ပါတယ်။
---
(Q) အားလပ်ချိန်မှာ ဘာတွေ လုပ်ပါသလဲ။
(A) များသောအားဖြင့် အင်တာနက်မှာ အချိန်ကုန်တာ များတယ်။ စာတွေလိုက်ဖတ်တာပေါ့။ ဒီထက် အချိန်ပိုရရင် စာရေးတယ်။ တခါတလေတော့ စာလဲ မဖတ်၊ စာလဲမရေးဘဲ စိတ်အပြောင်းအလဲ ဖြစ်အောင် ရုပ်ရှင်ကြည့်ပါတယ်။
---
(Q) ယနေ့ခေတ်လူငယ်တွေကို ဘယ်လိုမြင်မိပါသလဲ။
(A) ကိုယ့်ထက်ပိုတော်ကြပါတယ်။
---
(Q) စာဖတ်သူများကို ဘာများပြောချင်တာ ရှိပါသလဲ။
(A) စာဖတ်သူတွေ စာဆက်ဖတ်ကြပါလို့ …
စာမဖတ်သူတွေကိုလည်း စာဖတ်ဖို့ အားပေးတိုက်တွန်းကြပါလို့ ပြောချင်ပါတယ်။
.
ခုလို တကူးတက အင်တာဗျူးတဲ့ လောကအလှကို ကျေးဇူးတင်ပါတယ်။
***
(မေးသူ - ဟနစံ။ ဖြေဆိုသူ - မေဓာဝီ)

Read More...

Thursday, October 13, 2016

... အတူ ...

အတူ

***
အတူပြုဖူးတဲ့ ကုသိုလ်တွေ
အတူနေခဲ့တဲ့ နေ့ရက်များ
အတူစားခဲ့တဲ့ မနက်စာ...
အတူသာယာခဲ့တဲ့ အချိန်များ
အတူသွားခဲ့တဲ့ စာပေပွဲ
အတူတွဲထားတဲ့ လက်နှစ်ဖက်
အတူနှစ်သက်တဲ့ နေရာလေး
အတူအလေးထားတဲ့ ပုဂ္ဂိုလ်တွေ
ကို နဲ့ မေ … နှစ်ယောက်တဘဝ
အတူလျှောက်ကြတဲ့ လမ်းခရီးမှာ
နီးနီးဝေးဝေး မညည်းကြေးသွားမယ်လေ …
***
မေဓာဝီ
13.10.16
18.45

Read More...

Wednesday, September 28, 2016

တရေးနိုး ... ဖိုးလမင်းနဲ့ ကိုပွ

ညက ... မအိပ်ခင် ကော်ဖီနဲ့ ရေနွေးကြမ်း သောက်တာ များသွားပြီး ၂ ချက်ခွဲလောက်မှာ ဆီးသွားချင်လို့ နိုးလာတယ်။ ...အိမ်သာသွားဖို့ မီးဖိုခန်းထဲ ဝင်တော့ ပြတင်းပေါက်က အလင်းရောင်ကြောင့် မီးဖိုးခန်းထဲမှာ လင်းနေတာပဲ။ ဒါနဲ့ အိမ်သာမဝင်ခင် ပြတင်းပေါက်နား အရင်သွားပြီး ကောင်းကင်ကို မော့ကြည့်တော့ လမင်းကြီးသာနေလိုက်တာ ကောင်းကင်တခွင်လုံး လင်းထိန်လို့။ ဖုန်းကလဲ အိပ်ရာထဲမှာ ကျန်ခဲတော့ ဓာတ်ပုံ ရိုက်ချင်ပေမဲ့ မရိုက်လိုက်ရဘူး။ ကိစ္စဝိစ္စပြီးလို့ အိပ်ရာထဲ ပြန်ရောက်တော့ မျက်လုံးက ကျယ်ပြီး မအိပ်ချင်သေးတာနဲ့ ခေါင်းအုံးဘေးက ဖုန်းကလေးယူ ဖေ့စ်ဘွတ်ထဲ ဟိုကြည့် ဒီကြည့် လုပ်နေမိတယ်။ 
.
ထိန်ထိန်သာနေတဲ့ လမင်းကြီးပုံတွေ ရိုက်ပြီး တင်ထားကြတဲ့ မိတ်ဆွေတချို့ရဲ့ ပို့စ်တွေလည်း မြင်တော့ ဓာတ်ပုံမရိုက်ခဲ့မိလေခြင်းလို့ စိတ်ထဲတွေးရင်း ဟိုဟိုဒီဒီဖတ်နေတုန်း ကိုပွရဲ့ ပို့စ်အသစ်ကို တွေ့လိုက်တော့ ဝမ်းသာအားရ ဖတ်ဖြစ်သွားတယ်။ အများသိကြတဲ့အတိုင်း ကိုပွရဲ့ ပို့စ်က ဟာသတွေချည်းမို့ ဖတ်ရင်း ပြုံးစိပြုံးစိ အသံမထွက်ဘဲ ရယ်နေမိတယ်။
 .
ကိုပွအမေ့ခြေရာယူနေတုန်း ဆန်ခံလာတဲ့ သီလရှင် ရောက်လာတဲ့ အခန်းဖတ်နေတဲ့အချိန် ဘေးနားမှာ အိပ်မောကျနေတဲ့ အကိုက ဟိုဘက်ဒီဘက် လှည့်ရင်း နိုးလာတာမို့ ဖုန်းကို အသာပိတ်ပြီး သူ့ဘက် လှည့်လိုက်တယ်။ သူက ကိုယ့်ကိုကြည့်ပြီး ...

" မေ ... ဘာဖြစ်လို့လဲ" လို့ မေးတော့

"ဘာမှ မဖြစ်ပါဘူး ... ဟိဟိ"

ကိုယ်ကလည်း ရယ်ချင်စိတ်က မဖျောက်နိုင်သေးတော့ ဘာမှမဖြစ်ဘူးသာ ပြောရတာ မျက်နှာက ပြုံးစိစိ ပါးစပ်ကလည်း ဟီဟိ လို့ ထွက်သွားတော့ ... သူက ထပ်မေးပြန်တယ်။

"ဘာတွေ သဘောကျနေတာလဲ မေ"

ဒီအချိန်ကြီး ဖေ့စ်ဘွတ်ထဲက ကိုပွစာကို ဖတ်ပြီး ရယ်နေတာ မပြောချင်လို့ ခုလို ပြောလိုက်တယ်။

"ခုနကလေ ... မေ ရှူရှူးသွားပေါက်တော့ ပြတင်းပေါက်ကနေ လမင်းကြီးသာနေတာ မြင်လို့"

ဘာမှတော့ မဆိုင်ဘူး၊ ပါးစပ်ထဲတွေ့ရာ လျှောက်ပြောလိုက်တာ။

"ဟင် ... ဘယ်လို"

"ဖိုးလမင်းကြီးလေ ... သာနေလိုက်တာ လင်းထိန်နေတာပဲ ကိုရဲ့ အာ့ကြောင့်"

"အမယ် ... လျှောက်ပြောနေတယ် ... အဲဒါ ... ကို အိပ်ရင်း ဖောင်ပြင်နေတာ မြင်လို့ ပြောတာ မဟုတ်လား"

သူပြောမှ ကိုယ်က ပိုရယ်ချင်သွားရော ...

"ဟီးဟီး .... အင်း အင်း ... ဟုတ်တယ်"
ပြီးပြီးရော အင်း ... လိုက်တော့ ထပ်မေးသေးတယ်။

"အဲဒီတော့ မေက ဘာလုပ်လိုက်လဲ"

"မေကလား ... ဓာတ်ပုံရိုက်လိုက်တယ်"

သူ့ကို စ-ချင်တာနဲ့ အဲလို ပြောပြီး တခွိခွိရယ်မိတော့ သူက "ကြည့်စမ်း တော်တော်ဆိုးတဲ့ မေ" လို့ ပြောပြီး
"ဘယ်နှနာရီ ရှိပြီလဲ ... မေ" တဲ့ မေးတယ်။

"၃ နာရီထိုးပြီ"

"ဒါဆို ပြန်အိပ်လိုက်အုံးမယ်။ ၅ နာရီ နှိုးနော်"

ပြောပြီး တခေါခေါ ပြန်အိပ်ပျော်သွားပါရော။ ရယ်ချင်လွန်းလို့ မအိပ်နိုင်တဲ့ ကိုယ့်မှာတော့ ကိုပွကို ပြန်ဖွင့် ဆုံးအောင်ဖတ်၊ အသံမထွက်အောင် ရယ်၊ သူပြောတာတွေကို ပြန်စဉ်းစားပြီရယ် ... မနက်ကျမှ ဒါကို ပို့စ်တင်ရမယ်လို့ တွေး .... ရယ်ရင်း တွေးရင်း ၅ နာရီ ထိုးခါနီးမှ မှေးခနဲ ပြန်အိပ်ပျော်သွားပါတော့တယ်။
***
မေဓာဝီ
၂၈၊ ၀၉၊ ၁၅

(မနှစ်က ဖေ့စ်ဘွတ်မှာ ရေးခဲ့တာလေးပါ။)

Read More...

Sunday, September 11, 2016

ပီတိ


ပီတိ
***
မြေးနှင့် အဘွား 
သားနှင့် အမိ
ဆုံတွေ့သည့်ခိုက်
သည်းလှိုက်ပီတိ
ရင်ဝယ်ငြိသည်
အမိ ဝမ်းမြောက်ပါစေသောဝ်။ 
***
မေဓာဝီ
၁၁ စက်တင်ဘာ၊ ၂၀၁၆
၂၃း၀၄ နာရီ

Read More...

Friday, September 09, 2016

ရထားသံလမ်းပေါ်က ကဗျာနှစ်ပုဒ်

မနှစ်က ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ ကဗျာနဲ့ ဒီနှစ်တင်ဖြစ်တဲ့ ကဗျာ ... တိုက်တိုက်ဆိုင်ဆိုင် ဓာတ်ပုံလေးတွေက ရထားသံလမ်းလေးတွေချည်း ဖြစ်နေတယ်။ မနှစ်က ကဗျာရဲ့ ဓာတ်ပုံက အင်္ဂလန်နိုင်ငံ South Stafford-shire နယ်က Bilbrook ဆိုတဲ့ ရွာငယ်ကလေးရဲ့ဘူတာရုံ ရထားသံလမ်းပါ။ အင်္ဂလန်မှာနေတုန်းက အလုပ်သွား ကျောင်းသွားရင် အိမ်နဲ့ မနီးမဝေးက အဲဒီဘူတာလေးကနေ တခါတလေ ရထားစီးဖြစ်တယ်။ များသောအားဖြင့်ကတော့ ဘတ်စ်နဲ့သွားတာပါပဲ။ ရထားစီးဖြစ်တဲ့အခါ ဘူတာရုံလေးမှာ စောင့်နေရင်း ဘုရားစာရွတ်တဲ့အခါရွတ်၊ ဟိုငေး ဒီငေး ဟိုတွေးဒီတွေး တွေးတဲ့အခါ ငေးလို့ တွေးလို့ပေါ့။ မနှစ်က ဒီဓာတ်ပုံလေးကို အယ်လ်ဘမ်ထဲ ပြန်တွေ့ပြီး ကဗျာလေး ရေးဖြစ်သွားခဲ့ပါတယ်။ 
.
ပိုင်ဆိုင်ခွင့်ရတဲ့ခဏ
ဘဝဆိုတာက တိုတိုလေး ... 
.
ခွန်းဆက်ဖို့ပြင်နေဆဲ 
နှုတ်ဆက်လို့ ခွဲခဲ့ရတဲ့အခါ
ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့မိတယ်။ 
***
၁ဝ၊ ၉၊ ၂၀၁၄ 
***
နောက်တပုံကတော့ သြဂုတ်လထဲမှာ ကျောင်းက ကျောင်းသားတွေနဲ့ တိုက်ကြီးမြို့နယ်ကို ရေဘေးကယ်ဆယ်ရေး ပစ္စည်းတွေ သွားလှူတော့ ကယ်ဆယ်ရေးစခန်း လုပ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းနားမှာ တွေ့ရတဲ့ ရထားသံလမ်းလေးကို သဘောကျလို့ ရိုက်ထားခဲ့လိုက်တယ်။ မိုးရာသီမို့ ပတ်ဝန်းကျင်မှာ စိမ်းစိုနေတာပဲ။ အစိမ်းရောင်တွေ ကြားမှာ လဲလျောင်းနေတဲ့ သံလမ်းလေးရဲ့ ဘေးတဘက်တချက်မှာ ကျွန်းပင်တန်းနဲ့ ... ။ ဒီသံလမ်းလေးတွေကို ကြည့်ပြီး ကဗျာတပုဒ် ရေးဖြစ်ခဲ့တယ်။ 
.

သံလမ်းများ
***
ဘယ်မှာ ဆုံမလဲ
ဘယ်မှာ ဆုံးမလဲ
... ... ... ... ... 
... ... ... ... ...
... ... ... ... ...
ဘဝရထားကြီးကို ကျောမှာပိုးရင်း  
မညည်းမညူ ခရီးအတူ သွားခဲ့တယ်။
***
မေဓာဝီ
၉၊ ၀၉၊ ၂၀၁၆

Read More...